မျဥ်းကွေးပုံစံ သစ်ပင်ကြီးတွေနဲ့ လျှို့ဝှက်ဆန်းကြယ် သစ်တော

မျဥ်းကွေးပုံစံ သစ်ပင်ကြီးတွေနဲ့ လျှို့ဝှက်ဆန်းကြယ် သစ်တော

သစ်ပင်တွေကို အမည်မသိ အရာတစ်ခုခုက တမင်များ ကွေးကောက်ထားတာလားလို့ ထင်မှတ်ရလောက်အောင် တောအုပ်ကြီးတစ်ခုက သစ်ပစ်တွေအားလုံးဟာ မြန်မာ ဂဏန်း ၂ လိုမျိုး ပုံသဏ္ဍာန်ဖြစ်ပေါ်နေတာကို ထူးဆန်းစွာ မြင်တွေ့ခဲ့ရပါတယ်။

ဒီသစ်တောမှာ အပင် စုစုပေါင်း ၄၀၀ နီးပါးရှိပြီး အပင်တွေအားလုံးက မျဥ်းကွေးပုံစံဖြစ်ပေါ်နေတာလဲ ဆိုတာကိုတော့ ဘယ်ကျွမ်းကျင်သူကမှ အတိအကျ မဖော်ထုတ်နိုင်ခဲ့ကြသေးပေမဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့ သိပ္ပံနည်းကျ ရှင်းပြချက်တစ်ခုတော့ ရှိနေပါတယ်။

ဒီတောအုပ်ကြီးကတော့ ပိုလန်နိုင်ငံ၊ Gryfino မြို့အနီးမှာ တည်ရှိပြီး တောအုပ်တစ်ခုလုံးမှာ ပုံမှန်မဟုတ်တဲ့ ကွေးနေသော ပင်စည်များရှိတဲ့ ထင်းရှူးပင် ၄၀၀ နီးပါးရှိသလို သူ့ရဲ့ ကြောက်မက်ဖွယ် ပုံစံကြောင့်လည်း ကမ္ဘာအနှံ့များ ကျော်ကြားပါတယ်။

သစ်ပင်များရဲ့ ပင်စည်တွေဟာ ထင်ပေါ်လွန်ပြီး ၉၀ ဒီဂရီအထိ ကွေးညွန့်နေသလို အင်္ဂလ်ပ် စာလုံး J နဲ့ မြန်မာ ဂဏန်း ၂ နဲ့ ဆင်တူသော ပုံသဏ္ဍာန်အဖြစ် မျဉ်းကွေးပုံစံ ဖြစ်ပေါ်နေကြပါတယ်။

အခုလို သစ်ပင်များအားလုံးက တူညီသော မျဉ်းကွေးပုံစံမျိုးဖြင့် ကြီးထွားလာပုံမှာလည်း ပဟေဠိတစ်ခုဖြစ်နေတာပါ။

ဒီထင်းရှူးတွေကို ၁၉၃၀ ခုနှစ်အစောပိုင်း တစ်ချိန်က စိုက်ပျိုးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း Gryfino မြို့လေးဟာ ကျူးကျော် ဖျက်ဆီးခံခဲ့ရပြီး အဲဒီမှာ နေထိုင်သူများနဲ့ သစ်တောရဲ့ လျှို့ဝှက်ချက်တွေကို သိရှိထားသူများအပါအဝင် Gryfino မြို့လေးကို စွန့်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အပင်ပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တို့တောင် အပင်တွေ ဘာဖြစ်ခဲ့လဲဆိုတာမျိုးကို အတိအကျ မသိခဲ့ပါဘူး။

ဒါပေမဲ့လည်း ပင်စည်တွေကို ထူးဆန်းတဲ့ နည်းလမ်းဖြင့် ကြီးထွားစေခြင်းရဲ့ နောက်ကွယ်မှ သိပ္ပံပညာနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အကြံဥာဏ်တစ်ခုကိုတော့ ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။

ဒါက မြင်ရသူတိုင်းအတွက် ထိတ်လန့်ဖွယ်ဖြစ်နေပေမဲ့ ဂန္ထဝင် ဆွဲငင်အားတုံ့ပြန်မှု တစ်ခုလိုပါပဲ။

ပင်စည်ဟာ ဆွဲငင်အားနဲ့ အလျားလိုက်ရှိတိုင်း အပင်က သူ့အလိုလို ပြန်ပြောင်းနိုင်တဲ့ ယန္တရားတစ်ခုရှိတယ်လို့ ပညာရှင်တစ်ဦးကတော့ ကောက်ချက်ချထားပါတယ်။

တစ်ချိန်က သစ်ပင်တွေရဲ့ အစောပိုင်းဘဝမှာ တစ်စုံတစ်ခုက သူတို့ကို ဘေးနှစ်ဖက်မှာ ချုပ်နှောင်ထားခဲ့တယ်လို့ ခန့်မှန်းထားကြပြီး အခုလို မျဥ်းကွေးပုံစံမျိုးဟာ အချိန်အတိုင်းအတာတစ်ခုမှာသာ ပုံဖော်လို့ရနိုင်တာမျိုးပါ။

ဆိုလိုတာကတော့ ပျိုးပင်လေးတွေ ဒါမှမဟုတ် ပေအနည်းငယ်မြင့်တဲ့ သစ်ပင်ငယ်လေးတွေကို အခုလိုမျိုး ချုပ်နှောင်ထိန်းသိမ်းခဲ့လို့ အပင်တွေက အခုလိုဖြစ်နေတာလို့ ပညာရှင်တွေက ဆိုထားကြပါတယ်။

အမေရိကန်၊ Rocky Mountain တောအုပ်အတွင်းမှ သစ်ပင်များကလည်း အလားတူပဲ အားပြင်းတဲ့ မုန်တိုင်းဒဏ်ကြောင့် စောင်းနေခဲ့ပုံကို အခုဖြစ်စဥ်နဲ့ နှိုင်းယှဥ်ဆွေးနွေးမှုတွေလည်း ရှိခဲ့ပါတယ်။

အဲဒီတောမှာတော့ သစ်ပင်တိုင်းက အသက်ရှင်နေသေးပေမယ့် တစ်ဧက နှစ်ဧကလောက်ဟာ စောင်းနေတဲ့ ပုံစံမျိုးမှာ ရှိနေကြပြီး နှစ်အနည်းငယ်ကြာပြီးနောက် သူ့ဟာသူ ပြန်တည့်သွားကြတယ်လို့ ဆိုပေမဲ့ အခုပိုလန်က သစ်ပင်တွေရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၀၀ နီးပါး ရှိနေပြီ၊ ဒီပုံစံအတိုင်းပါပဲ။

ပြင်းထန်ပြီး ဒေသအလိုက် မုန်တိုင်းမျိုးကဲ့သို့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖြစ်အပျက်တစ်ခုဟာ ပိုလန်က ကောက်ကွေးနေတဲ့ သစ်ပင်များကို ဖြစ်ပေါ်စေနိုင်တယ်လို့ အချို့က ဆိုထားကြပေမဲ့လည်း ပြန်လည်တည့်မတ်တယ်ဆိုတဲ့ အချက်ကတော့ အလုပ်မလုပ်ပုံပါပဲ။

သစ်ပင်တွေကလည်း တိရိစ္ဆာန်တွေလိုပဲ သူတို့ရဲ့ ပတ်ဝန်းကျင် ပြောင်းလဲမှုများကြောင့် ရုပ်ပိုင်းဆိုင်ရာ မလှုပ်ရှားနိုင်သော်လည်း အခြားတုံ့ပြန်မှုတွေကိုတော့ ပြုလုပ်ပေးနိုင်စွမ်း ရှိကြပါတယ်။

သူတို့မှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေကို ခံစားသိရှိနိုင်ပြီး အဲဒီပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေကို တုံ့ပြန်ဖို့ သူတို့ရဲ့ကြီးထွားမှုကို ချိန်ညှိနိုင်တဲ့ ကွဲပြားတဲ့ ယန္တရားတွေ အများကြီးရှိပါတယ်။

ဒီလို မျဥ်းကွေး ပင်စည်တွေကလည်း အဲဒီရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်မယ်လို့ အချို့က သုံးသပ်ထားကြတယ်။

ဒီလိုမျိုး ပုံစံနဲ့ သဘာဝအတိုင်း ကွေ့ကောက်နေတဲ့ သစ်ပင်မျိုးစိတ်များကို အခြား ဘယ်နေရာမှာမှ မမြင်တွေ့ရသလို ကောက်ကွေးနေတဲ့ သစ်ပင်တွေအတွပ် ဖြစ်နိုင်ဖွယ်အရှိဆုံးအခြေအနေပတော့ အလျားလိုက်အနေအထားမှာ တစ်နည်းနည်းက ချုပ်နှောင်လိုက်ပြီးနောက် သူတို့ရဲ့ ပင်စည်တွေဟာ ဆွဲငင်အားနှင့်အပြိုင် ကြီးထွားလာကြတာကြောင့် ဖြစ်နိုင်နေပါတယ်။

သစ်ပင်တွေရဲ့ သဘာဝအရ သူတို့ကို အသားကျစေတဲ့ ဆဲလ်များအတွင်းက ကစီဓာတ် အစေ့အဆန်များ ပါရှိပါတယ်။

တကယ်တော့ ဒါဟာ ဒီဆဲလ်တွေမှာရှိတဲ့ ကစီဓာတ် အစေ့အဆန်တွေရဲ့ ရွေ့လျားမှုဖြစ်နိုင်ပြီး အခုလိုမျိုး တုံ့ပြန်မှုတွေကို အစပျိုးပေးနိုင်တယ်လို့လည်း အချို့က ဆိုကြပါတယ်။

ဆိုလိုတာကတော့ သစ်ပင်ရဲ့ ပင်စည်ဟာ အလျားလိုက်ပုံ ဖြစ်နေပါက အဆိုပါ ကစီဓာတ် အစေ့များဟာ လေးလံလာမှာဖြစ်ပြီး ဆဲလ်အတွင်းပ ဆွဲငင်အားတွေနဲ့ ဆွဲချသွားမှာဖြစ်ပြီး ပင်စည်ရဲ့ပုံစံကို ပြောင်းလဲစေနိုင်တာပါ။

ဒါပေမဲ့လည်း ရှိသမျှ သစ်ပင် ၄၀၀ လုံးက အခုလို အလျားလိုက် မျဥ်းကွေးပုံစံမျိုးနဲ့ ဘာကြောင့် အဆုံးသတ်ခဲ့ကြလဲဆိုတဲ့ မေးခွန်းအတွက်တော့ တိကျပြတ်သားတဲ့ အဖြေမျိုး မရှိသလို ဒေသခံတွေကလည်း ဒီအတွက် အဖြေမပေးနိုင်ကြပါဘူး။

ဒါက လူဖန်တီးတာပဲ ဖြစ်ဖြစ်၊ မုန်တိုင်းလို သဘာဝရဲ့ အရာတစ်ခုက ဖန်တီးတာပဲ ဖြစ်ဖြစ်၊ တိကျတဲ့ အဖြေတစ်ခု မဖော်ထုတ်နိုင်သ၍တော့ ဒီ ပိုလန် တောအုပ်ဟာ ကျိန်စာသင့်နေတယ်၊ သဘာဝလွန် ဖြစ်ရပ်ဆန်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ယုံတမ်းစကားတွေရဲ့ လွှမ်းမိုးမှုကို ခံနေရဦးမှာပဲ ဖြစ်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.