ဒေါ်လာသန်းချီတန်တဲ့ ငွေအကြွေစေ့
လူ့ကံကြမ္မာဟာ အံ့ဘွယ်ကောင်းလှပါတယ်။ သိမ်းထားတဲ့ အကြွေစေ့တစ်ခုဟာ ဒေါ်လာသန်းချီ တန်ဖိုးရှိနေတာကို မသိလိုက်တဲ့လူလဲ ရှိပါတယ်။
ဒီအကြောင်း ရှာဖွေတင်ပြလိုက်ပါတယ်။
၁၉၄၇ ခုနှစ်မှာ မက်ဆာချူးဆက်က ကျောင်းက ကျောင်းသားတစ်ဦးဖြစ်တဲ့ ဒွန်လု (Don Lute Jr.) ဟာ နေ့လည်စာ ကျောင်းကန်တင်းမှာ ဝယ်စားခဲ့ပါတယ်။ သူက ပြန်အမ်းတဲ့ ငွေအကြွေစေ့တွေကို စုဘူးထဲ ထည့်ထားလေ့ ရှိပါတယ်။
Don Lute Jr.
နှစ် ၇၀ အကြာ သူကွယ်လွန်ပြီးနောက်မှာတော့ သူ့ရဲ့ ဒင်္ဂါးစေ့တစ်ခုဟာ ဒေါ်လာ ၁.၇ သန်း တန်နေတယ်ဆိုတာ သူသိမသွားရှာပါဘူး။ဒီဈေးနှုန်းဟာ ၂၀၁၀ ခုနှစ်က ဈေးဖြစ်ပါတယ်။
သူ့ရဲ့ ဒင်္ဂါးစေ့ဟာ ၁၉၄၃ ခုနှစ်မှာ သွန်းလုပ်ခဲ့တာဖြစ်ပြီး ကြေးနဲ့ပြုလုပ်ထားပါတယ်။ ဒင်္ဂါးပေါ်မှာ သမ္မတ အေဗရာဟင်လင်ကွန်းပုံ ထုလုပ်ထားပါတယ်။
ငွေဒင်္ဂါး စုဆောင်းသူတွေဟာ ဒီငွေဒင်္ဂါးတွေကို ဆယ်စုနှစ်တွေကြာအောင် ရှာဖွေနေခဲ့ကြပါတယ်။ဈေးကွက်ထဲမှာ အခုရေ ၂၀ လောက်သာ ရှိတယ်လို့ ဆိုကြပါတယ်။ Lute ရဲ့ ဒင်္ဂါးဟာလဲ ဒီထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ဒီဒင်္ဂါးသွန်းလုပ်တဲ့အချိန်ဟာ ဒုတိယ ကမ္ဘာစစ်ဖြစ်နေတဲ့အချိန် ဖြစ်ပါတယ်။ စစ်ဖြစ်နေတဲ့အချိန်မို့ သတ္တုတွေဟာ ကန့်သတ်ပစ္စည်း ဖြစ်ပါတယ်။
အထူးသဖြင့် ကြေးဟာ ဝိုင်ယာကြိုးနဲ့ ကျည်ဆန်အခွံတို့ ထုတ်လုပ်ရာမှာ အဓိက ကြပါတယ်။ ဒါကြောင့် ကြေးနဲ့ ထုတ်လုပ်တဲ့ ဒင်္ဂါးတွေကို မှားယွင်းထုတ်လုပ်မှုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာ စတီးပြားကို သွပ်ရည်စိမ်ပြီး ထုတ်လုပ်ခဲ့ကြပါတယ်။ ဒီဟာတွေကြားမှာ မှားယွင်းထုတ်လုပ်ခဲ့တဲ့ ကြေးနီဒင်္ဂါး အနည်းငယ်တွေကို ဆက်လက်အသုံးပြုစေခဲ့ပါတယ်။
ကြေးနီဒင်္ဂါးတွေ တဖြည်းဖြည်းလျော့နည်း ပျောက်ကွယ်လာတာကို သတိပြုမိတဲ့ စုဆောင်းသူတွေဟာ ဒီ ဒင်္ဂါးတွေကို အလုအယက် ရှာဖွေစုဆောင်းလာကြပါတော့တယ်။
သူဌေးကြီး ဟင်နရီဖို့ဆိုရင် ဒီဒင်္ဂါးတစခစေ့ကို ကားတစ်စီးနဲ့ လဲပေးမယ်လို့တောင် ကြေငြာခဲ့ဘူးပါတယ်။
ဒါကြောင့် ဘဏ္ဍာရေးဌာနဟာ ၁၉၄၃ ခုနှစ်မှာ ဘာဒင်္ဂါးမှ မထုတ်ခဲ့ဘူးလို့ ကြေငြာရတဲ့အထိ ဖြစ်ခဲ့ပေမယ့် စုဆောင်းမှုကတော့ ရပ်မသွားခဲ့ပါဘူး။
Lute က ဟင်နရီဖို့ရဲ့ ကြေငြာချက်ကို ကြားခဲ့ရလို့ ဘဏ္ဍာရေးဌာနကို မေးကြည့်ခဲ့ဖူးပါတယ်။ ဘဏ္ဍာရေးဌာနရဲ့ အကြောင်းပြန်ချက်က သူ့ကိုစိတ်ပျက်စေခဲ့ပါတယ်။
လင်ကွန်း
အခြားသူများစွာကလဲ သူ့လို မေးမြန်းခဲ့ကြတာဖြစ်ပြီး အဖြေကတော့ ၁၉၄၃ ခုနှစ်မှာ ဘာကွိုင်စေ့မှ မထုတ်ခဲ့ပါဘူးလို့ဘဲ ဖြစ်ပါတယ်။ Lute ဟာ စိတ်ပျက်ပြီး အကြွေစေ့ကို ပြန်သိမ်းထားခဲ့ပါတယ်။
သူ့လိုမဟုတ်တဲ့ အခြားသူတစ်ယောက်ကတော့ Marvin Beyer ဆိုသူ လူငယ်တစ်ဦး ဖြစ်ပါတယ်။ သူက ဒီလို ဒင်္ဂါးတစ်ပြားရှိကြောင်း သူ့အဖေကို ပြောခဲ့ပါတယ်။
သူ့အဖေဖြစ်သူက ၁၉၅၃ ခုနှစ်မှာ ဒီဒင်္ဂါးကို လေလံတင်ခဲ့ရာမှာတော့ ဒေါ်လာ ၄၀,၀၀၀ အထိ ရရှိခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်မှာ ၄၀,၀၀၀ ဟာ များပြားလှတဲ့ ပမာဏဖြစ်ပါတယ်။
သနားစရာ Lute ကတော့ လေလံတင်ဖို့ စိတ်ကူးယဉ်နေစဉ်မှာပဲ ကွယ်လွန်သွားပါတယ်။
ဒင်္ဂါးပြားကတော့ ကျန်ရစ်သူတွေလက်ထဲ ရောက်ရှိသွားခဲ့ပါပြီ။ ဘာတွေဆက်ဖြစ်တယ်ဆိုတာကတော့ ခုထိ ဘယ်သူမှ မသိကြပေမယ့် လေလံပွဲတစ်ခုခုမှာတော့ ပေါ်ထွက်လာမယ်လို့မျှော်လင့်နေကြပါတယ်။
Fox News ရဲ့ အဆိုအရ ဒါဟာ မှားယွင်းမှု ဖြစ်တယ်ဆိုရင်တောင် တန်ဖိုးကြီးတဲ့ မှားယွင်းမှုတစ်ခုလို့ သတ်မှတ်ရမှာပါတဲ့။
စာရှုသူတို့လဲ အကြွေစေ့များရခဲ့ရင် ဂရုတစိုက် စစ်ဆေးကြည့်ကြဖို့ မမေ့ကြပါနဲ့နော်။
Knight New Team
Knight News © 2022