ကမ္ဘာ့အအေးဆုံးနဲ့ နိုင်ငံတွေ မတည်ရှိတဲ့ တစ်ခုတည်းသော တိုက်ကြီး

ကမ္ဘာ့အအေးဆုံးနဲ့ နိုင်ငံတွေ မတည်ရှိတဲ့ တစ်ခုတည်းသော တိုက်ကြီး

အန္တာတိကတိုက်ဟာ ကမ္ဘာ့တောင်ဘက် အစွန်ဆုံးပိုင်းမှာ တည်ရှိပြီး တောင်ဝန်ရိုးစွန်းရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

အန္တာတိကတိုက်ဟာ ကမ္ဘာပေါ်ရှိ တိုက်ကြီးများမှာ ပျမ်းမျှအားဖြင့် အအေးဆုံး၊ အခြောက်သွေ့ဆုံး၊ လေတိုက်နှုန်းအများဆုံး တိုက်ကြီးလည်းဖြစ်သလို နိုင်ငံတွေ မတည်ရှိကြတဲ့ တိုက်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။

အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၅.၄ သန်းရှိပြီး အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိက တိုက်တို့ပြီးရင် ပဉ္စမမြောက် အကြီးဆုံးတိုက် ဖြစ်ပါတယ်။

အန္တာတိကတိုက်ကို ၁၈၂၀ ခုနှစ် မတိုင်ခင်အထိ ဘယ်သူမှ မမြင်ဖူးသေးပါဘူး။ ၁၈၂၀ ခုနှစ်မှာ မြင်ဖူးတဲ့သူ ရှိပေမယ့် တိုက်ပေါ်ကိုတော့ ခြေမချရဲခဲ့ကြပါဘူး။

အန္တာတိကတိုက်ကို ပထမဆုံးခြေချခဲ့တဲ့သူကတော့ ၁၈၉၅ ခုနှစ်မှာ ခြေချခဲ့တဲ့ နော်ဝေ ဝေလငါးဖမ်းလုပ်ငန်းရှင် Henrik Johan Bull နဲ့ သူ့ရဲ့ဝန်ထမ်းတွေပဲဖြစ်တယ်လို့ ဆိုကြပါတယ်။

အန္တာတိကတိုက်ဟာ ကမ္ဘာပေါ်မှာ အအေးဆုံးနေရာ ဖြစ်ပါတယ်။ ပုံမှန်အပူချိန်မှာတောင် -၇၀ ဒီဂရီ ဆဲလ်စီးယပ်စ်လောက် ရှိပါသတဲ့။

စံချိန်တင် အအေးဆုံး အပူချိန်ကတော့ ၁၉၈၃ ခုနှစ် Antarctica’s Vostok စခန်းကနေ တိုင်းယူရရှိခဲ့တာ ဖြစ်ပြီး -၈၉ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိပါတယ်။

ကမ္ဘာပေါ်ကရှိတဲ့ ရေခဲစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ အန္တာတိက တိုက်မှာ ရှိပါတယ်။ အန္တာတိက တိုက်ဟာ ဥရောပတိုက်ထက် ပိုကြီးပြီး သြစတြေးလျတိုက်ထက် ၂ ဆ ပိုကြီးပါတယ်။

ကမ္ဘာ့ပေါ်ကရှိသမျှ ရေချိုရဲ့ ၇၀% ကိုထိမ်းသိမ်းထားရာ နေရာလည်း ဖြစ်ပါတယ်။ တိုက်ဧရိယာရဲ့ ၉၈% ကို ရေခဲပြင်တွေနဲ့ ဖုံးအုပ်ထားပါတယ်။

ရေခဲလွှာတွေရဲ့ အထူတွေကလည်း ပျမ်းမျှအားဖြင့်၂,၅၀၀ မီတာ ရှိပြီး တချို့နေရာတွေမှာဆိုရင်တော့ ၄,၀၀၀မီတာကျော်အထိ ထူပါတယ်။ ကျန်တဲ့ ၂ ရာခိုင်နှုန်းကတော့ ရေခဲတွေဖုံးလွှမ်းခြင်းမရှိပဲ ရေညှိတွေ၊ မှော်ပင်တွေ ပေါက်ရောက်နေပါတယ်။

ကမ္ဘာ့ရေခဲပြင် စုစုပေါင်း ဧရိယာရဲ့ ၈၅ ရာခိုင်နှုန်းဟာ အန္တာတိက ဒေသမှာရှိတာကြောင့် အန္တာတိကတိုက်ကို ရေခဲကန္တာရလို့ တင်စားခေါ်ဝေါ်လေ့ ရှိပါတယ်။

တကယ်လို့များ အန္တာတိကတိုက်က ရေခဲတွေအကုန်လုံးသာ အရည်ပျော်ခဲ့ရင် ကမ္ဘာ့သမုဒ္ဒရာ ရေပြင်တွေရဲ့ အမြင့်ဟာ ၇၀ မီတာခန့် မြင့်သွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးနီးပါး ရေလွှမ်းခြင်းကို ခံကြရမှာပါ။

အန္တာတိကတိုက်မှာ မီးတောင်ပေါင်း ၁၃၈ ခု ရှိပြီး အထင်ရှားဆုံးကတော့ မီးတောင်ရှင် Erebus ဖြစ်ပါတယ်။ အန္တာတိက ရေခဲပြင်များ အောက်မှာ အရည်ပျော်နေသော ရေကန်များ၊ မြစ်များရှိကြောင်းကိုလည်း မကြာသေးမီက ဂြိုလ်တု တိုင်းတာချက်များအရ သိရပါတယ်။

ကမ္ဘာ ပူနွေးလာမှုကြောင့် အန္တာတိကတိုက် ရေခဲပြင်ဟာ ကမ္ဘာ့မြောက်ခြမ်းရှိ ရေခဲပြင်လောက် အရည်ပျော်မှု မများသော်လည်း ပညာရှင်တို့ရဲ့ မူလက ယူဆထားတာထက် ပိုပြီး မြန်ဆန်စွာ အရည်ပျော်နေလျက် ရှိပါတယ်။

၁၉၉၆ ခုနှစ်မှ စတင်ကာ ရေခဲများ ဆုံးရှုံးလာမှုမှာ ၇၅ ရာခိုင်နှုန်း အထိ ရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်ပြီးလည်း ပိုမိုလျင်မြန်စွာ အရည်ပျော်လျက်ရှိကြောင်းကိုလည်း ယနေ့ချိန်ထိ သတင်းတွေမှာ အကျယ်တဝင့် ဖော်ပြနေကြပါပြီ။

အန္တာတိက အစွန်ပိုင်းရှိ ရေခဲမြစ်များ အရည်ပျော်ခြင်းမှ ပင်လယ်ရေမျက်နှာပြင်ဟာ နှစ်စဉ် ဝ.၄ မီလီမီတာ မြင့်တက်လျက်ရှိကြောင်း သိရှိရပါတယ်။

အန္တာတိကတိုက်မှာ ချီလီလူမျိုးအနည်းငယ် နေထိုင်ကြတဲ့ Villa Las Estrellas ဆိုတဲ့ မြို့တစ်မြို့ ရှိပါတယ်။ အဲဒီမြို့မှာ ကျောင်း၊ ဆေးခန်း၊ စာတိုက်၊ တည်းခိုခန်း၊ အင်တာနက်တွေရှိပါတယ်။

မြို့ဆိုပေမယ့် လူဦးရေကတော့ နွေရာသီမှာ ၁၅၀ ဝန်းကျင်ခန့် နေထိုင်ပြီး ဆောင်းရာသီမှာတော့ ၈၀ ခန့်သာ နေထိုင်ပါတယ်။

အန္တာတိကတိုက်ဟာ လူသားတွေအမြဲမနေနိုင်တဲ့ နေရာဖြစ်ပေမယ့် လူဦးရေ ၅,၀၀၀ ခန့်ကတော့ သုတေသန ဆိုင်ရာလုပ်ငန်းများအတွက် အဲဒီမှာ ရှိနေကြပါတယ်။

အများစုကတော့ နိုင်ငံပေါင်း ၃၀ ကျော်က သိပ္ပံနဲ့ သုတေသန ပညာရှင်တွေဖြစ်ပြီး အဲဒီဒေသက မျိုးစိတ်တွေကိုလေ့လာခြင်း၊ ကမ္ဘာကြီး ပူနွေးလာမှုကို သုတေသနပြုခြင်း၊ မီးတောင်များကို လေ့လာခြင်း၊ ဂြိုဟ်နက္ခတ်တွေကို လေ့လာခြင်း၊ ဥက္ကာပျံများ၊ ခရမ်းလွန်ရောင်ခြည် ဖျာထွက်မှုကိုလေ့လာခြင်း စတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်နေတဲ့ သုတေသနစခန်းပေါင်း ၁၀၀ ဝန်းကျင်ခန့် ရှိပါတယ်။

တရုတ်နိုင်ငံဟာ တောင်ဝင်ရိုးစွန်းအန္တာတိကဒေသက အမြင့်ဆုံးဖြစ်သော Dome A မှာ အန္တာတိက ကုန်းပြင်ရဲ့ အတွင်းပိုင်းကို လေ့လာနိုင်ရန် စခန်းတစ်ခုကို တည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။

Dome A ဟာ ကုန်းပြင်ရဲ့ အတွင်းပိုင်း ၁၂၀၀ ကီလိုမီတာမှာ တည်ရှိတာကြောင့် သဘာဝအလျောက် အအေးဆုံးနေရာဖြစ်ပြီး အမြဲတမ်း အနုတ် ၉၀ ဒီဂရီ ဆဲလ်စီးယက်စ် ဝန်းကျင်မှာ အပူချိန် ဖြစ်ပေါ်လျက် ရှိပါတယ်။

အန္တာတိကတိုက်မှာ ပိုလာဝက်ဝံ မရှိသလို တွားသွားကောင်တွေလည်း မရှိပါဘူး။ (ပိုလာဝက်ဝံတွေက အာတိတ်ဒေသမှာ နေထိုင်ကြတာပါ) အများဆုံးတွေ့ရလေ့ရှိတဲ့ တိရစ္ဆာန်တွေကတော့ ဝေလငါး၊ ပင်ဂွင်း၊ ဖျံ နဲ့ ငါးတွေပဲ ဖြစ်ပါတယ်။

ထူးခြားတဲ့ မျိုးစိတ်ဖြစ်တဲ့ အလင်းပေါက်ငါးတွေဟာ အန္တာတိကတိုက်ရဲ့ ၇၄၀ မီတာ ဝန်းကျင်က ရေခဲပြင်အောက် ၁၀ မီတာ အနက်မှာတွေ့ရလေ့ရှိပြီး ဒီငါးတွေ ဘယ်လိုအသက်ရှင်နေထိုင်ကြသလဲ ဆိုတာကို သိပ္ပံပညာရှင်တွေ သေသေချာချာ မသိသေးပါဘူး။

အန္တာတိကတိုက်ဟာ နျူကလီးယားလိုလက်နက်ပစ္စည်းများ မစမ်းသပ်ဖို့ နိုင်ငံပေါင်း ၄၉ နိုင်ငံကနေ သဘောတူလက်မှတ်ထိုးထားတဲ့ နယ်မြေလည်းဖြစ်ပါတယ်။

မကြာခဏ ရေခဲလွှာများ ပဲ့ထွက်ပြိုကျမှုများ ဆက်တိုက် ဖြစ်ပေါ်နေတာကြောင့် ယခု ရာစုအတွင်း အန္တာတိက တိုက်ရဲ့ အပူချိန်ဟာ ၃ ဒီဂရီ ဆဲလ်စီးယပ်စ်ခန့် တိုးလာပြီး ထိုသို့ တိုးမြင့်လာမှုကြောင့် ပညာရှင်များက ရေကြီး ရေလျှံမှုများ ပေါ်ပေါက်လာမှာကိုလည်း စိုးရိမ်လျက် ရှိနေကြပါတယ်။

ရေခဲထုများ အရည်ပျော်ကျခြင်းတို့ကြောင့် ကမ္ဘာ့ ပင်လယ်သမုဒ္ဒရာ ရေမျက်နှာပြင်ကို မြင့်တက်လာစေသလို ကမ္ဘာကြီးရဲ့ ရာသီဥတုကိုလည်း ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်လာစေရန် သက်ရောက်မှုများ ရှိနေပါတော့တယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *