ခေတ်မှီအစွမ်းထက်လာတဲ့ သင်္ဘောဖျက် ဒုံးကျည်များ

ခေတ်မှီအစွမ်းထက်လာတဲ့ သင်္ဘောဖျက် ဒုံးကျည်များ

သင်္ဘောဖျက်ဒုံးကျည်တွေဟာ ရေတပ်စစ်သင်္ဘောတွေအတွက် အန္တရာယ်တစ်ခုအဖြစ် ကြီးထွားလာနေပါတယ်။

ရေဒါလှိုင်းတွေ အပူရှာကိရိယာတွေနဲ့ထောက်လှမ်းရ ခက်ခဲတဲ့ ဒုံးကျည်တွေ ထွက်ပေါ်လာနေပါတယ်။

ထင်ရှားတဲ့ သာဓကကို ပြသလိုက်တာကတော့ ယူကရိန်းပဲ ဖြစ်ပါတယ်။ သူတို့ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၂ စင်းဟာ နာမည်ကြီး ပစ်မှတ်တစ်ခုကို အချိန်တိုအတွင်းမှာ တစ်စစီဖျက်ဆီးနှစ်မြုပ်ပစ်လိုက်ပါတယ်။

Neptune ဒုံးကျည်

ပစ်မှတ်ကလည်း နှယ်နှယ်ရရ မဟုတ်ပါဘူး။ ရုရှားရဲ့ ပင်လယ်နက်ရေတပ်အုပ်စုက အလံတင် သင်္ဘောကြီး Moskva ဖြစ်ပါတယ်။

သင်္ဘောသား ၅၀၀ လောက်ပါရှိပြီး သင်္ဘောဖျက်၊ လေယာဉ်ပစ် ဒုံးအမျိုးမျိုး တပ်ဆင်ထားပါတယ်။ အီလက်ထရောနစ် လေကြောင်းကာကွယ်ရေးစနစ်ကလည်း အကောင်ဆုံးစနစ်လို့တောင် ဆိုကြပါတယ်။

ဒီစနစ်က သူနဲ့ သူ့ရေတပ်သင်္ဘောအုပ်စုအပြင် ရေပြင်ပိုင်နက်ကိုပါ လွှမ်းခြုံကာကွယ်နိုင်ပါတယ်။ ဒါတောင်မှ ယူကရိန်းဒုံးကျည် ၂ စင်းကို မကာကွယ်နိုင်ခဲ့ပါဘူး။

နစ်မြှုပ်သွားတဲ့ ရှရှားအလံတင်သင်္ဘော Moskva

ကဲ အခု ဒီဒုံးကျည်တွေအကြောင်း ကြည့်ရအောင်။

သင်္ဘောဖျက်ဒုံးကျည်တွေဟာ ကုန်ကျစရိတ်နည်းပါးပြီး တာတိုပစ်အမျိုးအစားတွေ များပါတယ်။

ဒီထဲကမှ ယူကရိန်းရဲ့ R-360 Neptune ကို လေ့လာကြည့်တဲ့အခါ ရုရှားတို့ ခရိုင်းမီးယားကို ကျူးကျော်ခဲ့စဉ်က စတင် အသုံးပြုတာ တွေ့ခဲ့ရပါတယ်။

R-360 မှာ မျိုးကွဲအနေနဲ့ RK-360 Neptune Complex ဆိုပြီး တွေ့ရပါတယ်။ အံ့ဩစရာက သူဟာ ဆိုဗီယက်ခေတ်က X-35 Zvezda ဒုံးပေါ်မှာ အခြေခံထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Neptune ဒုံးကျည်

X-35 ဟာ တန် ၅,၀၀၀ လောက်ရှိတဲ့သင်္ဘောတွေကို ဖျက်ဆီးနိုင်ပါတယ်။ ခုအဆင့်မြှင့်လိုက်တဲ့ Neptune Complex ဟာ မြေပြင် ဝေဟင်နဲ့ အခြားပလက်ဖေါင်းတစ်ခုခု ကြိုက်ရာကနေ ပစ်ခတ်နိုင်ပါတယ်။

သူ့မှာ Target Seeking Device ပါဝင်ပါတယ်။ အမြင့်ပြစနစ်၊ ဂျိုင်ရိုစကုပ် ( Gyroscope ) လမ်းညွှန်စနစ်နဲ့ အတောင်ပံ အတက်တွေ ပါရှိပါတယ်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၃ မှာ Neptune Complex ဒုံးအားလုံးကို ဒေါ်လာ သန်း ၄၀ ဖိုးသုံးပြီး အဆင့်မြှင့်တင်ခဲ့ပြန်ပါတယ်။ ဒါကိုတော့ RK-360 MC Complex လို့ အမည်ပေးခဲ့ပါတယ်။

Neptune ဟာ အခြား သင်္ဘောဖျက် ဒုံးကျည်တွေနဲ့ယှဉ်ရင် ဈေးသက်သာလှပါတယ်။ ပုံမှန် Harpoon ဒုံးကျည်တစ်ခုကို ဒေါ်လာ ၁.၅ သန်းတန်ကြေးရှိပါတယ်။

ဒါပေမဲ့ Arleigh Burke အမျိုးအစား ဖျက်သင်္ဘောတစ်စင်းဟာ ဒေါ်လာ ၂ ဘီလီယံလောက် တန်ဖိုးရှိတာမို့ အကျိုးအမြတ်ကို အချိုးချကြည့်ရင် တန်တယ်လို့ ဆိုရမှာပါ။

Harpoon

သင်္ဘောဖျက် ဒုံးကျည်တွေဟာ ကြားဖြတ်ထောက်လှမ်းဖို့ ခက်ခဲပါတယ်။ အနာဂတ်အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပါတယ်။

များသောအားဖြင့် Sea Skimming ခေါ် ရေပေါ်လျှပ်ပျံတဲ့ အမျိုအစားတွေဖြစ်ကြပါတယ်။ နိမ့်နိုင်သမျှ နိမ့်အောင် ပျံသန်းကြတာဖြစ်လို့ ရေဒါကိုရှောင်ကွင်း နိုင်ပါတယ်။

ပစ်လွှတ်ကာစမှာ ပေ ၁၅၀ လောက်ကပျံပေမဲ့ အရှိန်ရသွားရင် ရေပြင်အထက် ၁၅ ပေ လောက်က ပျံသန်းကြပါတယ်။

သင်္ဘောက ထောက်လှမ်းမိတဲ့အချိန်မှာ သူက ၁၇ မိုင်နဲ့ ၂၈ ကြားအကွာအဝေးကို ရောက်နေပါပြီ။ ဒါက သင်္ဘောမှာ အချက်ပေးချိန် ၂၅ က ၆၀ စက္ကန့်သာ ရပါလိမ့်မယ်။

ရှရှားရဲ့ SS-N-27 Sizzler

ဒုံးတွေမှာ နောက်ပိုင်း Inertial Guidance System နဲ့ Radar Homing System တွေပါဝင်လာလို့ ပစ်မှတ်ကိုတိကျစွာ ထိမှန်စေပါတယ်။

Infrared Homing Missiles တွေဆိုရင် အပူရှာ ကိရိယာပါဝင်လို့ ပိုကြောက်စရာ ဖြစ်လာနေပါတယ်။ Radio Wave နဲ့ လမ်းကြောင်းကို ထိန်းချုပ်နိုင်တာမျိုးလည်း ရှိပါတယ်။

သူ့ကိုတားမြစ်ဖို့ နည်းလမ်းကတော့ မပစ်ခင်ကြိုတင် ဖျက်ဆီးနိုင်မှ ဖြစ်ပါလိမ့်မယ်။ ဒါကလဲ နေရာအမျိုးမျိုး ၊ယာဉ်အမျိုးမျိုးပေါ်က ပစ်လွှတ်နိုင်တာဆိုတော့ တည်နေရာအတိအကျသိဖို့ မလွယ်ပါဘူး။

ထင်ရှားတဲ့ ဒုံးတွေကတော့ ရုရှားရဲ့ SS-N-27 Sizzler တို့၊ တရုပ်ရဲ့ Dong Feng 21 တို့ ဖြစ်ပါတယ်။ Dong Feng ဒုံးဟာ မိုင် ၁,၀၀၀ ထိ ပစ်ခတ်နိုင်ပါတယ်။ ထပ်မံထုတ်လုပ်တဲ့ Dong Feng 26 ဆိုရင် မိုင် ၂,၅၀၀ အထိ ပစ်နိုင်ပါတယ်။

Dong Feng 21

နိဂုံးချုပ်ရရင်တော့ အသံထက်မြန်တဲ့နှုန်းနဲ့ ချဉ်းကပ်လာမယ့် သင်္ဘောဖျက်ဒုံးတွေဟာ ရေတပ်အတွက်ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပါတယ်လို့ ယူဆရပါကြောင်း။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *