ခြောက်ခြားဖွယ်ရာ အရုပ်တွေနဲ့ပြည့်နှက်နေတဲ့ ကြောက်မက်ဖွယ် ကျွန်း

ခြောက်ခြားဖွယ်ရာ အရုပ်တွေနဲ့ပြည့်နှက်နေတဲ့ ကြောက်မက်ဖွယ် ကျွန်း

ကမ္ဘာ့ အထူးဆန်းဆုံး ကျွန်းတစ်ကျွန်းရဲ့အကြောင်းကို ယနေ့မှာ ဖော်ပြပေးသွားချင်ပါတယ်။ ဒီတစ်ကျွန်းလုံးမှာ ခြောက်ခြားဖွယ်ရာ အရုပ်တွေနဲ့ ပြည့်နှက်နေပါတယ်။

အရုပ်တွေနဲ့ ကျွန်းနဲ့ ပတ်သက်ဆက်နွယ်နေမှုနဲ့ နောက်ကြောင်းရာဇဝင်ဟာလည်း အရမ်းစိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

မက္ကဆီကိုနိုင်ငံရဲ့ တောင်ဘက် Xochimico တူးမြောင်းများကြားမှာတော့ ကမ္ဘာလှည့် ခရီးသည်များကို လာရောက်ခွင့်ကို ပိတ်ပင်ထားတဲ့ ဝမ်းနည်းဖွယ် နောက်ခံရှိသော ကျွန်းငယ်လေးတစ်ကျွန်းကို တွေ့နိုင်ပါတယ်။

ဒီကျွန်းငယ်လေးကို Isla de las Munecas (The Island of the Dolls) မြန်မာလိုဆိုရင်တော့ အရုပ်ကျွန်းလို့ အမည်ပေးထားပါတယ်။

ဒီကျွန်းဟာ ထူးဆန်းသော အခြေအနေတွေမှတစ်ဆင့် ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဆင်းရဲနွမ်းပါးသော မိန်းကလေးတစ်ဦးရဲ့ ပျောက်ဆုံးသွားခဲ့တဲ့ ဝိညာဉ်အတွက် ရည်စူးထားတဲ့ ကျွန်းတစ်ကျွန်းပါ။

အဲဲဒီဧရိယာတစ်ဝိုက်မှာ ထောင်နှင့်ချီသော လူများ တည်ရှိပေမဲ့လည်း ဒီကျွန်းငယ်လေးဟာ ရာနှင့်ချီတဲ့ ကြောက်စရာကောင်းလှတဲ့ အရုပ်တွေ တည်ရှိရာနေရာ ဖြစ်နေပါတယ်။

အရုပ်တွေကို ကြည့်လိုက်မယ်ဆိုရင်လည်း ဖြတ်ထားသော ခြေ လက်များ၊ ခေါင်းပြတ်များနဲ့ မျက်လုံးဗလာများနဲ့အတူ သစ်ပင်တွေကို တွဲလှောင်းချိတ်ဆွဲထားတာကို ကြောက်မက်ဖွယ် တွေ့ရမှာ ဖြစ်ပါတယ်။

ကျွန်းပေါ်ရှိ အရုပ်များဟာ နေ့ခင်းဘက်အလင်းရောင်မှာကို လူတွေအတွက် ကြောက်စရာကောင်းနေပြီး ည အမှောင်ထဲမှာဆိုရင်တော့ ပိုပြီးတော့တောင် စိတ်အနှောက်အယှက်ဖြစ်စေရပြီး အသည်းငယ်သူတွေဆိုရင် ကြောင်အားလန့်အားနဲ့ အော်ငိုမိမှာ အသေအချာပါပဲ။

အရုပ်များရဲ့ ဒဏ္ဍာရီကျွန်း သမိုင်းကြောင်း

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီကျွန်းပေါ်က လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုကြောင့် မိန်းကလေးငယ်တစ်ဦးဟာ ရေနစ်သေဆုံးခဲ့ရပြီး အရုပ်တွေကိုတော့ သူမရဲ့ ဝိညာဉ်က ပိုင်ဆိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒေသခံ ဒဏ္ဍာရီတွေ အရ အရုပ်တွေဟာ ခေါင်းနဲ့ လက်တွေကို ရွှေ့လျားနိုင်ကာ မျက်လုံးများကိုပင် အဖွင့်၊ အပိတ် လုပ်နိုင်ကြတယ်လို့ သိရပါတယ်။ တကယ့်ကို ကြောက်မက်ဖွယ်ရာပါပဲ။

မမျက်မြင်သက်သေအချို့ကတော့ အရုပ်တွေရဲ့ အချင်းချင်း တီးတိုးပြောကြပုံတွေကိုတောင် ကြားခဲ့ရပြီး ကျွန်းအနီးရှိ လှေပေါ်မှ လူများကိုလည်း အရုပ်တွေက ကျွန်းပေါ်သို့ ဆင်းလာရန် ဆွဲဆောင်နေကြတယ်လို့ ဆိုကြပါတယ်။

ဒီဖြစ်စဥ်တွေက ချဲ့ကားပြောဆိုထားတာမျိုတွေ ဖြစ်နိုင်ပေမဲ့ Isla de las Munecas ကျွန်းကတော့ ဒီတိုင်းနေရင်ကို သူ့ရဲ့သမိုင်းကြောင်းအရ အလွန်ကြောက်စရာကောင်းတဲ့ နေရာဖြစ်ပြီး ဧည့်သည်တွေ ဝင်ရောက်ခွင့်ကိုလည်း အကန့်အသတ်နဲ့ ပိတ်ပင်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

အရုပ်တွေကို ဘယ်သူဖန်တီးခဲ့တာလဲ (ဒဏ္ဍာရီရဲ့နောက်ကွယ်က အမှန်တရား)

Don Julian Santana Barrera ဆိုသူက ဒီအရုပ်တွေရဲ့ ဖန်တီးရှင်ပါ။ သူဟာ ကျွန်းရဲ့ အိမ်စောင့်လည်း ဖြစ်ပါတယ်။

Julian က မိန်းကလေးရဲ့ အသက်ကို မကယ်နိုင်ဘဲ လျှို့ဝှက်ဆန်းကြယ်သော အခြေအနေမျိုးမှာ ရေနစ်သေဆုံးခဲ့ရတဲ့ မိန်းကလေးငယ်ကို ပထမဆုံး မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သူလည်း ဖြစ်နေပါတယ်။

သိပ်မကြာခင်မှာပဲ Julian ဟာ တူးမြောင်းတွေနားမှာ မျောနေတဲ့ အရုပ်လေးကို တွေ့လိုက်တယ်။ ဖြစ်နိုင်တာကတော့ အရုပ်က သေဆုံးခဲ့သူ မိန်းကလေးရဲ့ အရုပ်ပါ။

ဒါကြောင့် Julian ဟာ မိန်းကလေးရဲ့ သေဆုံးခဲ့ရခြင်းကို လေးလေးစားစားနဲ့ ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အနေနဲ့ အရုပ်လေးကို ကောက်ဆယ်ပြီး ကျွန်းသစ်ပင်မှာ ချိတ်ဆွဲထားခဲ့ပါတယ်။

ဒါပေမဲ့ မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ သက်ဆိုင်ရာက ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါဘူး။

ဒီအတွက်ကြောင့်လည်း Julian ကို သူ့ရဲ့ အထီးကျန်နေတဲ့ မိန်းကလေးကယ်အကြောင်း ဇာတ်လမ်းကို လိမ်ညာဖန်တီးခဲ့တယ်လို့ တချို့က ကောက်ချက်ချခဲ့ပါတယ်။

သစ်ပင်ပေါ်က ချိတ်ဆွဲထားတဲ့ အရုပ်တွေက ဘာကို ကိုယ်စားပြုသလဲ

Julian ဟာ မိန်းကလေးငယ်ရဲ့ မကျွတ်မလွတ်ဖြစ်နေတဲ့ ဝိညာဉ်ရဲ့ သရဲခြောက်ခြင်းကို ခံခဲ့ရပြီး သူမကို ကျေနပ်စေရန်အတွက် ကြိုးပမ်းတဲ့အနေဖြင့် အရုပ်များကို ထပ်မံ ချိတ်ဆွဲလာခဲ့ပါတယ်။

မကြာမီမှာတော့ သူကိုယ်တိုင် အရုပ်များကို သေဆုံးခဲ့တဲ့ မိန်းကလေးငယ်ရဲ့ ဝိညာဉ်က ဆုပ်ကိုင်ထားတာကို သိရှိခဲ့ရပြီးနောက် ကျွန်းတစ်ခုလုံးမှာ ကြောက်စရာကောင်းသော အရုပ်များကို ဆက်လက်စုဆောင်းရင်း ချိတ်ဆွဲခဲ့ပါတော့တယ်။

Julian ဟာ အမှန်တကယ်တမ်းလည်း ကျွန်းပေါ်မှာ အခြားသော ဝိညာဉ်များနဲ့ ပူးပေါင်း ဆက်သွယ်မှုတွေ ရှိခဲ့တယ်လို့ ကျွန်းပေါ်ရှိ လူအများအပြားက ယုံကြည်ကြပါတယ်။

Isla de las Munecas ဟာ စွဲမက်ဖွယ်ကောင်းသော နေရာတစ်ခုဖြစ်တယ်လို့ ဒေသခံများက ယုံကြည်ကြပြီး ၂၀၀၁ ခုနှစ်က Julian သေဆုံးပြီးနောက်မှာတော့ ကျွန်းဟာ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာ နေရာတစ်ခုဖြစ်လာခဲ့ပြီး ဧည့်သည်များကလည်း အရုပ်များကို ပိုမို သယ်ဆောင်လာခဲ့ကြပါတော့တယ်။

Julian သေဆုံးပြီးကတည်းက ဒီကျွန်းလေးကလည်း အလွန်ကျော်ကြားလာခဲ့ပြီး ဆောင်းပါးများစွာနဲ့ တီဗီရှိုးများမှာတောင် ဖော်ပြခံခဲ့ရပါတယ်။

Don Julian ရဲ့ လုပ်ရပ်ဟာ အပြစ်ကင်းစင်ပြီး အထင်ကြီးစရာကောင်းခဲ့ပေမဲ့ ဒီကျွန်းလေးကတော့ ကမ္ဘာကြီးကို အိပ်မက်ဆိုးမက်ဖွယ်ရာ နေရာတစ်ခုအဖြစ် ဇာတ်သိမ်းခဲ့ရပါတယ်။

ကျွန်းငယ်လေး (တကယ်တော့ ရေပေါ်ဥယျာဉ်) ကို လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေကိုတော့ ဝိညာဉ်ပူးနေတဲ့ အရုပ်မျက်လုံးတွေက လိုက်ကြည့်ကြတယ်ဆိုတဲ့ မျက်မြင်ကိုယ်တွေ့ ပြောစကားတွေနဲ့အတူ ကမ္ဘာ့ အခြောက်ခြားရဆုံး နေရာတစ်ခုအဖြစ် ယနေ့ချိန်ထိတိုင် မှတ်တမ်းဝင်ထားဆဲပါပဲ။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *