ခရီးသည်တွေအတွက် လေယာဉ်ပါ်မှာ လေထီး ဘာလို့မပါရတာလဲ

ခရီးသည်တွေအတွက် လေယာဉ်ပါ်မှာ လေထီး ဘာလို့မပါရတာလဲ

တစ်ခါတစ်လေမှာ ဒီလို ကပ်သီးကပ်သပ် မေးခွန်းတွေအတွက် အဖြေရှာရတာ ပျော်ဖို့ကောင်းပါတယ်။

Knight News ချစ်သူတွေနဲ့ ဒီမေးခွန်းကို အတူတူဖြေကြည့်ရအောင်နော်။ စာရေးသူရဲ့ အဖြေနဲ့မတူရင် မန့်မှာ ရေးခဲ့ကြပါလို့။

ခရီးသည်တင်လေယာဉ်တွေနဲ့ ခရီးသွားနေသူတွေဟာ အများကြီးရှိပါတယ်။ အချိန်တိုင်း ကောင်းကင်ယံမှာ လေယာဉ် ၉,၀၀၀ ‌ကျော် ၁၀,၀၀၀ နီးပါး ပျံသန်းနေကြပါတယ်။

လေယာဉ်အကြီးအသေးလိုက်ပြီး အမြင့်ပေ ၁၀,၀၀၀ ၊ ၂၀,၀၀၀ ကနေ ၄၀,၀၀၀ အထိကနေ ပျံသန်းနေကြပေမယ့် ခရီးသည်တွေအတွက်တော့ လေထီးတပ်ဆင် မပေးထားပါဘူး။

တစ်ခြား လုံခြုံရေးဆိုင်ရာ ပစ္စည်းတွေကြတော့ ပါရှိတယ်။(ဥပမာ- ဆေးပစ္စည်း ၊ အသက်ကယ် အင်္ကျီ၊ အောက်ဆီဂျင် စသဖြင့်) ဖြစ်ပါတယ်။ ထိုင်ခုံတွေဆိုရင်လည်း ရေပေါ်ပေါ်အောင် ပြုလုပ်ပေးထားပါတယ်။

ခေတ်မီ လေယာဉ်ကြီးတွေဆိုရင် နှစ်လုံးနှိုးစက်တို့၊ခွဲစိတ်ကိရိယာတို့တောင် ပါပါတယ်။ လေထီးကတော့ မပါပါဘူး။

တကယ်တော့ ခရီးသည်တင်‌ လေယာဉ်ပေါ်က လေထီးနဲ့ ခုန်ချဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပါ။ သင့်ကို ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခု မဟုတ်ပါဘူး။

Skydivers တွေဟာ သာမန်ဆိုရင် အမြင့်ပေ ၈,၀၀၀ လောက်ကနေ ခုန်ချတာ ဖြစ်ပါတယ်။ အများဆုံး ၁၃,၀၀၀ လောက်က ခုန်တာလည်း ရှိတတ်ပါတယ်။

image:interesting engineering

သူတို့ ခုန်မယ်ဆိုရင် လေယာဉ်ကို တစ်နာရီ မိုင် ၁၁၀ လောက်အထိ လျော့ချပြီး ထိန်းထားပေးရပါတယ်။ ဒါမှ အလွယ်တကူ ခုန်ချလို့ ရမှာပါ။

ခရီးသည်တင် လေယာဉ်တွေကတော့ အကြမ်းဖျင်း အမြန်နှုန်းက တစ်နာရီ မိုင် ၅၀၀ ကနေ ၆၀၀ ကြား ရှိပါတယ်။ ပျံသန်းနေတဲ့ အမြင့်ပေကလည်း ပေ ၃၀,၀၀၀ လောက် ရှိပါတယ်။ တကယ်လို့ အဲဒီအမြင့်ပေ ‌လောက်က လေထီးနဲ့ ခုန်ချမယ်ဆိုရင်လည်း သေဖို့ပဲရှိပါတယ်။

လေထီးဆိုတာကလည်း အလေးချိန် ရှိပါတယ်။ ခရီးသည်တစ်ယောက်ကို လေထီးတစ်ခု တင်ပေးထားရင် လေထီးနဲ့တင် လေယာဉ် အလေးချိန် ပြည့်သွားပါလိမ့်မယ်။

လေကြောင်းလိုင်းတွေကလည်း ခရီးသည်တွေကို လေထီးခုန်နည်း သင်တန်း အရင်တက်ခိုင်း ရပါလိမ့်မယ်။ တချို့ ခရီးသည်တွေဆိုရင် အရေးပေါ်ထွက်ပေါက် ဘယ်နားရှိတယ်ဆိုတာတောင် မသိကြပါဘူး။ လေယာဉ် ပျက်ကြဖို့ဆိုတာလည်း အပုံ ၁၁ သန်းပုံ ၁ ပုံသာ ဖြစ်နိုင်ချေရှိတာပါ။

နောက်တစ်ခုက ပေ ၁၀,၀၀၀ အထက်မှာဆို အောက်ဆီဂျင် ပမာဏကလည်း နည်းပါးသွားပါတယ်။ အပူချိန်ကလည်း ပေ ၃၀,၀၀၀ အထက်မှာဆို အနုတ် ၅၆ ဒီဂရီ စင်တီဂရိတ်လောက် ရှိပါတယ်။

သင်ခုန်ချဖို့ အထူးဝတ်စုံ အပြင် အသက်ရှု အောက်ဆီဂျင်ဘူးနဲ့ မျက်နှာဖုံး ခေါင်းစွပ်ပါ ဝတ်ထားရပါလိမ့်မယ်။

ကဲ ဒီလိုဆိုတော့ ခရီးသည်တင်လေယာဉ်ပေါ်မှာ လေထီးမပါရတဲ့ အကြောင်းအရင်းကို လက်ခံကြလိမ့်မယ်လို့ ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်။ Knight News Team

နောက်တစ်ခါတော့ လေယာဉ်တွေကို လေထဲမှာ မိုးကြိုးပစ်ခံရရင် ဘာဖြစ်လာမလဲဆိုတာ ဆွေးနွေးကြတာပေါ့။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *