လူတွေကို ဆေးကုပေးနိုင်တဲ့ ကုလားအုတ်မျိုးစိတ် (သို့) အယ်ပါကာ

လူတွေကို ဆေးကုပေးနိုင်တဲ့ ကုလားအုတ်မျိုးစိတ် (သို့) အယ်ပါကာ

ဒီကောင်လေးတွေဟာ သူတို့ရဲ့ချစ်စရာအကောင်းဆုံး အသွင်အပြင်ကြောင့် အင်တာနက်တစ်ခွင်မှာ ရေပန်းစားလာခဲ့တာ သိပ်မကြာသေးပါဘူး။

ဒါကြောင့် ကုလားအုတ်မျိုးစိတ်ဖြစ်တဲ့ အယ်ပါကာ (Alpaca) လို့ခေါ်တဲ့ ဒီချစ်စရာအကောင်လေးတွေအကြောင်းကို ဗဟုသုတရဖွယ်ရာ တင်ဆက်ပေးသွားချင်ပါတယ်။

အယ်ပါကာလေးတွေဟာ တောင်အမေရိကတိုက်ရှိ ကုလားအုတ် နို့တိုက်သတ္တဝါ မျိုးစိတ်ဖြစ်ပါတယ်။

အယ်ပါကာလေးတွေကို ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃,၅၀၀ မှ ၅,၀၀၀ မီတာ (ပေ ၁၁,၀၀၀ မှ ၁၆,၀၀၀ ပေ) မြင့်သော ပီရူး တောင်ပိုင်း၊ အနောက် ဘိုလီးဗီးယား၊ အီကွေဒေါနဲ့ ချီလီ မြောက်ပိုင်းတို့မှာ အတွေ့များပါတယ်။

အရွယ်ရောက်ပြီး အယ်ပါကာတစ်ကောင်ဟာ ပျမ်းမျှအားဖြင့် ပခုံးကနေ ၈၁ မှ ၈၉ စင်တီမီတာ (၃၂ နဲ့ ၃၉ လက်မကြား) မြင့်ပါတယ်။

များသောအားဖြင့် သူတို့ဟာ ၄၈ မှ ၉၀ ကီလိုဂရမ် (၁၀၆ မှ ၁၉၈ ပေါင်) အကြား အလေးချိန်ရှိပါတယ်။

အယ်ပါကာတွေကိုတော့ သူတို့ရဲ့ အမျှင်အတွက် လူတွေက သီးသန့်မွေးမြူထားတာကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေလည်း ဖြစ်ကြပါတယ်။

သူတို့ရဲ့ အမွေးတွေဟာ သိုးသိုးမွေးနဲ့ ဆင်တူတာကြောင့် သိုးမွေးနဲ့တူတဲ့ ချည်ထည်ပစ္စည်းများ ပြုလုပ်ရာမှာ အသုံးပြုကြပါတယ်။

သူတို့ရဲ့အမွေးတွေကိုတော့ စောင်များ၊ အင်္ကျီများ၊ ဦးထုပ်များ၊ လက်အိတ်များ၊ ပဝါများနဲ့ အထည်အလိပ်မျိုးစုံတို့မှာ အသုံးပြုကြတဲ့အပြင် တောင်အမေရိကတိုက်မှာတော့ အင်္ကျီများ၊ ခြေအိတ်များကို အဓိကထားပြုလုပ်ကြပြီး ကမ္ဘာ့ အခြားနေရာများမှာတော့ အိပ်ယာတွေအဖြစ် အသုံးပြုကြပါတယ်။

အယ်ပါကာတို့ဟာ ခန္ဓာကိုယ် ဘာသာစကားဖြင့် ပြောဆိုဆက်ဆံလေ့ရှိပါတယ်။ သူတို့တွေဟာ ကြောက်ရွံ့ခြင်း သို့မဟုတ် တုန်လှုပ်ခြင်း ကြုံတွေ့ရတဲ့အခါ အထီးတွေက အမတွေထက် ပိုမို ရန်လိုတတ်ကြပြီး သူတို့ရဲ့ အုပ်စုအတွင်း ကြီးစိုးမှုကို ထူထောင်လေ့ရှိပါတယ်။

ဒါပေမဲ့ လူတွေကိုတော့ အန္တရာယ် လုံးဝ မပြုပါဘူး။ အယ်ပါကာတို့ကို လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကပင် မွေးမြူခဲ့ကြပါတယ်။

ပီရူးမြောက်ပိုင်းရှိ Moche လူမျိုးတွေဟာ သူတို့ရဲ့ အနုပညာတွေမှာ အယ်လ်ပါကာ ရုပ်ပုံများကို မကြာခဏ အသုံးပြုကြပါတယ်။

ကုလားအုတ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ သန်းခန့်က မြောက်အမေရိကမှာ မျိုးသုဉ်းသွားခဲ့ကြပေမဲ့လည်း ယနေ့ ကျွန်ုပ်တို့ မြင်တွေ့နေရသော မျိုးစိတ်များဟာ တောင်ဘက်ပိုင်းမှာ ထွန်းကားခဲ့ပါတယ်။

အယ်ပါကာတွေဟာ နယ်မြေအလိုက် အယ်လ်ဖာအထီး၊ အမတွေနဲ့ အကောင်ငယ်လေးတွေ စုပေါင်းပါ၀င်တဲ့ မိသားစုအုပ်စုမှာ နေထိုင်တတ်တဲ့ တိရစ္ဆာန်လေးတွေပါ။

ဒီကောင်လေးတွေဟာ သေးငယ်သော သားရဲများကို သူတို့ရဲ့ ရှေ့ခြေဖြင့် တိုက်ခိုက်နိုင်သလို တံတွေးနှင့်လည်း ထွေးပစ်လေ့ရှိကြပါတယ်။

သူတို့မျိုးစိတ်ဟာ တံတွေးနဲ့ထွေးတတ်တာက အထူးခြားဆုံး အမူအကျင့်ဖြစ်ပြီး အထီးတွေ တံထွေးထွေးရင်တော့ ရန်လိုမှုကို ဖော်ပြတယ်လို့ သိရပါတယ်။

ဒါ့အပြင် သူတို့လေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် တံတွေးထွေးနိုင်ပါတယ်။ အမက အထီးကို စိတ်မဝင်စားတော့တဲ့အခါ၊ ပုံမှန်အားဖြင့် အမက ထုံနေပြီလို့ ထင်တဲ့အခါ တံတွေးထွေးကြပါတယ်။

အများစုကတော့ လေကိုမှုတ်ထုတ်ပြီး ခေါင်းကို မြှောက်ကာ တံတွေးထွေးခြင်းမပြုမီ အနည်းငယ်သတိပေးချက် ပေးကြပြီး နားရွက်ကို ထောင်လာတာမျိုးပါ။

ဒါ့အပြင် သူတို့တွေရဲ့ တံထွေးဟာ ဆယ်ပေအထိ ရောက်နိုင်ပါတယ်။ ဥပမာအားဖြင့် အခြားတိရိစ္ဆာန်များ နောက်ပြန်မဆုတ်ပါက အယ်ပါကာတွေဟာ သူတို့ရဲ့ အစာအိမ်အတွင်း ပါဝင်မှုအားလုံးကို စွန့်ထုတ်ကာ တံတွေးထွေးခြင်းကို ပြုလုပ်ကြပါတယ်။

အယ်ပါကာတွေဟာ တစ်ခါတစ်ရံမှာ ရန်လိုတတ်ပေမဲ့ အလွန်နူးညံ့သိမ်မွေ့ပြီး ဉာဏ်ရည်ထက်မြက်သလို အလွန်အကဲခတ်နိုင်တဲ့ ကောင်လေးတွေပါ။

အများစုက အလွန်တိတ်ဆိတ်စွာ နေထိုင်ကြပေမဲ့ အထီးကောင်လေးတွေကတော့ အခြား အထီးတွေနဲ့ တိုက်ခိုက်တတ်ကြပါတယ်။

သူတို့တွေဟာ ခြိမ်းခြောက်မှု အမျိုးအစားတစ်ခုခုကို ခံစားလာရတဲ့အခါ ကြောက်ရွံ့ကြပါတယ်။ လူတစ်ဦး သို့မဟုတ် အခြား အယ်ပါကာက သူတို့နောက်မှ ရုတ်တရက် ပေါ်လာတဲ့အခါမျိုးမှာ ခြိမ်းခြောက်မှုကို ခံစားရနိုင်ပါသတဲ့။

ခန္ဓာကိုယ် ဘာသာစကားက သူတို့ချင်း ပြောဆိုဆက်ဆံရေးအတွက် သော့ချက်ပါပဲ။ သူတို့ရဲ့ အမူအကျင့်တွေကို ထိန်းသိမ်းဖို့လည်း ကူညီပေးတယ်။

ဥပမာ သူတို့ရဲ့ နားရွက်တွေကို နောက်သို့ ဆွဲထုတ်ကာ ဘေးတိုက်ရပ်နေတဲ့ ကိုယ်ဟန်အနေအထားမျိုးပါ။ အယ်ပါကာ အထီးတွေက သူတို့ရဲ့ နယ်မြေနဲ့ အုပ်စုကို အကာအကွယ်ပေးတဲ့အခါမှာ ဒီပုံစံကို အသုံးပြုကြပါတယ်။

အယ်ပါကာတို့ဟာ ယေဘူယျအားဖြင့် အလွန်လေ့ကျင့်ပေးရလွယ်ပြီး အများအားဖြင့် အစားအသောက်ပုံစံတို့ဖြင့် ဆုလာဘ်ကို တုံ့ပြန်လေ့ရှိပါတယ်။

အထူးသဖြင့် ဦးခေါင်း သို့မဟုတ် လည်ပင်းကို ပွတ်သပ်ခြင်းမှ ရှောင်ကြဉ်ပါက သူတို့ဟာ လူတွေနဲ့ အဆင်ပြေလွန်းတဲ့ အကောင်တွေပါ။

သူတို့လေးတွေကို အုပ်စုကြီးများမှာကို အစုလိုက်အပြုံလိုက် ထိန်းရန် အလွန်လွယ်ကူပါတယ်။ သို့ပေမဲ့ ထိန်းကျောင်းနေစဉ်အတွင်း ကိုင်တွယ်သူက တိရိစ္ဆာန်များကို ဖြည်းညှင်းစွာ တိတ်တိတ်ဆိတ်ဆိတ် ချဉ်းကပ်ရန် အကြံပြုထားတာကြောင့် ယင်းကို မလိုက်နာပါက တိရစ္ဆာန်နဲ့ ကိုင်တွယ်သူတို့အတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ဒီကောင်လေးတွေဟာ လေ့ကျင့်သင်ကြားပြီး အသိအမှတ်ပြုထားတဲ့ ကုထုံး တိရစ္ဆာန်လေးတွေအဖြစ် အမေရိကန်က ဘိုးဘွားရိပ်သာများနဲ့ ဆေးရုံများမှာ စတင် အသုံးပြုနေကြပြီဖြစ်ပါတယ်။

သုတေသီတို့က ဒီကောင်လေးတွေဟာ နာကျင်မှု၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုများကို လျှော့ချနိုင်တယ်လို့ ဆိုထားပါတယ်။

ဒီတိရိစ္ဆာန် ကုထုံး အမျိုးအစားဟာလည်း ရေပန်းစားလာနေပြီး အမေရိကန်ပြည်ထောင်စု တစ်ဝှမ်းရှိ အဖွဲ့အစည်းအများအပြားမှာ အသုံးပြုနေကြပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *