ဘုရင်မကြီးကိုတောင် ဦးမညွှတ်ခဲ့သူ

ဘုရင်မကြီးကိုတောင် ဦးမညွှတ်ခဲ့သူ

အင်္ဂလန်ဘုရင်မကြီး Elizabeth II ကိုသိကြမှာပါ။ မကြာခင်ကမှ ကွယ်လွန်သွားခဲ့ပြီး ဓနသဟာယနိုင်ငံအားလုံးနဲ့ ကမ္ဘာတလွှားက ခန့်ငြားလေးစားရသူ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဘုရင်မကြီးနဲ့ တွေ့ဆုံရတဲ့အခါ အများနည်းတူ ဦးညွှတ် နှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တဲ့ လူထူးဆန်းတစ်ယောက် ရှိခဲ့ဘူးပါတယ်။

ဦးမညွှတ်ယုံတင်မကဘဲ သူဟာ ထူးဆန်းတဲ့ အစွမ်းတွေ ရှိနေသူလို့လည်း ယုံကြည်ကြပါတယ်။ ခုသူ့အကြောင်း တင်ပြလိုက်ပါတယ်။

သူက Igala လို့ခေါ်တဲ့ အာဖရိက နိုင်ငံငယ်တစ်ခုရဲ့ ဘုရင်ဖြစ်ပြီး သူ့အမည်က အတတ် အမက်ဟ် အိုဘိုနီ (Attah Ameh Oboni) ဖြစ်ပါတယ်။

သူ့အကြောင်းကလဲ ဒဏ္ဍာရီဆန်ပါတယ်။ သူ့က လူသေကောင်ကို ဘယ်တော့မှ မကြည့်သလို မိန်းမတွေနဲ့ လက်ဆွဲနှုတ်ဆက်တာမျိုးလဲ မလုပ်ပါဘူး။

ထူးခြားတာကတော့ သူ့ရဲ့ခေါင်းဆောင်း ဦးထုပ်ထဲမှာ ပျားတွေ ရှိနေကြတာပါ။ ဒါကြောင့်လဲ သူဒုက္ခအကြီးအကျယ် ရောက်မလို ဖြစ်ခဲ့ရပါတယ်။

သူဟာ ၁၉၄၅ ခုနှစ်မှာ Igala ဘုရင့်နိုင်ငံတော်ရဲ့ဘုရင် ဖြစ်လာပါတယ်။ သူငယ်စဉ်က ကျောင်းစာကို အဖြစ်သဘောလောက်သာ သင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူဘုရင်ဖြစ်လာတော့ ကျောင်းတွေနဲ့ လမ်းတွေကို ဦးစားပေးတည်ဆောက်ပေးခဲ့ပါတယ်။

၁၉၅၀ ခုနှစ်မှာ အာဖရိကနိုင်ငံတွေရဲ့ ခေါင်းဆောင်များပါတဲ့ အစည်းအဝေးတခုကို Kaduna မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို အင်္ဂလန်ဘုရင်မကြီးလည်း တက်ခဲ့ပါတယ်။

အခြား အာဖရိကခေါင်းဆောင်တွေဟာ ဦးထုပ်ချွတ် ဦးညွှတ်ပြီး ဘုရင်မကြီးကို ကြိုဆို အရိုအသေ ပေးကြပါတယ်။

Attah က ဘုရင်တစ်ပါးအနေနဲ့ လူကြားထဲမှာ သူ့ဦးထုပ်ကို ချွတ်ဖို့ ငြင်းဆန်ပါတယ်။

ဘုရင်ကို သူပြည်သူပြည်သားတွေက နတ်ဘုရားတစ်ပါးလို့ ယုံကြည်ကြတဲ့အတွက် ဦးထုပ်ချွတ်ခြင်းဟာ စော်ကားခံရတာလို့ မှတ်ယူကြပါတယ်။

ဒါပေမဲ့ အခြားသူများက အတင်းအကြပ် တိုက်တွန်းလို့ သူဟာ ဦးထုပ်ချွတ်ပြီး အရိုအသေပြုဖို့ လုပ်ခဲ့ရပါတယ်။

သူဦးထုပ်ချွတ်လိုက်တာနဲ့ အထဲက ပျားတွေ ထွက်လာလိုက်တာ အစည်းအဝေးခန်းတစ်ခုလုံး ပြည့်သွားပါတယ်။ အကုန် ဝရုန်းသုန်းကား ထွက်ပြေးကြရပါတယ်။တချို့က ပျားတုပ်ခံရပါတယ်။

Attah ဟာ တစ်ခြားဘုရင်တွေရဲ့တောင်းဆိုမှုကြောင့် အဖမ်းခံရပါတယ်။ သူ့ကို လက်ထိပ်ခတ်ပြီး အခန်းထဲ ထည့်ထားကြပါတယ်။

ဒါပေမဲ့ Attah ရဲ့လက်ထိပ်ဟာ ကြမ်းပြင်မှာ ပြုတ်ကျနေပြီး ဘုရင်ဟာလည်း ထူးဆန်းစွာ လွတ်မြောက်သွားပါတယ်။

ထူးဆန်းတာက သူ့ရဲ့ ဒရိုင်ဘာကို ဘုရင်က ကြိုတင်မှာကြားခဲ့တာ ရှိပါတယ်။ ဒါကတော့ သူမပါဘဲ ကားကို အိမ်ပြန်မောင်းဖို့နဲ့ နောက်ခန်းက အသက်ရှူသံ မကြားမခြင်း နောက်လှည့်မကြည့်မိဖို့ပါတဲ့။

ယာဉ်မောင်းဟာ ကားမောင်းပြန်လာခဲ့ပါတယ်။ အတော်ကြာတော့ နောက်ခန်းက အသက်ရှူသံကြားလို့ လှည့်ကြည့်တော့မှ ဘုရင် Attah ကိုတွေ့လိုက်ရပါတယ်။

သူ့ရဲ့ ထူဆန်းတာတွေက ဒီလောက်နဲ့ရပ်မသွားပါဘူး။ ပြည်သူပြည်သားတွေက ဘုရင်ဟာ မှော်အစွမ်းကို ပိုင်ဆိုင်ပြီး ကျိန်စာလည်း တိုက်နိုင်သလို ရောဂါတွေကိုလဲ မောင်းထုတ်နိုင်တယ်လို့ အခိုင်အမာပြောကြပါတယ်။

တစ်ခါတော့ သူ့တို့စီမှာ ဝဲရောဂါလို ပြင်းထန်တဲ့ အနာရောဂါတစ်ခုဖြစ်ခဲ့ပါတယ်။ ဘယ်လောက်ဆိုးသလဲဆိုရင် လူတွေရဲ့ခြေချောင်းထိပ်တွေကို ပိုးက စားပစ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

လမ်းမလျောက်နိုင်လို့ လူတွေအလုပ် မလုပ်နိုင်ကြပါဘူး။ ဒါကို ဘုရင်က ကြားတော့ ရောဂါပိုးတွေကို ဘုရင့်အမိန့်နဲ့ နှင်ထုတ်လိုက်ပါတယ်။ မကြာခင်မှာဘဲ ရောဂါတွေ ပျောက်ကုန်ကြပါတယ်။

သူဟာ သားရဲတိရစ္ဆာန်တွေကိုလဲ အမိန့်ပေး နိုင်ပါတယ်။ ရွာတွေထဲက ကျွဲ၊နွားတွေကို ခိုးစားနေတဲ့ ကျားကျားသစ်၊ ခြင်္သေ့တွေဟာ ဘုရင်က ကျိန်စာ တိုက်လိုက်လို့ နောက်ထပ်ဘယ်တော့မှ မလာကြတော့ပါဘူးတဲ့။

ဘုရင်ဟာ သူ့နိုင်ငံအတွက် သူမသေခင်မှာ အစီအရင်တွေ လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ရာသီဥတုကိုတောင် စေစားနိုင်တယ်လို့ ယုံကြည်ကြတဲ့အပြင် အာကာသထဲကို ခရီးသွားနိုင်တယ်လို့တောင် ဆိုကြပါတယ်။

မြောက်ပိုင်းဒေသက အခြားဘုရင်တွေဟာ Attah ရဲ့ ကျော်ကြားလာမှုကို မနာလိုကြပါဘူး။ ဒါကြောင့် ဘုရင်မကြီးစီကို Attah ဟာ လူ့သွေးနဲ့ ယဇ်ပူဇော်တဲ့အကြောင်း လိမ်ညာ တိုင်ကြားတဲ့စာကို ရေးပို့ခဲ့ကြပါတယ်။

ဘုရင်မကြီကလဲ ချက်ခြင်း စုံစမ်းစေပါတယ်။ ဒီအတောအတွင်းမှာပဲ Attah ဟာ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ်။ အကြောင်းရင်းကိုတော့ ရှင်ရှင်းလင်းလင်း မသိရပါဘူး။

စစ်ဆေးတွေ့ရှိချက် အဖြေထွက်လာတာကတော့ Attah ယဇ်ပူဇော်ထားတဲ့ သွေးတွေဟာ တိရစ္ဆာန်သွေးတွေဖြစ်ကြောင်း တွေ့ရပါတယ်။ ဒါပေမဲ့ ထူးဆန်းတဲ့ဘုရင်က မရှိတော့ပါဘူး။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *