အမေဇုန်မြစ်

အမေဇုန်မြစ်

အမေဇုန်မြစ်သည် တောင်အမေရိကတိုက်တွင် တည်ပြီး ကမ္ဘာပေါ်တွင် ရေစီးဆင်းပမာဏ အကြီးမားဆုံးမြစ် တစ်စင်းဖြစ်သည်။

အမေဇုန်မြစ်သည် ၆၈၀၀ ကီလိုမီတာ (၄၂၀၀ မိုင်) ခန့် ရှည်ကာ နိုင်းမြစ်ပြီးနောက် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အရှည်လျားဆုံးမြစ်ဖြစ်သည်။ဘရာဇီးနိုင်ငံ၊ပီရူး နိုင်ငံနှင့် ကိုလံဘီယာနိုင်ငံများသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသည်။

ကမ္ဘာ့အကြီးဆုံးမြစ်

တောင်အမေရိကတိုက်၏ အကြီးဆုံးမြစ်ဖြစ်သော အမေဇုန်ဖြစ်သည် ကမ္ဘာ့အကြီးဆုံးမြစ်ဟုလည်း ဆိုနိုင်ပေသည်။ ထိုမြစ်ကြီးလောက် ရေလုံးထုထည်ကြီးမားသောမြစ်၊ ရေဆင်းဒေသကျယ်ပြန့်သောမြစ် ကမ္ဘာပေါ်၌မရှိချေ။

အမေဇုန်မြစ်အတွင်းစီးဆင်းသော ရေလုံးထုထည်သည် အီဂျစ်နိုင်ငံမှနိုင်းမြစ်၊ မြောက်အမေရိကတိုက်မှ မစ္စစ္စပီမြစ်နှင့် တရုတ်နိုင်ငံမှ ယန်စီမြစ်တည်းဟူသော မြစ်ကြီးသုံးသွယ်၏ စုပေါင်းရေလုံးထုထည်ထက်ပင် ကြီးမားသေးသည်။

မြစ်အလျားတွင် မစ္စစ္စပီ၊ မီဇူးရီမြစ်စဉ်စုနှင့် နိုင်းမြစ်တို့သာလျှင် အမေဇုန်မြစ်ထက်ပို၍ရှည်လျားသည်။

အာဖရိကတိုက်မှ ကွန်ဂိုမြစ်သည် အမေဇုန်နှင့် အနီးစပ်ဆုံးယှဉ်ပြိုင်နိုင်သည်ဟု ဆိုရစေတာမူ ရေဆင်းဒေသ အကျယ်အပြန့်၌ အမေဇုန်က ကွန်ဂိုထက် ထက်ဝက်ခန့်ပို၍ ကျယ်ဝန်းသည်။

အမေဇုန်၏ ရေဆင်းဒေသ သည် အမေရိကန်ပြည်ထောင်စု၏ ခြောက်ပုံ ငါးပုံခန့် ရှိလေသည်။ အမေဇုန်မြစ်သည် တောင်အမေရိကတိုက်ကို အရှေ့မှအနောက်သို့ ဖြတ်သန်းလျက် လတ္တီတွဒ်မျဉ်းကြောင်း တစ်ခုတည်း အတွင်း၌ တည်ရှိပေရာ အခြားကမ္ဘာ့မြစ်ကြီး များ၌တွေ့ရခဲသော အချက်တစ်ရပ် ဖြစ်သည်။

မြစ်အလျားသည် မိုင်ပေါင်း ၄၃၄၅ မိုင်ကျော်ရှိ၍ မြစ်သည် မိုင် ၁ဝဝ ကျော်ခန့် ကျယ် သည်။ မြစ်ရိုးတစ်လျှောက်တွင်လည်း အချို့ အရပ်၌ မြစ်ဝှမ်း အလွန်ကျယ်၍ ကမ်းတစ်ဖက်နှင့် တစ်ဖက်ပင် မမြင်နိုင်ဘဲ ပင်လယ်ကြီးတမျှ ကျယ်ပြန့်သော ရေပြင် ကျယ်ကြီးဖြစ်သည်။

မြစ်ဖျားခံ

အမေဇုန်မြစ်သည် မာရာနွန်မြစ်နှင့် အူကာယာလီမြစ်တို့ပေါင်း ဆုံရာမှ စတင်ဖြစ်ပေါ်လာသည်။

မာရာနွန်မြစ်သည် ပီရူးနိုင်ငံ၊ လီမာမြို့အနီး ပစိဖိတ်သမုဒ္ဒရာကမ်းခြေမှ မိုင် ၆ဝ ခန့်သာကွာဝေးသော အင်ဒီးစ်တောင်တန်း၌ မြစ်ဖျားခံ၍ ပီရူးနိုင်ငံအတွင်းရှိ အီကီးတိုးမြို့၏ အထက်နားတွင် အူကာယာလီမြစ် နှင့်ပေါင်းဆုံပြီးလျှင် အမေဇုန်မြစ် အဖြစ်စီးဆင်းသည်။

ယင်းသို့စီး ဆင်းရာ၌ ဘရာဇီးနိုင်ငံမြောက်ပိုင်း အပူပိုင်းသစ်တောများကို ဖြတ်၍ အရှေ့ဘက်သို့ ဆက်လက်စီးဆင်းရာ အမေဇုန်မြစ်ဝကျွန်းပေါ်ကျွန်း တစ်ကျွန်းဖြစ်သော မားရဇိုးကျွန်း၏ မြောက်ဘက်မှနေ၍ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းသို့ စီးဝင်သည်။

မြစ်ရိုးတစ်လျှောက်၌ မြစ်ကြီးမြစ်ငယ်စုစုပေါင်း ၂ဝဝ ကျော် ခန့်သည် အမေဇုန်မြစ်မကြီးထဲသို့ စီးဝင်ပေါင်းဆုံကြသည်။ ထိုမြစ်ကြီး၏ မြစ်လက်တက်အချို့သည် မိုင် ၁ဝဝဝ ခန့်ပင် ရှည်လျားကြသည်။

အမေဇုန်မြစ်၏မြစ်လက်တက် များအနက် ထင်ရှားသောမြစ်ကြီး များမှာ ဇူးရူးယာမြစ်၊ဇပူးရမြစ်၊ နေးဂရိုးမြစ်၊ မဒီးရမြစ်၊ တပတော့ မြစ်၊ ပူးရူးမြစ်၊ ရှင်းဂူးမြစ် စသည်တို့ ဖြစ်ကြသည်။

စီးဆင်းမှု

အမေဇုန်မြစ်သည် မြေနိမ့်မြေပြန့်တစ်လျှောက် စီးဆင်းသဖြင့် ရေစီးနှေးသည်။ ရေစီးနှေးလှသဖြင့် အချို့နေရာတွင် မြစ်ကြီးတစ်မြစ် စီးဆင်းနေသည်ဟု မထင်ရဘဲ ကြီး မားကျယ်ပြန့်သော ရေအိုင်ကြီး တစ်ခုသဖွယ် ထင်မြင်ရလောက်အောင်ပင် ရေငြိမ်နေသကဲ့သို့ရှိသည်။

ယင်းသည် ခြောက်သွေ့သောရာသီတွင် တစ်နာရီလျှင် တစ်မိုင်ခွဲနှုန်းစီး၍ မိုးကာလ ရေ များချိန်တွင်ပင် သုံးမိုင်နှုန်းမျှသာ စီးလေသည်။

ပီရူးနိုင်ငံမှစီးလာ၍ ဘရာဇီးနိုင်ငံတွင်းသို့ ဝင်သည့် နေရာ၌ မြေပြင်သည် ပင်လယ် ရေပြင်ထက် ပေ ၃ဝဝ ခန့်သာမြင့်သည်။

အတ္တလန္တိတ်ကမ်းခြေမှ မိုင် ၁ဝဝဝ ဝေး၍ ဘရာဇီးနိုင်ငံအတွင်းရှိ မနော့မြို့တွင် မြေပြင်သည် ၁၃၅ ပေမျှသာ မြင့်တော့သည်။

လပြည့်နေ့တိုင်း ပင်လယ်မှ ဒီရေသည် အရှိန်ပြင်းစွာဖြင့် မြစ်ဝတွင်း သို့ ဆန်တက်ဝင်ရောက်လာလေရာ အထက်မှအောက်သို့ စုန်ဆင်းလာသော ရေစီးနှင့်တွေ့သောအခါ ပေ ၃၀ ခန့်မြင့်မားသော ဒီဗိုးခေါ် လှိုင်းတံပိုးများသည် ရေတံတိုင်း ကြီးသဖွယ် မြင့်မောက်ဖြစ်ပေါ်၍ မြစ်ဝမှ မိုင် ၄ဝဝ ခန့်အတွင်း ရေစီးသည် ရေစုန်မဟုတ်တော့ဘဲ ရေဆန်ဖြစ်သွားသည်။

ဒီဗိုးတက်လာ၍ မြည်ဟည်းသည့်အသံများကို ငါးမိုင်ခန့်ဝေးသောအရပ်မှပင် ကြားကြရသည်။ အမေဇုန်မြစ်ရိုး တစ်လျှောက်၌ နေထိုင်ကြသော တိုင်းရင်းသား အင်ဒီးယန်းလူမျိုး တို့သည် အချိန်မှန်ဖြစ်တတ်သော ဒီဗိုးတက်ခြင်းနှင့်

ဇွန်လတွင် အထက်အညာမှ ရေတိုး၍ မြစ်ရေ လျှံခြင်းတို့ကို သိနားလည်နေကြ သဖြင့် ထိုအချိန်အခါများတွင် ဘေးလွတ်ရာအရပ်သို့ ရွှေ့ပြောင်းနေထိုင်ကြပြီးလျှင် အန္တရာယ်ကင်း လောက်သည့်အခါမှ မိမိတို့နေရပ်သို့ ပြန်လာလေ့ရှိကြသည်။ ထို အင်ဒီးယန်းများက ဒီဗိုးတက်ခြင်းကို ပိုရိုရော့ကာဟုခေါ်သည်။

ရေကြောင်းအသုံးပြုမှ

အီကီတိုးမြို့မှ အတ္တလန္တိတ် ကမ်းခြေအထိ မိုင် ၂ဝဝဝ ကျော်ခန့် မြစ်အလျားအတွင်း၌ မိုးရာသီတွင် အမေဇုန်မြစ်၏ ပျမ်းမျှရေ အတိမ်အနက်မှာ ပေ ၁၂၀ မှ ၁၅ဝ ခန့်ဖြစ်သည်။

မိုးရေကြောင့် လည်းကောင်း၊ ပင်လယ်ဒီရေတက်သောကြောင့်လည်းကောင်း၊ သဲသောင်များ နေရာပြောင်း၍ ပေါ်ထွန်းတတ်သောကြောင့်လည်းကောင်း ရေအတိမ်အနက်အမျိုးမျိုး ဖြစ်ပေါ်သည်။

အဓိကသင်္ဘော ဆိပ်ကမ်းမြို့ကြီးဖြစ်သော မနော့ မြို့တွင် တစ်ရာသီ၌ သုံးပေမျှသာ ရေနက်သော်လည်း နောက် တစ်ရာသီတွင် ၇၅ ပေခန့် ရေနက် ပြန်သည်။

ယင်းသို့ ရေအတိမ်အနက် အမျိုးမျိုးပြောင်းလဲမှုကြောင့် ကုန်တင်ကုန်ချရန်အတွက် ရေပေါ်ဆိပ်ခံဗောတံတားများကို အသုံးပြုရသည်။

ပင်လယ်ကူးသင်္ဘောများသည် ဒီဗိုးတက်ချိန်နှင့်မကြုံကြိုက်စေရန် မားရဇိုးကျွန်းတောင်ဘက်နှင့် ပါရာမြစ်ခေါ် ရေလက်ကြားတစ်ခုအတွင်းမှနေ၍ အမေဇုန်မြစ်ဝအတွင်းသို့ဝင်ပြီးလျှင် ပင်လယ်ဝမှ မိုင် ၁၀၀၀ ကျော်ခန့်ဝေးသော မနော့သင်္ဘောဆိပ်ကမ်းမြို့အထိ ရေနည်းသည့်အချိန်၌ပင် ဆန်တက်နိုင်ကြသည်။

အခြား သင်္ဘောကြီးငယ်တို့မှာမူ အီကီတိုးမြို့၏အထက်အထိ ဆန်တက်နိုင်ကြသည်။

အမေဇုန်မြစ်တွင် ဇီဝမျိုးစိတ် ပေါင်း ၇၅၀ ကျော်ရှိသည်။ မြစ်ဝေလငါးဟုခေါ်သော ငါးကြီးတစ် မျိုးသည် တစ်ကောင်လျှင် အလေး ချိန် ပေါင် ၄ဝဝကျော်ရှိ၍ ကမ္ဘာပေါ်၌ အကြီးဆုံးသော ရေချိုငါး မျိုးဖြစ်သည်။

ငါးအမျိုးမျိုးအပြင် ကမ္ဘာ့လိပ်ကြီးများနှင့် မိကျောင်း အမျိုးမျိုးတို့လည်း ပေါများလှ သည်၊ မြစ်ကမ်းဘေးတစ်လျှောက် သစ်တောများအတွင်းဝယ် အသွေးအရောင်စုံလင်သော်လည်း အသံ မသာယာသော ကျေးငှက်သာရကာအမျိုးမျိုး၊ မရေမတွက် နိုင်အောင်များပြားလှသောမျောက် အမျိုးမျိုးတို့ကိုတွေ့ရသည်။

တောနက်ပိုင်းတွင်မူ ပိုးမွှားတိရစ္ဆာန် များနှင့်ခြင်၊ ယင်၊ မှက်တို့ ထူပြောလှပေသည်။

Source- Knowledge Light

Leave a Reply

Your email address will not be published.