ဆင်းရဲသား စားပွဲထိုးဘဝမှ ကမ္ဘာကျော် ဟာသမင်းသား ဖြစ်လာသူ စတီဗင်ချောင်

ဆင်းရဲသား၊ လက်သည်းညှပ်သည်၊ စားပွဲထိုးဘဝမှ ကမ္ဘာကျော် ဟာသမင်းသား ဖြစ်လာသူ စတီဗင်ချောင်

စတီဗင်ချောင် ကို ၁၉၆၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ တရုတ်နိုင်ငံ ဟောင်ကောင်မြို့မှာမွေးဖွားခဲ့ပါတယ်။

စတီဗင်ချောင်တို့ မိသားစုကတော့ သားသမီး ၅ ယောက်ရှိတဲ့ သာမာန်မိသားစုတစ်စုပဲ ဖြစ်ပါတယ်။ ချမ်းသာတဲ့ အသိုင်းအဝိုင်း မဟုတ်ခဲ့ပါဘူး။

ဖခင်ဖြစ်သူမှာ လောင်းကစားစွဲနေသူတစ်ဦး ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ လောင်းကစားကြွေးကြောင့် မိသားစုမှာ စားဝတ်နေရေး အလွန်ကြပ်တည်းလှပါတယ်။

မိခင်ဖြစ်သူဟာ ယောက်ျားဖြစ်သူကြောင့် စိတ်ဝေဒနာရောဂါ စတင်ခံစားလာရပါတယ်။ စတီဗင်ချောင်ကိုတော့ အစ်မ ၄ ယောက်ကပဲ ထိန်းကျောင်းခဲ့ပါတယ်။ စတီဗင်ချောင် အသက် ၅ နှစ်မပြည့်ခင်မှာ မိခင်နဲ့ ဖခင် ကွာရှင်းခဲ့ပါတယ်။

ဟောင်ကောင်ရဲ့ စရိုက်ဆန်တဲ့ အခွန်လွတ်စျေးနောက်က အဆင့်နိမ့်ပြီး အပေါစားဆန်တဲ့ အိမ်ခန်းတစ်ခုဆီကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။

အစ်မကြီးက ခေါက်ဆွဲဆိုင်တစ်ခုမှာ အကူဝင်လုပ်ကာ အစ်မလတ်ဖြစ်သူက လက်သည်းညှပ် ရောင်းပြီး မိသားစုကို ရှာဖွေကျွေးခဲ့ကြပါတယ်။

အစ်မတွေက အရမ်းချစ်ကြတော့ မောင်ဖြစ်သူကို ပိုးမွေးသလို မွေးထားကြတယ်။ ဒါကြောင့် စတီဗင်ချောင်ဟာ ငယ်ငယ်က အမများနဲ့ နေရတဲ့ မောင်လေးတွေ ဖြစ်တတ်တဲ့ “စကားနည်းခြင်း၊ ငိုတတ်ခြင်း၊ ကနွဲ့ကလျဖြစ်ခြင်း”စတဲ့ အမူအရာတွေ ရှိနေပါတယ်။

မူလတန်းစတက်ချိန်မှာတော့ ပြဿနာက အစပြုလာပါတယ်။ ကျောင်းမှာ အခြောက်ဆိုပြီး အမြဲ စနောက်ခံရပါတယ်။

အမြဲလိုလိုအားငယ်နေတတ်တဲ့ မောင်ဖြစ်သူကို စိတ်အပြောင်းအလဲဖြစ်အောင် တီဗွီတစ်လုံးဝယ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။

အဲ့ဒီအချိန်က တီဗွီတစ်လုံးတန်ဖိုးက မသေးလှပါဘူး။ တီဗွီ အိမ်ကိုရောက်ပြီး မကြာခင် စတီဗင်ချောင် စတင်စိတ်ဝင်စားသွားသူက ဘရုစ်လီပါပဲ။ ဘရုစ်လီကားတွေကို အမြဲကြည့်ရင်း သူ့လည်း မင်းသားဖြစ်ချင်လာပါတယ်။

တစ်နေ့မှာ အစ်မဖြစ်သူ မတော်တဆကားတိုက်ခံရပါတယ်။ အစ်မဖြစ်သူ အလုပ်မလုပ်နိုင်တာကြောင့် အိမ်ရဲ့စားဝတ်နေရေးအတွက် သူပါ အလုပ်လုပ်ခဲ့ရပါတယ်။

၇ နှစ်သားဘဝမှာ လက်ညည်းညှပ်အိတ်ကြီးကိုလွယ်ပြီး ဟောင်ကောင်စျေးလမ်းတစ်ခုမှာ လက်သည်းညှပ်ရောက်းခဲ့ရပါတယ်။

အလယ်တန်းကျောင်းသားဘဝမှာတော့ ခေါက်ဆွဲဆိုင်မှာ ညပိုင်းစားပွဲထိုးပါလုပ်ခဲ့ရပါတယ်။

အထက်တန်းကျောင်းစတက်ချိန်မှာတော့ စားပွဲထိုးအပြင် ကြွေထည်စက်ရုံတစ်ခုက အထမ်းသမားအဖြစ်ပါ လုပ်ခဲ့တယ်။

ထို့အပြင် အချိန်ရရင်ရသလို ဘရုစ်လီရဲ့အခွေတွေကြည့်ပြီး လမ်းဘေးကရောင်းတဲ့ သိုင်းစာအုပ်တွေဝယ်ကာ သိုင်းကျင့်ခဲ့ပါတယ်။

ဒီလိုနဲ့ ခက်ခဲတဲ့ ငယ်ဘဝကို ဖြတ်သန်းရင်း နောင်တစ်ချိန်မှာ အာရှရုပ်ရှင်အဆင့်အတန်းကို ကမ္ဘာအနှံ့ ထိုးဖောက်ပြမယ့် အာရှရဲ့အက်ရှင် ဟာသ ဘုရင်၊ အကောင်းဆုံးဒါရိုက်တာ၊ အကောင်းဆုံးဟာသသရုပ်ဆောင် Asia Pacific FilmFestival ရဲ့ အကောင်းဆုံးမင်းသား အဖြစ် သတ်မှတ်ခြင်းခံရတဲ့ ဟာသမင်းသားကြီး စတီဗင်ချောင်ဖြစ်လာခဲ့ပါတယ်။

သူ ဒါရိုက်တာလုပ်ထားတဲ့ The Mermaid ဇာတ်ကားဟာ အမေရိကန်ဒေါ်လာ ၅၅၃ သန်း ရထားခဲ့ပြီး အာရှရဲ့ ထိပ်တန်းကားတစ်ကားဖြစ်ခဲ့ပါတယ်။

ဝူခုန်း လူပြန်ဝင်စားတဲ့ Journey To The West ကားကြီးကလဲ ထုတ်လုပ်သူ ဒါရိုက်တာ ဇာတ်လမ်း စတီဗင်ချောင်က အမေရိကန်ဒေါ်လာသန်း ၂၁၅ သန်းထိ ရယူပြနိုင်ခဲ့ပါတယ်။

သူ ဟာ လက်ရှိမှာတော့ မင်းသားအပြင် ဇာတ်လမ်းဇာတ်ညွှန်းရေးဆရာ အနုပညာအကြံပေး ထုတ်လုပ်သူ စာရေးဆရာ ဒါရိုက်တာ ဟာသ သရုပ်ဆောင်နည်းပြ အပြင် တရုတ်အစိုးရရဲ့ အကြံပေးအရာရှိအဖြစ်ပါ ခန့်အပ်ခြင်း ခံထားရသူပါ။

၂၀၁၆ သြဂုတ်လ ၂၂ ရက်နေ့မှာ စတီဗင်ချောင်ဟာ ဂျက်ကီချမ်း၊ ဂျက်လီ စတဲ့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေကိုကျော်ပြီး အနုပညာကြေးအမြင့်ဆုံး The highest paid star of China အဖြစ် တရားဝင် ကြေငြာခြင်း ခံခဲ့ရပါတယ်။

” လူတွေက မင်းကိုကဲ့ရဲ့လှောင်ပြောင်လိမ့်မယ်။ အထင်သေးကြလိမ့်မယ်။ ဒါပေမယ့် မင်းကိုယ်မင်း မကဲ့ရဲ့မိစေနဲ့။ အထင်မသေးမိစေနဲ့။ မင်းရဲ့အိမ်မက်တွေကို မင်းကိုယ်တိုင် မကဲ့ရဲ့သင့်ဘူး။

ဒါဆို မင်း တစ်နေ့ အောင်မြင်လာလိမ့်မယ်။ ”

စတီဗင်ချောင်
(Stephen Chow)

Leave a Reply

Your email address will not be published.