ပိုးစုန်းကြူးတွေလို မီးရောင်ထွန်းလင်းနိုင်တဲ့ ပြည်ကြီးငါးတို့အကြောင်း

ပိုးစုန်းကြူးတွေလို မီးရောင်ထွန်းလင်းနိုင်တဲ့ ပြည်ကြီးငါးတို့အကြောင်း

နက်နဲတဲ့ ပင်လယ်ပြင်နက်ထဲမှာ ဇီဝအလင်းတန်းကို ထွန်းလင်းပေးနိုင်တဲ့ ရေနေသတ္တဝါလေးတစ်ကောင် ရှိပါတယ်။

သူတို့လေးတွေဟာ ပိုးစုန်းကြူးလေးတွေလိုပဲ အလင်းရောင် ထွန်းလင်းပေးနိုင်တဲ့ သတ္တဝါလေးတွေပါ။

သူတို့ရဲ့ တောက်ပနေတဲ့ အလင်းရောင်တွေနဲ့ ပင်လယ်ရေပြင်တွေကို အလှဆင်နေတဲ့ ဒီသေးငယ်ပြီး ထူးခြားတဲ့ သတ္တဝါလေးတွေကတော့ ပိုးစုန်းကြူးပြည်ကြီးငါးပဲ ဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ sparkling enope squid လို့ ခေါ်တွင်ကြပါတယ်။

ဒီပြည်ကြီးငါးလေးတွေဟာ ကမ္ဘာပေါ်မှာ ဂျပန်ကလွဲ ဘယ်နေရာမှာမှ မတွေ့မြင်နိုင်တဲ့ ရှားပါး မျိုးစိတ်လေးတွေ ဖြစ်ကြသလို ဂျပန်မှာတော့ ဒီကောင်လေးတွေကို “hotaru-ika” လို့ ခေါ်ဆိုကြပါတယ်။

သူတို့လေးတွေဟာ ပြည်ကြီးငါး မျိုးနွယ်ဝင် ဖြစ်တာနဲ့အညီ ကမ္ဘာ့သမုဒ္ဒရာများတစ်လျှောက်ရှိ အခြား ပြည်ကြီးငါး မျိုးစိတ်များစွာနဲ့လည်း ဆက်စပ်နေပါတယ်။

တကယ်တော့ ပိုးစုန်းကြူး ပြည်ကြီးငါးလို့ အမည်တွင်လာရခြင်းမှာ ပိုးစုန်းကြူးနဲ့ တူတဲ့ မှိတ်တုတ်မှိတ်တုတ် မီးရောင်လေးတွေကြောင့် ဒီအမည်ကို ရရှိခဲ့တာပါ။

ဒီပြည်ကြီးငါးတွေဟာ နှစ်စဉ်နှစ်တိုင်း ဂျပန်ကမ်းရိုးတန်းမှာ ဖြစ်ပေါ်လာတတ်တဲ့ မယုံကြည်နိုင်စရာကောင်းတဲ့ အလင်းရောင်ပြပွဲကြောင့် ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးခဲ့တာဖြစ်ပြီး ဒီအကောင်သေးသေးလေးတွေဟာ သန်းနဲ့ချီပြီး သားပေါက်ဖို့ စုရုံးနေကြတာကို လူတွေက အပြေးအလွှား လာရောက်ကြည့်ရှုကြလေ့ရှိပါတယ်။

ပိုးစုန်းကြူးပြည်ကြီးငါးဟာ ပြည်ကြီးငါးမိသားစုရဲ့ အသေးငယ်ဆုံး အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အရှည်မှာ သုံးလက်မ (ခုနစ်စင်တီမီတာ) သာ ရှိပါတယ်။

ဒါပေမဲ့ ဒီပြည်ကြီးငါးလေးတွေမှာတော့ photophores လို့ခေါ်တဲ့ အထူးအလင်းထုတ်လုပ်နိုင်စွမ်းရှိတဲ့ အင်္ဂါလေးတွေ ပါဝင်လို့ နေပါတယ်။

အဆိုပါ photophores များကို ပြည်ကြီးငါးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများစွာတွင် တွေ့ရှိရပြီး နက်ပြာရောင် အလင်းတန်းကို ထုတ်လွှတ်ပေးနိုင်ပါတယ်။

ကြီးမားသော photophore များကို ပြည်ကြီးငါးရဲ့ ထိပ်ပိုင်းနဲ့ မျက်လုံးတစ်ဝိုက်မှာ တွေ့နိုင်ပါတယ်။

ထောင်ပေါင်းများစွာသော သေးငယ်တဲ့ photophore များကို ပြည်ကြီးငါးရဲ့ ခန္ဓာကိုယ်တစ်လျှောက်မှာ တွေ့ရှိနိုင်တာကြောင့်လည်း ဒီပြည်ကြီးငါးတွေဟာ သူ့ရဲ့ ကိုယ်ခန္ဓာတစ်ခုလုံးက အလင်းထုတ်လွှတ်နိုင်စွမ်း ရှိနေတာပါ။

အလင်း ထုတ်လွှတ်ချိန်မှာလည်း မီးရောင်များကို တညီတညွတ်တည်း အလင်းပြနိုင်သလို ဟိုနေရာကလင်း၊ ဒီနေရာကလင်း ပုံစံမျိုးနဲ့လည်း အဆုံးမရှိ အလင်းရောင် ထုတ်လွှတ်နိုင်ကြပါတယ်။

ဒီအလင်းရောင်တွေဟာ ပြည်ကြီးငါးတို့အတွက် လုပ်ဆောင်ချက်များစွာကို လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထားပုံရပါတယ်။

သူတို့ကို အလားအလာရှိတဲ့ မိတ်ဖက်များ သို့မဟုတ် ပြိုင်ဘက်များနဲ့လည်း ဆက်သွယ်ရန်အတွက် အသုံးပြုနိုင်ပါတယ်။

သူတို့က ပြည်ကြီးငါးရဲ့ ပုံသဏ္ဍာန်ကို ဖုံးကွယ်ကာ လွတ်မြောက်ရန်အတွက်နဲ့ သားရဲကြီးများရဲ့ ခြိမ်းခြောက်မှုကို အနှောင့်အယှက်ဖြစ်စေရန်လည်း အသုံးပြုနိုင်ပါတယ်။

ပိုးစုန်းကြူးပြည်ကြီးငါးယာ အရောင်အဆင်းရှိတယ်လို့ ယူဆနိုင်တဲ့ ပြည်ကြီးငါးမိသားစုရဲ့ တစ်ခုတည်းသော အဖွဲ့ဝင်ပါ။

ကျန်ပြည်ကြီးငါး အနွယ်ဝင်တွေကိုတော့ ပညာရှင်တွေက အရောင်အဆင်းမဲ့ (သို့) neutral အရောင်လို့ သတ်မှတ်ထားကြပါတယ်။

ပြည်ကြီးငါး အများစုမှာ အမြင်အာရုံ တစ်မျိုးတည်းသာ ရှိကြပေမဲ့လည်း ပိုးစုန်းကြူးပြည်ကြီးများမှာတော့ သုံးမျိုးထိတောင် ရှိနေပါတယ်။ သူတို့ရဲ့ မျက်လုံး အနောက်ဘက်မှာ မြင်လွှာနှစ်ထပ် ထပ်မံပါရှိနေပါသေးတယ်။

ဒါကြောင့် သူတို့ရဲ့ အလင်းရောင်အတွက် ပြောင်းလဲမှုတွေဟာ ပတ်ဝန်းကျင် အလင်းရောင်နဲ့ ဇီဝထွန်းလင်းမှုကြားမှာ ခွဲခြားသိမြင်နိုင်စေရန်နဲ့ အခြားမျိုးစိတ်များက ထုတ်လွှတ်နေတဲ့ အလင်းပုံစံများကို ခွဲခြားနိုင်ရန်အတွက် ကူညီပေးနိုင်ပါတယ်။

ဒါ့အပြင် ဒီအမြင်လွှာ အပိုတွေက ပိုးစုန်းကြူးပြည်ကြီးငါးများကို ရောင်စုံအမြင်အတွက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

ပိုးစုန်းကြူးပြည်ကြီးငါးတွေဟာ ဥာဏ်ရည်မြင့်မားတဲ့ သားရဲကြီးတွေလည်း ဖြစ်ပါတယ်။ ပြည်ကြီးငါးတို့က သားကောင်များကို ဆွဲဆောင်ရန်အတွက် သူတို့ရဲ့ အပြာရောင်မီးများကို အသုံးပြုနိုင်ကြောင်းလည်း ခန့်မှန်းရပါတယ်။

မီးများကို အဖွင့်အပိတ်လုပ်ခြင်းဖြင့် သူတို့ဟာ ငါးငယ်လေးတွေကို ဆွဲဆောင်နိုင်ပြီး သူတို့ရဲ့ အစွမ်းထက်တဲ့ အာရုံခံ ကိရိယာတွေနဲ့လည်း သားကောင်တွေကို ဖမ်းဆွဲနိုင်ကြပါတယ်။

ပိုးစုန်းကြူးပြည်ကြီးငါးတွေက ပင်လယ်ရေပြင်အောက် ပေ ၁,၂၀၀ (၃၆၅ မီတာ) အနက်မှာ သူတို့ရဲ့ နေ့ရက်များကို ကုန်ဆုံးလေ့ရှိကြပြီး ညဘက်အခါမှာတော့ သူတို့က အောက်အမှောင်ကို မပြန်မီ အစာရှာရန်အတွက် ရေထက်ပိုင်းသို့ ပြောင်းရွှေ့လာလေ့ရှိပါတယ်။

ပိုးစုန်းကြူးပြည်ကြီးငါးများရဲ့ သားပေါက်ရာသီဟာ မတ်လမှ မေလအထိ ဖြစ်ပါတယ်။ ထိုအချိန်မှာ ဂျပန်နိုင်ငံ၊ Toyama ပင်လယ်အော်ထဲ ပြည်ကြီးငါးများ အများအပြား စုဝေးနေတာကို မြင်တွေ့နိုင်ပါတယ်။

သူတို့ ဥဥချဖို့အတွက် သန်းနဲ့ချီပြီး တခါတရံမှာ ဘီလီယံနဲ့ချီပြီး ဒီမှာ စုဝေးကြပါတယ်။ ဥများကို ရေထဲသို့ လွှတ်ပြီး မျိုးအောင်ပြီးတာနဲ့ အရွယ်ရောက်ပြီးတဲ့ ပြည်ကြီးငါးတို့ဟာ သေဆုံးကြပါတယ်။ ဒါက ပြည်ကြီးငါးတွေရဲ့ တစ်နှစ်တာ လည်ပတ်မှုကို ပြီးမြောက်စေပါတယ်။

နှစ်စဉ်ကျင်းပမြဲဖြစ်သော ဒီအလင်းရောင်ပြပွဲလို့ခေါ်တဲ့ ပြည်ကြီးငါးတွေရဲ့ သားဖွားရာသီဟာ အလွန်အံ့မခန်းဖြစ်ပြီး သူတို့စုဝေးရာ နေရာကိုလည်း အထူးသဘာဝအထိမ်းအမှတ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Toyama ပင်လယ်အော်ဟာ ပင်လယ်ကြမ်းပြင် ရုတ်တရက် နက်ရှိုင်းသွားတဲ့ အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန် ချောက်တစ်ခုရဲ့ အထက်မှာ တည်ရှိတာကြောင့် သမုဒ္ဒရာရေစီးကြောင်းများဟာ များသောအားဖြင့် ဒီချောက်ကြီးရဲ့ အောက်ခြေမှ တက်လာပြီး ပြည်ကြီးငါးတွေကို မျက်နှာပြင်ပေါ်သို့ တွန်းပို့သလို လုပ်ဆောင်ပါတယ်။

ပိုးစုန်းကြူးပြည်ကြီးငါးတွေ အမြောက်အများကို ရံဖန်ရံခါ ကမ်းစပ်မှာလည်း အမြောက်အများ မျောပါနေတာကို တွေ့ရတတ်ပါတယ်။

ပိုးစုန်းကြူးပြည်ကြီးငါးများကို ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်တစ်လျှောက်မှာ တွေ့ရှိနိုင်ပြီး ယေဘူယျအားဖြင့် ပေ ၆၀၀ မှ ပေ ၁၂၀၀ (၁၈၂ မှ ၃၆၅ မီတာ) အနက်မှာ တွေ့ရှိနိုင်ပါတယ်။

ဒီပြည်ကြီးငါးတွေကို ဂျပန်နိုင်ငံရဲ့ စားကောင်းသောက်ဖွယ်အဖြစ် ယူဆကြပြီး သားပေါက်ရာသီမှာ ကျယ်ကျယ်ပြန့်ပြန့် ဖမ်းယူကြပါတယ်။

ငါးဖမ်းစက်လှေများက သူတို့ကို သယ်ဆောင်လာစဉ် ပင်လယ်ရေမျက်နှာပြင်ဟာ တောက်ပသော အပြာရောင်အဖြစ် ပြောင်းလဲသွားပါတယ်။

အဆိုပါ မြင်ကွင်းကို ကြည့်ရှုနိုင်ဖို့အတွက် ကမ္ဘာလှည့်ခရီးသည်များဟာ လှေများဖြင့် တကူးတက သွားလာကြတာမှာလည်း အံ့သြဖွယ်ကောင်းလှပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *