နာဆာမှ ကမ္ဘာ့အကြီးဆုံး အာကာသကြည့် မှန်ပြောင်းကြီးကို အာကာသထဲသို့ လွှတ်တင်

နာဆာက ဂျိမ်းစ်ဝက်ဘ်(James Webb)လို့ အမည်ပေးထားတဲ့ အာကာသကြည့် မှန်ပြောင်းကြီးကို မနေ့က ခရစ္စမတ်နေ့မှာပဲ အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

တောင်အမေရိကရဲ့ အနောက်မြောက်ဖက် ပြင်သစ် ဂီယာနာကျွန်းပေါ်က ဥ‌ရောပ အာကာသစခန်းကနေ အာရီယန် ၅ (Ariane 5) ဒုံးပျံဖြင့် သယ်ဆောင်ကာအာကာသထဲသို့ လွှတ်တင်ခဲ့တာပါ။

ဂျိမ်းစ်ဝက်ဘ် အကာသကြည့် မှန်ပြောင်းကြီးကို အမေရိကန် ပြည်ထောင်စု နာဆာ အာကာသ အေဂျင်စီနဲ့ ဥရောပ အာကာသ အေဂျင်စီတို့ ပူးပေါင်းတည်ဆောက် ခဲ့တာဖြစ်ပါတယ်။

ဂျိမ်းစ်ဝက်ဘ် အကာသကြည့် မှန်ပြောင်းကြီးကို ဒေါ်လာ ၁၀ ဘီလီယံ အကုန်အကျခံ တည်ဆောက်ထားတာဖြစ်ပြီး အာကာသထဲ လွှတ်တင်ခဲ့ဖူးသမျှ မှန်ပြောင်းတွေထဲမှာ အကြီးဆုံး နက္ခတ်တာရာကြည့် မှန်ပြောင်းကြီးလည်း ဖြစ်ပါတယ်။

ဒီမှန်ပြောင်းကြီးကို ကမ္ဘာမြေနဲ့ ကီလိုမီတာ ၁ ဒသမ ၆ သန်း အကွာ အဝေးအထိ လွှတ်တင်မှာဖြစ်ပြီး သတ်မှတ်ထားတဲ့ နေရာကို ရောက်ဖို့ တစ်လ အချိန်ယူရမှာဖြစ်ပါတယ်။အဲဒီနောက်မှာလည်း အာကာသထဲမှာ ရှိနေတဲ့အရာတွေကို သဲသဲကွဲကွဲ မြင်တွေ့နိုင်ဖို့အတွက် နောက်ထပ် ၅ လ အချိန်ယူရမှာ ဖြစ်ပါတယ်။

ဒီမှန်ပြောင်းကို အသုံးပြုပြီး အရင်က တခါမှ မလေ့လာခဲ့ဖူးတဲ့ စကြာဝဠာ ဖြစ်တည်စ အစောပိုင်းက ခေတ်ဦးဂလက်ဆီ ကြယ်စု တွေကို လိုက်ပြီး ရှာနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး အရင် မကြည့်နိုင်ခဲ့တဲ့ ထူထဲတဲ့ အာကာသ ဓါတ်ငွေ့တိမ်တိုက်ကြီးတွေထဲက ကြယ်သစ်တွေ ဂြိုလ်သစ် တွေ ဖြစ်နေတာကိုလဲ လေ့လာနိုင်တော့မှာပါ။

ဒီမှန်ပြောင်းကြီးကို လွှတ်တင်ရတဲ့ ရည်ရွယ်ချက်တွေ ထဲက တခုကတော့ Dark Matter ခေါ်တဲ့ အမှောင်ဒြပ် ကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။ စကြာဝဠာ အတွင်းမှာ ပျံ့နှံ့နေတဲ့ အမှောင်ဒြပ်တွေ ရှိနေနိုင်တဲ့ နေရာတွေကို ရှာဖွေပြီး မှတ်တမ်းတင် လေ့လာခြင်းအားဖြင့် ဒီ လျှို့ဝှက်ဆန်းကျယ်တဲ့ အမှောင်ဒြပ် (Dark Matter) အကြောင်းကို သိရှိနိုင်ဖို့ ဖြစ်ပါတယ်။

အာကာသ သိပ္ပံပညာရှင် တွေကတော့ ဒီမှန်ပြောင်းကြီးဟာ အာကာသသိပ္ပံကို တစ်ခေတ် ဆန်းသစ်စေမယ့် မှန်ပြောင်းကြီးလို့ မှတ်ချက်ပေး နေကြပြီး နဂါးငွေ့ တန်းတွေ၊ ကြယ်တွေကို အနီးကပ်ဆုံး အနေအထားနဲ့ မြင်တွေ့ရမှာပါ။

ဒီမှန်ပြောင်းကြီးကြောင့် အာကာသထဲက ဂြိုဟ်တွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေ၊ ဂြိုဟ်တွေပေါ်မှာ လူနေထိုင်နိုင်မှု ရှိ၊ မရှိ တွက်ချက်နိုင်ခြင်းတွေကို ပိုပြီးတော့ လုပ်ဆောင်လာနိုင်မှာ ဖြစ်တယ်လို့ နာဆာရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဆိုပါတယ်။

ဒီတယ်လီစကုပ်ကြီးကနေ ဂြိုဟ်သားတွေကို ဖော်ထုတ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။နောက် ၆ လလောက်ဆိုရင် အင်မတန် စိတ်ဝင်စားစရာတွေ တွေ့ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။