မဖြစ်နိုင်သောအရာကို လုပ်ဆောင်ခြင်း (သို့) ထိုင်းထမ်လွမ်ဂူ ကယ်ဆယ်ရေးအကြောင်း
လွန်ခဲ့တဲ့ လေးနှစ်ကျော်က ကမ္ဘာ့လူထုကို အထိတ်တလန့်ဖြစ်စေခဲ့တဲ့ ထိုင်းကလူငယ်လေးတွေ ပျောက်ဆုံးခဲ့မှုကို စာဖတ်သူတို့လည်း အမှတ်ရနေလောက်ဦးမယ် ထင်ပါတယ်။
ကလေးနှစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ ဒီဖြစ်ရပ်မှာ ဘယ်လိုမျိုး ကလေးတွေကို ကယ်ထုတ်ခဲ့ရလဲနဲ့ မဖြစ်နိုင်တဲ့အရာမျိုးကို စွမ်းဆောင်နိုင်ခဲ့တယ်လို့ ကင်ပွန်းတပ်ခံခဲ့ရတဲ့ ထမ်လွမ်ဂူ ကယ်ဆယ်ရေးအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။
ထမ်လွမ်ဂူ ကယ်ဆယ်ရေးဟာ ကမ္ဘာမှာ မြင်ဖူးသမျှ အရှုပ်ထွေးဆုံးနဲ့ အန္တရာယ်အရှိဆုံး ကယ်တင်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပြီး ကယ်ဆယ်ဖို့အတွက် ၁၀ ရက် အချိန်ယူခဲ့ရတဲ့ အခက်ခဲဆုံး ကယ်ယူခဲ့ရတဲ့ ဖြစ်စဥ်လည်း ဖြစ်ပါတယ်။
ချာတိတ်လေး ၁၂ ယောက်နဲ့ သူတို့ရဲ့ ဘောလုံးနည်းပြကို မြေအောက်ရဲ့ အနက်ရှိုင်းဆုံးထဲမှာ အသက်ရှင်လျက် တွေ့ရှိခဲ့ရချိန်မှာတော့ တစ်ကမ္ဘာလုံးက လူထုကို ဝမ်းသာအားရဖြစ်စေခဲ့ပြီး ဒီကယ်ဆယ်ရေး အစအဆုံးဟာလည်း အမှတ်ရစရာတွေနဲ့ သဲထိတ်ရင်ဖိုတွေကြီးပါပဲ။
ဒီကယ်ဆယ်ရေးကို ဦးဆောင်ခဲ့သူကတော့ Vernon Unsworth ဆိုသူပါ။ သူဟာ တစ်ကီလိုမီတာခွဲ ရေငုပ်သွားရမယ့် အကွာအဝေးမှာ ပျောက်ဆုံးနေသူတို့ ရှိတာကို စသိခဲ့သူ၊ သူတို့ကို ဘယ်လိုအသက်ရှင်အောင် ကယ်ထုတ်ရမလဲဆိုတာကို ကြိုးပမ်းစွန့်စားခဲ့သူလည်း ဖြစ်ပါတယ်။
Vernon ဟာ ဖိအားတွေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့သူ၊ တည်ငြိမ်တဲ့သူပါ။ သူက မြေအောက်လိုဏ်ဂူတွေကို နှစ်ပေါင်း ၅၀ နီးပါး စူးစမ်းရှာဖွေခဲ့သူလည်း ဖြစ်ပါတယ်။
ကယ်ဆယ်ရေးကို ဦးဆောင်ခဲ့သူက မြေအောက်လှိုဏ်ဂူတွေကို စူးစမ်းရှာဖွေရတာ ဝါသနာပါတဲ့သူဖြစ်နေတယ်ဆိုတာကလည်း ဒီကယ်ဆယ်ရေးရဲ့ ထူးခြားချက်တစ်ခုပါပဲ။
ဒီလို မဖြစ်နိုင်တဲ့ ကယ်ဆယ်မှုမျိုးကို ဦးဆောင်ခဲ့တဲ့ Vernon ဟာ Boars ဘောလုံးအသင်းကို ကယ်တင်နိုင်ခဲ့သူပါ။
ကောင်လေးတွေ ဘယ်လိုပျောက်ဆုံးခဲ့လဲ
ပျောက်ဆုံးခဲ့သူတွေဟာ အသက် ၁၁ နှစ်မှ ၁၆ နှစ်ကြား ယောက်ျားလေး ၁၂ ဦး ဘောလုံးအသင်းအုပ်စု ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၃ ရက် စနေနေ့က သူတို့ရဲ့ ဘောလုံးလေ့ကျင့်မှုအပြီး အသက် ၂၅ နှစ်အရွယ် နည်းပြနှင့်အတူ နေ့ချင်းပြန် ခရီးအတွက် ထမ်လွမ်လိုဏ်ဂူသို့ သွားခဲ့ကြတာပါ။
ဒီဂူကလည်း လူသိများတဲ့ ဒေသဆိုင်ရာ အထင်ကရ နေရာတစ်ခုဖြစ်ပြီး လည်ပတ်သူတို့ကလည်း ၁၀ ကီလိုမီတာ (ခြောက်မိုင်) အကွာအဝေး အနက်ထဲကို သူတို့ ဘယ်လောက်အကွာအဝေးအထိ ရောက်နိုင်လဲဆိုတာကို ယှဥ်ပြိုင်လေ့ရှိကြပါတယ်။
ဒါပေမယ့် ကံဆိုးစွာနဲ့မှ အနက် ၄ ကီလိုမီတာ (၂.၅ မိုင်) ရေကြီးရေလျှံမှုကြောင့် ပိတ်မိသွားခဲ့ပြီး ထိုင်းအာဏာပိုင်တွေက Vernon ရဲ့ဖုန်းကို ဖုန်းဆက်ပြီး အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတော့တယ်။
ကယ်ဆယ်ရေး
Vernon နဲ့ သူ့အဖွဲ့ က ကောင်လေးတွေကို ကယ်တင်ဖို့အတွက် ဂူထဲကို ရေငုပ်မသွားရဘဲ အခြားနည်းမရှိဘူးဆိုတာ သိခဲ့သလို ကောင်လေးတွေကိုလည်း အသက်ရှင်လျက်နဲ့ တွေ့ရှိခဲ့ရဖို့ မမျှော်လင့်ခဲ့ကြပါဘူး။
ကယ်ဆယ်ရေးကို ဇူလိုင် ၁ ရက်နေ့က စတင်ရှာဖွေခဲ့သော်လည်း နောက်တစ်နေ့အထိ ကလေးတွေကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါဘူး။
ဂူထဲမှာလည်း ပုပ်နံ့တွေ တောက်လျှောက်ရနေခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကလည်း အလောင်းတွေကို ရှာဖွေနေရပြီလားဆိုပြီး ပူပန်နေခဲ့ကြရပါပြီ။
ကောင်လေးတွေကို အသက်ရှင်လျက် လွတ်မြောက်စေနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းမှာ သူတို့ကို စိတ်ငြိမ်အောင်ထားခြင်း ဖြစ်ပါတယ်။
Ketamine, xanax နဲ့ atropine တို့ကို ရောစပ်ပြီး ဂူထဲမှရေများကို ခမ်းခြောက်အောင်လည်း ကြိုးပမ်းခဲ့ရတယ်။
ကောင်လေးတွေကို တွေ့ရှိချိန်မှာတော့ တချို့က မေ့မြောနေကြသလို အချို့ကတော့ အသက်ရှုမဝ ဖြစ်နေကြပါပြီ။
ကောင်လေးတစ်ဦးချင်းစီကို အောက်ဆီဂျင် မျက်နှာဖုံးတွေ ပေးထားပြီးထမ်းစင်တစ်မျိုးမှာ ထုပ်ပိုးကာ လက်နဲ့ခြေတို့ကို ကြိုးဖြင့် ချည်နှောင်ခဲ့ရပါတယ်။
ကယ်ဆယ်ရာမှာလည်း ကောင်လေးတွေကို သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ နီးကပ်စွာ ပွေ့ချီထားရသလို ရှေ့သို့ တွန်းထုတ်ထားခြင်းနဲ့ တစ်ဖုံ၊ လိုဏ်ဂူထဲက အကွေ့အကောက်တွေကို လှည့်ပတ်စေခဲ့ရင်း ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရပါတယ်။
ဂူခေါင်မိုးပေါ်ကနေ ယောက်ျားလေးတွေကို တစ်ယောက်ချင်းစီ ဆွဲထုတ်ရခဲ့ပါတယ်။ နှစ်ရက်အကြာမှာ ကောင်လေး ၈ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး နည်းပြနဲ့ နောက်ကောင်လေး ၄ ယောက်ကတော့ အထဲမှာ ပိတ်မိနေဆဲပါ။
အဲ့လိုဖြစ်နေချိန်မှာ မိုးက တအားသည်းလာခဲ့တော့ ကယ်ဆယ်ရေးက ပိုခက်ခဲသွားခဲ့ရတယ်။ ကယ်ဆယ်ရေးသမားတစ်ယောက်လည်း အောက်ဆီဂျင်အိုးတွေကို သယ်ဆောင်ထောက်ပံ့ပေးရင်း သက်ဆုံးရှုံးခဲ့ရတယ်။
နောက်ဆုံးမှာတော့ ပိတ်မိနေခဲ့တဲ့ ၁၃ ယောက်လုံးကို ကယ်တင်နိုင်ခဲ့ပြီး ဇူလိုင် ၁၈ မှာ ဆေးရုံကို ပို့ဆောင်နိုင်ခဲ့ပြီး မိသားစုတွေနဲ့ ဆုံစည်းစေခဲ့ပါတယ်။
ကယ်ဆယ်နေချိန် သေဆုံးခဲ့ရတဲ့ Saman ဆိုသူကိုလည်း ရုပ်တုထုပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
နောက်ကယ်ဆယ်ရေးသမား တစ်ယောက်ကလည်း တစ်နှစ်ကြာမှာ ဂူမှာဖြစ်ခဲ့တဲ့ သွေးထဲပိုးဝင်ခဲ့မှုကြောင့် ဆုံးပါးခဲ့ရတယ်။
လူပေါင်း တစ်သောင်းလောက် ဒီကယ်ဆယ်ရေးမှာ ပါဝင်ခဲ့ပါတယ်။ ရေငုပ်သမားကြီးပဲ အယောက် ၁၀၀ ကျော်တယ်။
ဂူနက်ထဲကို ဆင်းသက်နိုင်ဖို့ ရေလီတာ ဘီလီယံကျော်ကို စုပ်ထုတ်၊ ခမ်းခြောက်အောင် ကြိုးပမ်းခဲ့ရတယ်။ ဒါကြောင့် ဒီကယ်ဆယ်ရေးဟာ မဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေအားလုံးကို ဆန့်ကျင်ခဲ့ရတဲ့ ကယ်ဆယ်ရေးတစ်ခုလည်း ဖြစ်ပါတယ်။
Knight News Team
Knight News © 2022