လေလံသမိုင်းတစ်လျှောက် တန်ကြေးအကြီးဆုံးဖြစ်ခဲ့တဲ့ ပန်းရောင်စိန်ပွင့်

လေလံသမိုင်းတစ်လျှောက် တန်ကြေးအကြီးဆုံးဖြစ်ခဲ့တဲ့ ပန်းရောင်စိန်ပွင့်

ဒီတစ်ခေါက်မှာတော့ စာဖတ်ပရိသတ်တွေကို လေလံပွဲတွေမှာ ရောင်းချဖူးခဲ့သမျှ တန်ကြေးအကြီးဆုံး၊ ကမ္ဘာ့ စျေးအကြီးဆုံး လက်ဝတ်ရတနာတစ်ခုအကြောင်းကို ဗဟုသုတရဖွယ်ရာ တင်ဆက်ပေးသွားချင်ပါတယ်။

ဒီလက်ဝတ်ရတနာကတော့ စိန်အမျိုးအစားဖြစ်ပြီး Pink Star Diamond လို့ အမည်ရပါတယ်။

၂၀၁၇ ခုနှစ်၊ ဧပြီလက ဟောင်ကောင် လေလံပွဲ Sotheby’s မှာ ဒေါ်လာ ၇၁.၂ သန်းဖြင့် ရောင်းချခဲ့ရာမှာ သမိုင်းတစ်လျှောက် တန်ကြေးအကြီးဆုံး လက်ဝတ်ရတနာဆိုတဲ့ စံချိန်ကို ရယူသွားခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ တစ်ခုတည်းသောနဲ့ တန်ဖိုးအကြီးဆုံး စိန်ပွင့်အဖြစ်လည်း မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

စိန် ၅၉.၆၀ ကာရက် (စတော်ဘယ်ရီသီးအရွယ်အစားခန့်) နဲ့အတူ ပန်းရောင်အဆင်းရှိတဲ့ အတွင်းပိုင်း ချို့ယွင်းချက်မရှိသော စိန်ဟာ အရွယ်အစားနဲ့ အရည်အသွေးကိုပဲ ကြည့်မယ်ဆိုရင် အခြားသော လက်ဝတ်ရတနာတွေက ယှဥ်နိုင်မှာ မဟုတ်ပါဘူး။

ဒီတော့ အခြေခံအားဖြင့် အဖိုးမဖြတ်နိုင်တဲ့ အရာတွေအတွက် စျေးနှုန်းကို ဘယ်လို အကဲဖြတ်နိုင်မလဲဆိုရင် အခုလို အရည်အသွေးနဲ့ အရွယ်အစားကို ယှဥ်ပြိုင်တုပဖို့ နီးစပ်တဲ့ အခြားသော လက်ဝတ်ရတာကို မတွေ့နိုင်ခဲ့တာကြောင့် ဒေါ်လာ သန်း ၇၀ ကျော်ဆိုတာဟာလည်း ထိုက်တန်မှုရှိတဲ့ ပမာဏပါပဲ။

ကျွမ်းကျင်သူတစ်ဦးကတော့ ကမ္ဘာပေါ်မှာ ၂၀ ကာရက်ထက် ပိုတဲ့ ပန်းရောင်စိန်တွေ အများကြီးရှိပေမဲ့ ဒီလို တောက်ပဆင်းလုံးချောနေတဲ့ ပန်းရောင်တွေကိုတော့ တွေ့ရဖို့ ဖြစ်နိုင်ချေ နည်းပါတယ်လို့ ဆိုခဲ့ပါတယ်။

တစ်ဖက်မှာလည်း အရည်အသွေးမြင့်တဲ့ စိန်တွေဟာ သမိုင်းကြောင်းအရ အထွက်နှုန်း နိမ့်ဆင်းလာခဲ့တယ်လို့ ဆိုထားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အရှားပါးဆုံး ပန်းရောင်စိန်ပွင့်

လွန်ခဲ့တဲ့ နှစ် ၃၀ လောက်မှာတော့ သြစတြေးလျနိုင်ငံ၊ အနောက်ခြမ်းရှိ Argyle သတ္တုတွင်းဟာ ပန်းရောင်စိန်များရဲ့ အဓိက အရင်းအမြစ်ဖြစ်ခဲ့ပြီး (ကမ္ဘာပေါ်က ပန်းရောင်စိန် ၈၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးခဲ့) မိုင်းတွင်းရဲ့ နှစ်စဉ်ထွက်ရှိမှုနှုန်းဟာ ကာရက် သန်း ၂၀ ထက်မနည်း ရှိခဲ့ပါတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ ထိုသတ္တုတွင်းဟာ ၂၀၂၀ ခုနှစ်မှာ ကုန်ခမ်းပြီး ပိတ်သွားခဲ့တာကြောင့် ယခု ပန်းရောင်စိန်များဟာ ကမ္ဘာပေါ်မှာ အလွန့်အလွန်ကို ရှားပါးလာခဲ့တာဖြစ်ပါတယ်။

CTF Pink Star ရဲ့ သမိုင်းကြောင်း

ဒီပန်းရောင် စိန်ပွင့်ကို ၁၉၉၉ ခုနှစ်မှာ အာဖရိကရှိ De Beers မှ ရှာဖွေတွေ့ရှိခဲ့တာပါ။

တွေ့ရှိပြီး ၂ နှစ်တာ ကာလအတွင်း မူရင်း ၁၃၂.၅ ကာရက်ရှိတဲ့ ကြမ်းတမ်းတဲ့ စိန်တုံးကြီးကို စေ့စေ့စပ်စပ် ဖြတ်တောက်ပွတ်တိုက်ကာ အပြစ်အနာအဆာ ကင်းစင်တဲ့ ပန်းရောင် စိန်ပွင့် အမျိုးအစား IIa အဖြစ်သို့ ပြောင်းလဲခဲ့တာပါ။

ဒီစိန်ကို စိန်ကုမ္ပဏီတစ်ခုမှ ဝယ်ယူခဲ့ပြီးနောက် မူလက Steinmetz Pink လို့ အမည်ပေးခဲ့သလို ရှားပါးပြီး လှပတဲ့ ကျောက်မျက်ရတနာကို ဝါရှင်တန်ဒီစီရှိ Smithsonian သဘာဝ သမိုင်းပြတိုက်မှာ အလှ ပြသထားခဲ့ပါတယ်။

သမိုင်းဝင် စိန်များကဲ့သို့ပင် ပန်းရောင်စိန်ပွင့်ဟာ စိတ်ဝင်စားစရာ သမိုင်းကြောင်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

Steinmetz ဟာ ၂၀၁၃ ခုနှစ်က Sotheby’s Geneva မှာ ဒေါ်လာ ၈၃ သန်းဖြင့် ရောင်းချခဲ့ပေမဲ့ New York စိန်ဖြတ်သူ Isaac Wolf ဟာ ငွေပေးချေမှုအပေါ် ပျက်ကွက်ခဲ့ပါတော့တယ်။

ဒါကြောင့် Sotheby’s ဟာ စိန်အတွက် ကြမ်းခင်းစျေး ဒေါ်လာ သန်း ၆၀ အာမခံရှိကြောင်းနဲ့ ဝယ်ယူရန် တွန်းအားပေးခဲ့ပြီး လေလံပွဲအတွက် ခင်းကျင်းရန် ဆုံးဖြတ်ခဲ့ပါတော့တယ်။

စိန်ပွင့်ရဲ့ ရှားပါးလှပမှုနဲ့ အရွယ်အစားတို့ဟာလည်း တစ်ခဏအတွင်း ကျော်ကြားလာပြီး နှစ်လိုဖွယ်ဖြစ်စေခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၇ ခုနှစ်၊ ဧပြီလမှာတော့ Sotheby’s က စိန်ပွင့်ကို လေလံတင်ခဲ့ရာမှာ သူဌေး ၃ ဦးက အပြိုင်အဆိုင် လေလံဆွဲခဲ့ကြပြီး နောက်ဆုံးမှာတော့ ဒေါ်လာ ၇၁.၂ သန်းဖြင့် အောင်နိုင်ခဲ့သူရဲ့ ကုမ္ပဏီ အတိုကောက် CTF Pink လို့ခေါ်တဲ့ ဟောင်ကောင်ကျောက်မျက်ရတနာ လုပ်ငန်းပိုင်ရှင် Chow Tai Fook က CTF Pink Star ဆိုပြီး ဒီစိန်ပွင့်ကို အမည်ပြောင်းလဲခဲ့ပါတယ်။

ပန်းရောင် စိန်ပွင့်တွေရဲ့ သမိုင်းကြောင်း

ပန်းရောင်စိန်တွေရဲ့ ဆွဲဆောင်မှုဟာ လူတွေရဲ့အာရုံကို ရာစုနှစ်များစွာကြာအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။

ဒီစိန်ပွင့်တွေကို ပြင်သစ်ကုန်သည်နဲ့ စွန့်စားသူ Jean-Baptiste Tavernier မှ ၁၆၄၀ ခုနှစ်များမှာ အိန္ဒိယ၊ Golconda ဘုရင့်နိုင်ငံသို့ ခရီးသွားစဉ် အလေးချိန် ၂၀၀ ကာရက်ကျော်ရှိသော အလွန်ကြီးမားတဲ့ ပန်းရောင်စိန်တုံးကြီးကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။

နောက်ပိုင်း ရာစုနှစ်များတစ်လျှောက် ပန်းရောင်စိန်များဟာ ရှားပါးလာခဲ့ပါတယ်။ သူတို့ကို တောင်အာဖရိကနဲ့ ဘရာဇီးလ်တို့တွင် ရံဖန်ရံခါ တွေ့ရှိရပြီး မျက်မှောက်ခေတ်မှာ Argyle သတ္တုတွင်းမှ အများစု ရောက်လာကြပါတယ်။

ပန်းရောင်စိန်များဟာ ပြင်းထန်လှတဲ့ အပူနဲ့ ဖိအားများမှနေ၍ သလင်းကျောက်များကို ကောက်တင်များအဖြစ် ကွဲလွဲစေခဲ့ပြီး ပန်းရောင်အရောင်ကို ဖြစ်ပေါ်စေခဲ့တာမျိုးပါ။

ဒါကြောင့် ပန်းရောင်စိန်တွေဟာ ကမ္ဘာ့အထူးခြားဆုံး၊ အလှပဆုံး၊ အရှားပါးဆုံးနဲ့ တန်ဖိုးအရှိဆုံး စိန်အဖြစ် မှတ်တမ်းတင်နေဦးမှာဖြစ်ပြီး Pink Star စိန်ပွင့်ဟာလည်း အရွယ်အစား၊ အရည်အသွေးနဲ့ စျေးနှုန်းတွေအရ စံချိန်တိုင်းကို ချိုးဖျက်ခဲ့တဲ့ စိန်ပွင့်ဖြစ်လာခဲ့ပါတော့တယ်။

ဒါ့အပြင် လေလံပွဲတွေမှာ သမိုင်းတစ်လျှောက် ရောင်းချရခဲ့တဲ့ အနီးစပ်ဆုံး အရည်အသွေးမြင့် ပန်းရောင်စိန်များရဲ့ အသွင်အပြင်တို့တောင် Pink Star ရဲ့ ခြေဖျားကို မမှီနိုင်ဘူးလို့ ကျွမ်းကျင်သူ အများအပြားကလည်း သုံးသပ်ထားကြပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.