ပေါ်ပေါက်လာတာ သိပ်မကြာသေးတဲ့ နိုင်ငံ (၁၀) နိုင်ငံ

ပေါ်ပေါက်လာတာ သိပ်မကြာသေးတဲ့ နိုင်ငံ (၁၀) နိုင်ငံ

ရှေးနှစ်ပေါင်းများစွာကတော့ ကမ္ဘာပေါ်မှာ နေမဝင်အင်ပါယာကို ထူထောင်တဲ့ အင်္ဂလိပ်တွေ၊ပေါ်တူဂီ၊ဒတ်ချ်နဲ့ စပိန်တွေဟာ ရေကြောင်းလမ်းကိုအသုံးပြုပြီး ကမ္ဘာနေရာအနှံ့ ကိုသွားရောက်ကာ နိုင်ငံဒေသများစွာကို ကိုလိုနီပြုအုပ်ချုပ်ခဲ့ကြပါတယ်။

ကိုလိုနီပြုခြင်းအားဖြင့် အထက်ပါနိုင်ငံတွေဟာ အကျိုးအမြတ်များစွာရရှိတဲ့အပြင် နောက်ဆုံးအနေနဲ့ ယင်းတို့နဲ့သက်ဆိုင်တဲ့ ပထမကမ္ဘာစစ် ၊ဒုတိယကမ္ဘာစစ်ပွဲတွေအထိတောင် သက်ဆိုင်ရာကိုလိုနီနိုင်ငံက စစ်သည်တွေက ဝင်ရောက်တိုက်ခိုက်ပေးခဲ့ရပါတယ်။

တဖြည်းဖြည်း ဉာဏ်သစ်အရေးတော်ပုံများစွာကို ဖြတ်သန်းလာချိန်မှာတော့ ကိုလိုနီ ပြုခြင်းခံထားရတဲ့ ကမ္ဘာနိုင်ငံများစွာထဲကမှ လူထုခေါင်းဆောင်တွေအသီးသီးပေါ်ပေါက် လာကြကာ ကိုလိုနီလက်အောက်ကရုန်းထွက်ပြီး တရားဝင်အချုပ်အခြာအာဏာနိုင်ငံ ဖြစ်ဖို့တောင်းဆိုလာကြပါတော့တယ်။

အထူးသဖြင့် ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် (၁၉၄၅) နောက်ပိုင်းမှာတော့ အာရှ၊အာဖရိကနဲ့တောင်အမေရိကတိုက်ကနိုင်ငံတော်တော်များများဟာ ကိုလိုနီလက်အောက်ကနေရုန်းထွက်ပြီးသီးခြားနိုင်ငံတည်ထောင်ခဲ့ကြတာ ဆိုရင် ယခုအချိန်မှာတော့ ကာလများစွာကြာမြင့်ခဲ့ပါပြီ။

ဒါကြောင့်ကမ္ဘာနိုင်ငံအများစုရဲ့ နိုင်ငံအဖြစ် တည်ထောင်တဲ့သက်တမ်းဟာ နှစ်များစွာကြာမြင့်ခဲ့ပြီလို့ဆိုရပါမယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ဖော်ပြပါနိုင်ငံတွေမဟုတ်ပဲ ယင်းနိုင်ငံတွေနဲ့ဆန့် ကျင်ဘက် သက်တမ်းနုတဲ့နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။

ဒီစာရင်းမှာပါဝင်တဲ့ နိုင်ငံအများစုကတော့ လူမျိုးရေး၊နိုင်ငံရေး၊ကိုးကွယ်ယုံကြည်မှုတွေနဲ့ စပ်လျဉ်းပြီး အတူတကွ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့မဖြစ်တာကြောင့် ဒီမိုကရေစီနည်းလမ်းကျကျ လူထူဆန္ဒခံယူပွဲပြုလုပ်ကာ သီးခြားနိုင်ငံအဖြစ် ခွဲထွက်ကြတာကိုတွေ့ရပါတယ်။

(၁၀) ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနားနိုင်ငံ (Bosnia and Herzegovina)(၁၉၉၂)

ယခင်က ဖက်ဒရယ်ပြည်နယ်(၆)ခုနဲ့ဖွဲ့စည်းထားတဲ့ ယူဂိုဆလားဗီးယားပြည်ထောင်စု အဖွဲ့ဝင်ဖြစ်တဲ့ ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနားနိုင်ငံဟာ (၁၉၉၂)ခုနှစ်ယူဂိုဆလပ်စစ်ပွဲပြီး ဆုံးချိန်မှာတော့ သီးခြားခွဲထွက်နိုင်ငံအဖြစ်လွတ်လပ်ရေးရခဲ့ပါတယ်။

နိုင်ငံတွင်းကျင်းပခဲ့တဲ့(၁၉၉၀)ပါလီမန်ရွေးကောက်ပွဲ ပြီးချိန်မှာတော့ ဘော့စနီးယားနဲ့ဟာဇီဂိုးဗီးနားနိုင်ငံ ရဲ့အဓိကလူမျိုးစု(၃)ခုဖြစ်တဲ့ ဆာ့တွေကယူဂိုဆလားဗီးယားကနေခွဲထွက်လိုခြင်းမရှိပဲ ကျန် ဘော့စနီးယားနဲ့ ခရိုအက်မျိုးနွယ်စုတွေက ခွဲထွက်လိုပါတယ်။

ဒါကြောင့် မြို့တော် Sarajevo မှာကျင်းပတဲ့ပါလီမန်မှာ ဆာ့တွေကနှုတ်ထွက်လိုက်ပြီး ကိုယ်ပိုင် ကောင်စီတစ်ခုတည်ထောင်ကာ Serbian Republic of Bosnia and Herzegovina အမည်နဲ့ နိုင်ငံတစ်ခုအတွင်းမှာပဲ နယ်ပယ်လိုက်အစိုးရ(၂)ရပ်အနေအထားနဲ့ အုပ်ချုပ် ခဲ့ပါတယ်။

နောက်ပိုင်းမှာပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲတွေ၊စစ်ပွဲတွေနဲ့အတူ Bosnia and Herzegovina ကိုအချုပ်အခြာပိုင်နိုင်ငံအဖြစ် တရားဝင်ကြေငြာခဲ့ပြီး ကမ္ဘာကုလသမဂ္ဂရဲ့အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။

ထူးခြားချက်ကတော့လက်ရှိအချိန်ထိ Bosnia and Herzegovina နိုင်ငံက ဘရော့ခရိုင်ဆိုတဲ့သီးခြားအုပ်ချုပ်တဲ့ Republika Srpska ဆာ့ပ်စ်ကာ သမ္မတနိုင်ငံအုပ်ချုပ်ရေးအဖွဲ့နဲ့ Federation of Bosnia and Herzegovina ဆိုပြီးပူးတွဲအုပ်ချုပ်မှုတွေရှိဆဲဖြစ်ပါတယ်။

(၉) ချက်နိုင်ငံ (၁၉၉၃)

(၈)ဆလိုဗက်ကီးယားနိုင်ငံ (၁၉၉၃)

ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမနီက ချက်ကိုစလိုဗက်ကီးယားနိုင်ငံကိုဝင်ရောက် သိမ်းပိုက်ခြင်းလိုက်ပြီး တစ်ဖန် ကွန်မြူနစ်ဝါဒကိုင်ဆွဲထားတဲ့ ရုရှားတပ်နီကနေ ပြန်လည်သိမ်းယူတဲ့နိုင်ငံရေးဖြစ်စဉ်တွေနောက်မှာတော့ ချက်ကိုဆလိုဗက်ကီးယားဟာ ကွန်မြူနစ်နိုင်ငံဖြစ်လာပါတယ်။

၁၉၆၈ခုနှစ်မှာတော့ ကွန်မြူနစ်ကိုဆန့်ကျင်တဲ့ Prague Spring အရေးအခင်းပေါ်ပေါက်လာပြီး ဝါဆောစာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။၁၉၈၉ခုနှစ်က ကတ္တီပါတော်လှန်ရေး (Velvet Revolution) ဖြစ်ပွားခဲ့ပြီး ကွန်မြူနစ်စနစ်ချုပ်ငြိမ်းသွားခဲ့ပါတယ်။

ဒါပေမဲ့ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံအတွင်း မှာပဲ အထက်ဖော်ပြခဲ့တဲ့ပရိပက္ခဖြစ်စဉ်တွေမှာ ပါတီစွဲ၊အယူစွဲနဲ့သဘောထား မကိုက်ညီမှုတွေရှိနေတာကြောင့် (၁၉၉၃)ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှာ သီးခြားလွတ်လပ်တဲ့ နိုင်ငံ(၂)နိုင်ငံအဖြစ်အသီးသီး ကြေငြာခဲ့ပါတယ်။
(၇) Eritrea (၁၉၉၃)

အာဖရိကဦးချိုဒေသက သေးငယ်တဲ့အာဖရိကနိုင်ငံလေး Eritrea ဟာ သူတို့ရဲ့ လွတ်လပ်ရေးကိုတော့ Eritrean လွတ်မြောက်ရေးတပ်တွေနဲ့ အီသီယိုပီးယား တပ်ဖွဲ့ ဝင်တွေ ဖြစ်ပွားခဲ့တဲ့ အနှစ်(၃၀)ကြာ ပြည်တွင်းစစ်အပြီး မှာရရှိခဲ့ပါတယ်။

လွတ်မြောက်ရေးတပ်ဖွဲ့တွေဟာ အီသီယိုးပီးယားနိုင်ငံရဲ့မြို့တော် ကိုချဉ်းနင်းဝင်ရောက် လာချိန်မှာတော့ ကုလသမဂ္ဂရဲ့ဦးဆောင်မှုနဲ့ Eritrea နိုင်ငံအီသီယိုးပီးယားကနေခွဲထွက် ခွင့်အတွက် ဆန္ဒခံယူပွဲကို Eritrea ဒေသမှာကျင်းပခဲ့ပါတယ်။

Eritreaတွေကတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက်ထောက်ခံမဲပေးခဲ့ကြပြီး လွတ်မြောက်ရေးတပ်တွေထံ အာဏာအပ်ခဲ့ရပါတယ်။ ဒါပေမဲ့ လွတ်မြောက်ရေးတပ်တွေကတော့ ရွေးကောက်ပွဲ ပြန် လည်မကျင်းပတော့ပဲ ယခုတိုင်အာဏာကိုစွဲကိုင်အုပ်ချုပ်လျက်ရှိနေပါတယ်။

(၆) Palau (၁၉၉၄)

အနောက်ပစိဖိတ်ဒေသတွင်းက ကျွန်းနိုင်ငံလေး Palau ရဲ့နိုင်ငံဖြစ်တည်မှုသက်တမ်း ဟာလည်း အလွန်ငယ်တာကြောင့် ဒီစာရင်းမှာပါဝင်လာခဲ့ပါတယ်။

၁၉၉၀ ခုနှစ်မှာ နောက်ပိုင်းမှာတော့ Palau ပြည်သူတွေဟာ Micronesia ကနေခွဲထွက်ဖို့အတွက်ဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ ပြည်သူဆန္ဒသဘောထားခံယူကာခွဲထွက်ခွင့်ရခဲ့ပြီး Palau ရဲ့လွတ်လပ်ရေးကိုတော့ (၁၉၉၄)ခုနှစ်က ရရှိခဲ့ပါတယ်။

(၅)အရှေ့တီမော ( East Timor) (၂၀၀၂)

(၂၁)ရာစုရဲ့ပထမဆုံးအချုပ်အခြာအာဏာပိုင်ဆိုင်တဲ့နိုင်ငံကတော့ အရှေတောင်အာရှ အဖွဲ့ဝင်နိုင်ငံသစ်ဖြစ်တဲ့ တီမောနိုင်ငံဖြစ်ပါတယ်။ အရှေ့တီမောနိုင်ငံဟာ ပစိဖိတ်သမုဒ္ဒ ရာတွင်းကကျွန်းနိုင်ငံလေးဖြစ်ပြီး အင်ဒိုနီးရှားထံကနေခွဲထွက်ပြီးနိုင်ငံတည်ထောင်ခွင့် ရခဲ့ပါတယ်။


ယင်းမတိုင်မီကာလတွေကဆိုရင် အင်ဒိုနီးရှားအစိုးရဟာ တီမောနိုင်ငံသား တွေအပေါ် ရက်ရက်စက်စက်ကိုင်တွယ်ခဲ့ပြီး ၁၉၇၅-ခုနှစ်က ပေါ်တူဂီနိုင်ငံလက်ထဲ ကနေ အင်ဒိုစစ်တပ်ကသိမ်းသွင်းစဉ်က တီမောနိုင်ငံသား (၁၈၀၀၀၀)လောက်သေဆုံး ခဲ့ရပါတယ်။

ယင်းနောက်မှာတော့ တီမောလွတ်မြောက်ရေးတပ်တွေနဲ့ အင်ဒိုစစ်တပ် အကြား စစ်ပွဲများစွာဖြစ်နေခဲ့ပြီး (၁၉၉၉)ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင် ခွင့်ဥပဒေအရ အင်ဒိုနီးရှားဟာ တီမောနယ်မြေကိုလက်လွတ်ခဲ့ရပါတယ်။

အရှေ့တီမော နိုင်ငံတွင်းမှာလည်း အင်ဒိုကခွဲထွက်ဖို့ လူထုဆန္ဒခံယူပွဲပြုလုပ်ခဲ့ကာ ခွဲထွက်ဖို့တစ်ခဲနက် ဆန္ဒပြုခဲ့တာကြောင့် (၂၀၀၂)ခုနှစ်၊မေလ(၂၀)ရက်နေ့မှာ အရှေတီမောဟာလွတ်လပ်တဲ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။

(၄) ဆားဘီးယာနိုင်ငံ (Serbia) (၂၀၀၆)

(၅) မွန်တီနီဂရိုးနိုင်ငံ (Montenegro) (၂၀၀၆)

အရှေဥရောပမှာရှိတဲ့ အဲဒီ Balkan နိုင်ငံငယ်လေး(၂)နိုင်ငံဟာ (၁၉၉၁)ခုနှစ်က ယူကိုဆလားဗီးယားပြည်ထောင်စုကနေ ခွဲထွက်ပြီး (၁၅)နှစ်လောက်အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ်ရှိနေပြီး ၂၀၀၆ ခုနှစ် ကမ္ဘာဖလားကိုတောင် ဆားဘီးယားနဲ့ မွန်တီနီဂရိုးဆိုတဲ့အမည်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါသေးတယ်။

၂၀၀၃ ခုနှစ်မှာတော့ နိုင်ငံတွင်းလူမျိုးရေး၊နယ်ပယ်ရေးနဲ့နိုင်ငံအမည်ပြောင်းလဲရေးကိစ္စတွေမှာ သဘောထား ကွဲလွဲခဲ့သလို ပြည်တွင်းစစ်မက်တွေဖြစ်ပွားခဲ့တာကြောင့် မွန်တီနီဂရိုးဘက်ခြမ်းကနေ စတင်ပြီး ဆားဘီးယားနဲ့ခွဲထွက်ရေးလူထုဆန္ဒခံယူပွဲတွေကျင်းပခဲ့ပါတယ်။

ရလဒ်ကတော့ မွန်တီနီဂရိုးပြည်သူ (၅၅)ရာခိုင်နှုန်းက ခွဲထွက်ဖို့ဆန္ဒပြုခဲ့တာကြောင့် ၂၀၀၆ခုနှစ်၊ဇွန်လမှာ မွန်တီနီဂရိုးဟာလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

ယင်းနောက်မှာတော့ ဆားဘီးယားကလည်း သီးသန့်နိုင်ငံတစ်ခုဖြစ်ကြောင်း ကမ္ဘာကို ကြေငြာခဲ့ပါတယ်။ ဒါကြောင့်ယင်းနိုင်ငံ(၂)ခုလုံးရဲ့သက်တမ်းဟာ (၁၅)နှစ်သာရှိတာ ကြောင့် ကမ္ဘာပေါ်ကသက်တမ်းအနုဆုံးနိုင်ငံစာရင်းမှာပါဝင်လာတာဖြစ်ပါတယ်။

(၂) ကိုဆိုဗိုနိုင်ငံ (Kosovo) (၂၀၀၈)

သေးငယ်တဲ့ ဘော်ကန်နိုင်ငံလေးဟာ (၂၀၀၈)ခုနှစ်၊ဖေဖော်ဝါရီမှာ လူမျိုးရေး၊ဘာသာရေး အပါအဝင် ပြသာနာပေါင်း များစွာနဲ့ ဆားဘီးယားကနေခွဲထွက်ခဲ့တာကြောင့် သက်တမ်းနုတဲ့ နိုင်ငံစာရင်းမှာပါဝင် လာခဲ့ပါတယ်။

ကိုဆိုဗိုစစ်ပွဲဖြစ်ပွားနေတဲ့ (၁၉၉၀)ကာလတွေမှာ အမေရိကန်က ခွဲထွက်ရေးသမားတွေဘက်ကနေ လေကြောင်းကဝင်ရောက်တိုက်ခိုက်မှုတွေရှိခဲ့ပြီး ကိုဆိုဗိုရဲ့လွတ်လပ်ရေးကို ရုရှား နဲ့ဆားဘီးယားက အသိအမှတ်မပြုခဲ့ကြပါဘူး။

၂၀၀၆ ခုနှစ်မှာတော့ ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီက ကိုဆိုဗိုအရေးအတွက် ပထမဆုံးသော(၂)ဘက်တွေ့ဆုံ မှုတွေပြုလုပ်ခဲ့ပြီး ခွဲထွက်ရေးသမားတွေ ဘက်ကသာရပ်တည်ခဲ့ပါတယ်။

ယင်းနောက်အမေရိကန်နဲ့သူရဲ့ဥရောပမဟာမိတ်နိုင်ငံတွေအပြင် ကမ္ဘာကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံ(၁၁၁)နိုင်ငံရဲ့ ထောက်ခံမှုနဲ့အတူ (၂၀၀၈)ခုနှစ်မှာတော့ Kosovoဆိုတဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဟာ ဆားဘီးယားကနေအောင်မြင်စွာခွဲထွက်နိုင်ခဲ့ပါတယ်။ ဆားဘီးယားအနေနဲ့ကတော့ ကိုဆိုဗိုကို သူတို့ရဲ့ ပြည်နယ်တခုအဖြစ်သာ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

(၁) တောင်ဆူဒန်နိုင်ငံ (South Sudan) (၂၀၁၁)

ကမ္ဘာပေါ်က သက်တမ်းအနုဆုံးနိုင်ငံဆိုရင်တော့ အာဖရိကတိုက်က တောင်ဆူဒန်နိုင်ငံ ကိုပဲရည်ညွှန်းရမှာဖြစ်ပါတယ်။ ဆူဒန်နိုင်ငံကနေ ခွဲထွက်ရတဲ့အကြောင်းအရင်းကတော့ ဘာသာရေး၊လူမျိုးရေးပရိပက္ခတွေကြောင့်လို့ဆိုရပါမယ်။

ဆူဒန်ကနေမခွဲထွက်ခင်က တောင်ဆူဒန်ပိုင်းဟာ ခရစ်ယာန်ဘာသာသက်ဝင်ယုံကြည်သူတွေဖြစ်ပြီး မြောက်ပိုင်း ကတော့ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပါတယ်။

ဆူဒန်နိုင်ငံကတော့ လွတ်လပ်စွာကိုး ကွယ်ခွင့်တွေပေးထားပေမဲ့ ဘာသာရေးဆိုင်ရာပြသာနာတွေကြောင့် လူမျိုးတုံးသတ် ဖြတ်မှုတွေ၊ ပြည်တွင်းစစ်တွေအထိတောင် ဖြစ်ပေါ်လာတာကြောင့် ဆူဒန်အစိုးရရဲ့ ငြိမ်း ချမ်းစွာယှဉ်တွဲနေထိုင်ရေးစီမံကိန်းဟာ ပျက်စီးခဲ့ပါတယ်။

(၂၀၁၁)ခုနှစ်မှာတော့ ခရစ်ယာန်အများစုနေထိုင်ရာ တောင်ဆူဒန်နိုင်ငံသားတွေက ခွဲထွက်ရေးအတွက် ပြည် လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရာ (၉၉)ရာခိုင်နှုန်းက တောင်ဆူဒန်နိုင်ငံအဖြစ်ခွဲထွက်ရန် ထောက်ခံခဲ့ကြပါတယ်။

(၂၀၁၁)ခုနှစ်၊ဂျူလိုင်(၉)ရက်နေ့မှာတော့ တောင်ဆူဒန်နိုင်ငံ ဟာ အချုပ်အခြာ အာဏာပိုင် သီးသန့်နိုင်ငံဖြစ်ကြောင်းတရားဝင်ကြေငြာခဲ့ပါတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ တောင်ဆူဒန်နိုင်ငံအတွင်းမှာ အကြမ်းဖက်မှုတွေ၊စစ်ပွဲ တွေဟာ ယနေ့ထိတိုင်ရပ်နားသွားခြင်းတော့မရှိသေးပါဘူး။

မူ‌ရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published.