အံ့သြဖွယ်ရာ ပင်းတယမြို့ သမိုင်းကြောင်းနဲ့ ပုန်းတလုတ်ရေကန်

အံ့သြဖွယ်ရာ ပင်းတယမြို့ သမိုင်းကြောင်းနဲ့ ပုန်းတလုတ်ရေကန်

ရှမ်းပြည်နယ်တောင်ပိုင်းက သွားရောက်လည်ပတ်သင့်တဲ့ နေရာတွေထဲမှာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ ပင်းတယမြို့လည်း အပါအဝင်ဖြစ်ပါတယ်။

ပင်းတယရဲ့ အထင်ကရများ

ပင်းတယမြို့ကိုရောက်ပြီဆိုရင် ပုန်းတလုတ်ကန်၊ အလယ်ဂူဘုရား၊ ရွှေဥမင်လိုဏ်ဂူဘုရား၊ ဆင်ခေါင်းဘုန်းကြီးကျောင်းနဲ့ ကုံလုံကျောင်းတို့ကို သွားရောက်လည်ပတ်လို့ ရပါတယ်။

ဒါ့အပြင် ပင်းတယ အနီးရှိ ရွာငံကိုလည်း သွားရောက်လည်ပတ်လို့ ရပါသေးတယ်။ ဒါ့အပြင် အခြားလည်ပတ်လို့ကောင်းတဲ့ နေရာတွေလည်း အများကြီးရှိပါသေးတယ်။

ပင်းတယမြို့ကို သွားရောက်မလည်ပတ်ခင် ပင်းတယရဲ့ သမိုင်းကြောင်းကိုလည်း သိရှိသင့်ပါတယ်။

ရှေးသရောအခါ ဗာရာပြည်ကြီး (ယခု ညောင်ရွှေမြို့) မှာ ဗာရာမင်းကြီးမင်းပြုသည့်အခါ ထိုမင်းကြီးမှာ ရုပ်ဆင်းအင်္ဂါ အင်မတန်လှပတဲ့ ကုမ္မာဘယမင်းသားလို့ခေါ်တဲ့ သားတော်တစ်ပါး ရှိပါသတဲ့။

ကုမ္မာဘယမင်းသားဟာ မင်းသားတို့ တတ်အပ်သော အဌာရသ ၁၈ ရပ် ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပါတယ်။ အထူးသဖြင့် လေး၊မြားအတတ်မှာ သူမတူအောင် တစ်ဖက်ကမ်း ခတ်ကျွမ်းကျင်ပါတယ်။

ယင်းမင်းသားအရွယ်ရောက်လာတဲ့အခါ ခမည်းတော်ဖြစ်သူက ထိမ်းမြားလက်ထပ်ရန် နားချပါသော်လည်း မင်းသားက နှစ်ကြိမ်တိုင်တိုင် ငြင်းဆန်ခဲ့ပါတယ်။

သို့သော်လည်း သုံးကြိမ်မြောက်မှာတော့ သထုံပြည့်ရှင်ရဲ့ သမီးတော်ဖြစ်သူကို သွားရောက် ကြည့်ရှုရန် သထုံပြည်သို့ သွားရောက်ခဲ့ပါတယ်။

သထုံပြည့်ရှင်ထံ အရောက်မှာ အမှုတော်ထမ်းရန် လျှောက်ထားတောင်းပန်ခဲ့ပါတယ်။ သထုံပြည့်ရှင်က ယင်းမင်းသားသည် လူသာမန် မဖြစ်နိုင်ဟု တွေးမိကာ အမှန်အတိုင်း လျှောက်တင်စေပြီး သမီးတော်နဲ့ ထိမ်းမြား လက်ထပ်ပေးခဲ့ပါတယ်။

သထုံမင်းသမီး နဲ့ သားတော်တစ်ပါး ရရှိပြီးချိန်မှာ ကုမ္မာဘယမင်းသားဟာ မွေးရပ်ဌာနီ ကို လွမ်းဆွတ်တာကြောင့် မင်းသမီးထံ ခွင့်ပန်ပြီး ပြန်လာခဲ့တယ်။

ဗာရာပြည်သို့ ပြန်တဲ့လမ်းမှာ နဂါးပတ်တောင်ဆိုတဲ့ တောင် တစ်တောင်ရှိပါတယ်။ ယင်းတောင်ပေါ်မှာ ရသေ့တစ်ပါး သီတင်းသုံးနေထိုင်လျှက်ရှိပါတယ်။ ထို့အပြင်နဂါးတစ်ကောင်လည်းပဲ နေထိုင်ပါတယ်။

တနေ့သ၌ ဂဠုန်တစ်ကောင်ဟာ နဂါးကို မြင်ပြီး သုတ်ချီပြေးဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် မရတာကြောင့် လူယောင်ဖန်ဆင်းပြီး ရသေ့ထံ ချဉ်းကပ်ကာ “ဂဠုန်တစ်ကောင်သည် နဂါးကို သုတ်ချီရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ မည်သို့ပင်ကြိုးစားသော်လည်း အချည်းနှီးဖြစ်ကာ သုတ်ချီ၍ မရသည်ကို တွေ့ခဲ့ရပါသည်။

အဘယ်ကြောင့် မရသည်ကို မေးမြန်းလျှောက်ထားရာ ရှင်ရသေ့က “နဂါးသည် ပတ္တမြားမျက်ရှင် ငုံထားတဲ့အတွက် ဦးခေါင်းကနေသော်လည်းကောင်း၊ ခါးကနေသော်လည်းကောင်း၊ ချီယူ၍ မရချေ။

သို့သော် အမြီးမှ သုတ်ချီမည်ဆိုပါက ပတ္တမြားမျက်ရှင် ထွက်ကျလာမှာ ဖြစ်သည်။ ယင်းအကြောင်းကို ဉာဏ်နည်းသော ဂဠုန်များ မသိနိုင်ကုန်”လို့ မိန့်လိုက်သည်။

ထို့နောက် ဂဠုန်လည်း ရှင်ရသေ့ ပြောတဲ့အတိုင်း နဂါးကို သုတ်ချီပြေးရာ ပြည်တော်ပြန်ခဲ့သည့် မင်းသားကို မြင်တွေ့လိုက် တဲ့နဂါးဟာ “မိမိကို ကယ်တင်ပေးပါ။ အသက်သေမည့်ဘေးမှ ကယ်တင်ပေးပါက ကျေးဇူးဆပ်ပါမည်”ဟု အကူအညီတောင်းပါသည်။

အဲ့ဒီအချိန်မှာ မင်းသားက မဆိုင်းမတွဘဲ လေးတော်နှင့် ပစ်ခွင်းရာ ဂဠုန်လည်း ကောင်းကင်မှ ပြုတ်ကျလေသည်။

မြှားဒဏ်ရာကြောင့် သေအံ့မူးမူးဖြစ်နေသော ဂဠုန်က “ သင်နှင့် ကျွန်ုပ်မှာ ရန်ညှိုးမရှိဖူးပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏ အစာကို ရှာစားနေစဥ် သင့်ကြောင့် မြှားဒဏ်ထိ၍ သေရပါတော့မည်။

ထို့ကြောင့် နောင်ဘဝမှာ ကြီးမားသော ခန္ဓာကိုယ်ဖြင့် သင်၏လမ်းကြောင်းကို ပိတ်ဆို့နိုင်ပြီး ရန်မူနိုင်ပါရစေ”ဟု ကျိန်ဆိုကာ သေဆုံးသွားပါသည်။

မင်းသားကြောင့် အသက်သေမည့်ဘေးမှ လွန်မြောက်ခဲ့သော နဂါးလည်း မင်းသားထံ ချဉ်းကပ်ကာ “အသင်မင်းသား သင်လိုအပ်သောအချိန်မှာ မြေကြီးကို သုံးချက်ပုတ်၍ ခေါ်လိုက်ပါ။ ကျွန်ုပ်အမြန်ချက်ချင်း ရောက်လာပါမည်” ဟု ပြောပြီး နေရပ်သို့ ပြန်သွားပါတယ်။

ဂဠုန်သည် သေဆုံးပြီးနောက် အနောက်ဘက်တောင်ကြော အောက်ခြေရှိ ဥမင်သုံးခု (ယခုပင်းတယလိုဏ်ဂူတော်)အနက် အလယ်ဥမင်တွင် ကြီးမားသော ပင့်ကူကြီး ဖြစ်သွားပါတယ်။

အဆိုပါ ဥမင်သုံးခု၏ တောင်ခြေရင်းတွင် နတ်သမီးတို့ ရေကစားလေ့ရှိတဲ့ရေကန်ကြီး (ပုန်းတလုတ်) တည်ရှိပါတယ်။

ထိုရေကန်ကြီးတွင် ငွေတောင်ပြည်ကို အစိုးရသော နတ်မင်းကြီးရဲ့ သမီးတော် ခုနစ်ဖော်တို့ ရေကစားလေ့ ရှိပါတယ်။

တနေ့သ၌ နတ်သမီး ခုနစ်ဖော်တို့ဟာ ရေကစားပျော်ပါးနေကြရာ အချိန်ကြာသွားပြီး မှောင်ရီပျိုးချိန်သို့ ရောက်ရှိသွားသည်။

ထို့ကြောင့် ငွေတောင်ပြည်ကို မပြန်တတ်တော့ဘဲ အနီးအနားမှာရှိတဲ့ ဥမင်သုံးခု၏ တောင်ဘက်ဆုံး ဥမင်ထဲမှာ တစ်ညတာ နေထိုင်ခဲ့ကြပါတယ်။

အလယ်ဂူမှာ နေထိုင်နေတဲ့ ပင့်ကူကြီးဟာ နတ်သမီးများရဲ့ စကားပြောဆိုသံများကြားသဖြင့် လျင်မြန်စွာ ဂူပေါက်ဝကို ရောက်ရှိလာပြီး ကြီးမားတုတ်ခိုင်သော ပင့်ကူမျှင်များနဲ့ အထပ်ထပ်ပိတ်ကာ အလယ်ဂူကို ပြန်သွားပါတယ်။

နောက်တစ်နေ့ မိုးသောက်ချိန်မှာ မင်းသားလေးဟာ ရေကန်အနားသို့ ရောက်ရှိလာခဲ့ပြီး တောင်ကမ်းပါးယံရှိ ဂူများထဲမှ အော်သံများကို ကြားရသောကြောင့် သွားရောက် ကြည့်ရှုရာ ပင့်ကူမျှင်များနဲ့ ပိတ်ဆို့ထားတဲ့ ဂူပေါက်ဝကို တွေ့ရပါတော့တယ်။

နတ်သမီးတွေကလည်း ကြောက်ရွံ့ထိတ်လန့်နေကြပြီး ဂူပေါက်ဝကို ဖွင့်ပေးရန် တောင်းပန်ကာ ကယ်တင်ပေးမည်ဆိုပါက အထွေးဆုံး နတ်သမီး ရှင်မိယာကို မင်းသားလေးအား ပေးပါမည်ဟု ကတိပေးကြသည်။

မင်းသားလေးလည်း ဂူပေါက်ဝကို အရင်ဆုံး ဖွင့်ပါက ပင့်ကူလက်ချက်နဲ့ သေဆုံးနိုင်တဲ့အတွက် ပင့်ကူကို ရှာဖွေရန် မြောက်ဘက်မှာရှိတဲ့ အခြားဂူပေါက်များကို သွားရောက်ရှာဖွေစဉ် အလယ်ဂူမှာ ပင့်ကူကြီးနဲ့ ပက်ပင်းတွေ့ပါတော့တယ်။

ရန်သူတော် ပင့်ကူကြီးဟာ မင်းသားလေးကို အင်မတန်ကြီးမားတဲ့ ကျောက်တုံး၊ ကျောက်စိုင်များ နဲ့ ပစ်ခတ်ကာ အငြိုးနဲ့စတင် တိုက်ခိုက်ပါတော့တယ်။

ပင့်ကူကြီးဟာ ကျောက်တုံးကြီးများကို ပစ်ခွဲပြပြီး မင်းသားကို တိုက်ခိုက်ပါတယ်။ မင်းသားလေးဟာ ပါလာတဲ့ လေးကိုထုတ်ပြီး မြားနဲ့ ပစ်ခွင်းလိုက်စဉ် ပင့်ကူကြီးရဲ့ နားရင်းမှာ စိုက်ဝင်သွားပါတယ်။

ပင့်ကူကြီးက မသေခင်မှာ “နောင်ဘဝများမှာ ဘီလူးကြီးဘဝနဲ့ ထိုမင်းသား သွားလေရာမှာ နှိပ်စက်နိုင်သူ ဖြစ်ပါစေ” ဆိုပြီး ကျိန်ဆိုပြီး သေပွဲဝင်ရှာပါတယ်။

မင်းသားလေးဟာလည်း “ပင့်ကူရပြီ။ ပင့်ကူရပြီ” ဆိုကာ သုံးကြိမ်တိုင်တိုင် လက်ခမောင်းခတ်ကာ ကြုံးဝါးပါတော့တယ်။

အဲဒီလို မင်းသားလေးဟာ ပင့်ကူရပြီဟု ကြွေးကြော်ခဲ့သည်ကို အစွဲပြုပြီး ပင့်ကူရမှ ပင်းတယဟု မြို့အမည်တွင်လာရခြင်းဖြစ်ကြောင်း ဆိုရိုးရှိပါတယ်။

Knight News Team
photo credit

Leave a Reply

Your email address will not be published. Required fields are marked *