အင်ဂျင်ရှေ့က ပန်းချီကား
လေယာဉ်အင်ဂျင်ကြီးတွေ ရှေ့တည့်တည့်ကနေ ကြည့်လိုက်ရင် ထူးခြားတာတစ်ခုကို တွေ့ရပါလိမ့်မယ်။
ရှေ့ဆုံးမှာ လေတိုက်ရင်တောင်လည်နေတဲ့ ပန်ကာ (blades) တွေကို တွေ့ရပါလိမ့်မယ်။ အဲဒီ blades တွေရဲ့ အလည်တည့်တည့်က ဘုလုံးချွန်လေးကို သတိထားမိမှာပါ။
သူ့ကို Spinner Spiral လို့ ခေါ်ပါတယ်။ သူ့ပေါ်က အနက်ရောင်အောက်ခံပေါ်မှာ အဖြူမျဉ်းနဲ့ ဒီဇိုင်းတစ်ခု ဆွဲထားပါတယ်။ ( ပုံမှာ ကြည့်ပါ။)
ဒါက ဘာဖြစ်လို့ ဆွဲထားရတာလဲဆိုတာ လေ့လာကြည့်ရအောင်နော်။ ဒီလိုဆွဲထားရခြင်းက အကြောင်းရင်း ၂ ချက်ကြောင့် ဖြစ်ပါတယ်။
နံပါတ်တစ်ကတော့ အင်ဂျင်ထဲကို ငှက်ဝင်မတိုက်မိအောင် ဖြစ်ပါတယ်။ အင်ဂျင်ထဲကို အရွယ်အစားကြီးမားတဲ့ငှက်တစ်ကောင် ဒါမှမဟုတ် ငှက်တစ်အုပ် ဝင်သွားမယ်ဆိုရင် အင်ဂျင်အစိတ်အပိုင်းတွေ ပျက်ဆီးမှာဖြစ်ပြီး လေယာဉ်အတွက်လဲ အန္တရာယ်ကြီးပါတယ်။
အင်ဂျင်ပျက်ဆီးရင် ပြုပြင်စရိတ်က အမျိုးအစားအလိုက် ဈေးကြီးလှပါတယ်။ ဒေါ်လာသန်းချီပေးရတာမျိုး ရှိပါတယ်။
ဒီသေးငယ်တဲ့ ပန်းချီပုံလေးဟာ ငှက်တွေအတွက် ကြောက်စရာလို့ မြင်ပါတယ်။ ဒါကြောင့် ငှက်တွေက လေယာဉ်ကို ရှောင်ကြပါတယ်။
ဒုတိယ အချက်ကတော့ လေယာဉ်မှူးက အင်ဂျင်လည်ပါတ်မှု ပုံမှန်ရှိမရှိကို မျက်မြင် စစ်ဆေးနိုင်ပါတယ်။
မြေပြင်မှာဆို ပိုအသုံးဝင်ပါတယ်။ မြေပြင်မှာ လေယာဉ်စက်နှိုးတဲ့အခါ အင်ဂျင်ရှေ့ပိုင်က လေကို အရှိန်ပြင်းစွာ စုပ်ယူလေ့ရှိသလို အင်ဂျင်နောက်ပိုင်းကလည်း မြင့်မားတဲ့အပူချိန်နဲ့ အငွေ့တွေ မှုတ်ထုတ်လေ့ရှိပါတယ်။
ဒီလို အန္တရာယ်ရှိတဲ့အတွက် အင်ဂျင် ရှေ့နဲ့နောက်ကို အန္တရာယ်ရှိတဲ့ (Hazard) ဧရိယာ ဆိုပြီး ပေအကွာအဝေးနဲ့ သတ်မှတ်ပေးထားပါတယ်။
အင်ဂျင်နှိုးတဲ့အခါ အဲဒီဧရိယာထဲမှာ လူ၊ ပစ္စည်း ဘာတစ်ခုမှ ရှိမနေဖို့ အရေးကြီပါတယ်။
မြေပြင်က စက်ပိုင်းဆိုင်ရာ တာဝန်ရှိသူက ရှင်းလင်းကြောင်း အချက်ပြမှသာ ပိုင်းလော့က အင်ဂျင်ကို နှိုးရမှာဖြစ်ပါတယ်။
မြေပြင်ထောက်ကူ မရှိတဲ့ကွင်းဆိုရင် ပိုင်းလော့က ပြတင်းပေါက် Cockpit Window ကနေ လှမ်းကြည့်လို့ ရပါတယ်။
နောက်ဆုံတစ်ချက်က လေထဲမှာဆိုရင်လဲ တချို့လေယာဉ်အများစုက ခေါင်းခန်းပြတင်းပေါက်ကနေ အင်ဂျင်ကို မြင်ရပါတယ်။
ပုံမှန်မဟုတ်တဲ့ အင်ဂျင်လည်ပါတ်မှုကို ဒီဆေးအဖြူပုံလေး လည်နေတာကြည့်ပြီး သိသာနိုင်တာ ရှိပါတယ်။
ဒါကြောင့် ဒီ ပန်းချီပုံလေးဟာ လေယာဉ်အတွက် အကျိုးပြုနေပါတယ်လို့ တင်ပြလိုက်ရပါတယ်။
Knight News Team
Knight News © 2022