ခရီးသည် ၇၅၅ ဦးဆံ့ အထပ် ၃ ထပ်ပါ လေယာဉ်ကြီး Sky Whale

ခရီးသည် ၇၅၅ ဦးဆံ့ အထပ် ၃ ထပ်ပါ လေယာဉ်ကြီး Sky Whale

AWWA Sky Whale လို့ အမည်ပေးထားတဲ့ အထပ် ၃ ထပ်ပါ ဇိမ်ကျကျလိုက်ပါစီးလို့ရမယ့် လေယာဉ်ပုံစံ အယူအဆကို စပိန်လူမျိုး နည်းပညာဒီဇိုင်းနာဖြစ်သူ Oscar Vinals က ထုတ်ဖေါ်ပြသခဲ့ပါတယ်။

ကူဝိတ်နိုင်ငံ Sheikh Abdullah Al Salem Cultural Center မှာ ကျင်းပတဲ့ အနာဂတ် သယ်ယူပို့ဆောင်ရေးဆိုင်ရာပြပွဲမှာ Oscar Vinals က ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပြီး သူက ဒါကို တိမ်လွှာဝေလငါးလို့ ရည်ညွှန်းလိုက်ပါတယ်။

Sky Whale သုံးထပ်လေယာဉ်ကြီးဟာ ဇိမ်ခံနိုင်မှု၊ စွမ်းဆောင်ရည်ကောင်းမွန်မှု၊ ရေရှည်တည်တံ့မှုနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းမှုတို့ရဲ့ အထွတ်အထိပ်ကို ကိုယ်စားပြုဖို့ ရည်ရွယ်ပါတယ်တဲ့။

Sky Whale အယူအဆက နှစ်ဆယ့်တစ်ရာစုရဲ့ သာမန်လေကြောင်းလိုင်းလေယာဉ်များအတွက် ကာဗွန်ကင်းစင်တဲ့ အနာဂတ် “စိမ်းလန်းသော” လေယာဉ် ဒီဇိုင်းများကို အာရုံစိုက်ထားပါတယ်။

ဒါဟာ ဂေဟစနစ်နှင့် ပိုမိုသဟဇာတဖြစ်ပြီး အထိရောက်ဆုံးနှင့် အမြင့်ဆုံး စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်သော နည်းပညာဆိုင်ရာဖြေရှင်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။

AWWA Sky Whale ကို သတ္တုစပ်များ (Composite metal)၊ ကြွေထည် (Cerimic) သို့မဟုတ် ဖိုက်ဘာပေါင်းစပ် ပစ္စည်းများ၊ ကာဗွန်နာနိုပြွန်များ(Carbon nanotubes)၊ ဖိုက်ဘာအော့တစ်ကေဘယ် (Fiber optic Cable)များ၊ Self-healing skin၊ ဟိုက်ဘရစ်လျှပ်စစ်အင်ဂျင်များ၊ တက်ကြွသောတောင်ပံ (Active wings)များ၊ နှစ်ထပ်ကိုယ်ထည်များကို ထည့်သွင်းတည်ဆောက်မှာ ဖြစ်ပါတယ်။

ယာဉ်အပေါ်ဖက် မျက်နှာကျက်မှာ ဆဋ္ဌဂံပုံစံဖြင့် သေးငယ်သော ဆိုလာဆဲလ်များ တပ်ဆင်ထားပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။

သွက်လက်တဲ့ပုံစံနဲ့ အတောင်ပံတွေက လက်ရှိအသုံးပြုနေတဲ့ သမားရိုးကျ‌ လေယာဉ်များထက် တောင်ပံအလျား(Wingspan)က ပိုရှည်မှာဖြစ်ပြီး၊ လျှပ်စစ်စွမ်းအင်နဲ့ လောင်စာဆီ ပေါင်းစပ်အသုံးပြုတဲ့ ဟိုက်ဘရစ်အင်ဂျင် လေးလုံး တပ်ဆင်ထားပါတယ်။

လေယာဉ်ကိုယ်ထည်နှင့်နီးတဲ့ တောင်ပံအတွင်းပိုင်းမှာ Eccentric engine တစ်ခုစီပါရှိမှာ ဖြစ်ပါတယ်။ သူက ဘက်ထရီတွေ လျှပ်စစ်အားပြန်လည်ဖြည့်တင်းဖို့ ကူညီပါလိမ့်မယ်။

AWWA ရဲ့ အင်ဂျင်တွေကို အတက် (takeoff)နှင့် ဆင်းသက်ခြင်း(landing) များကို ကူညီပေးရန်အတွက် ဒေါင်လိုက် ၄၅ ဒီဂရီအထိ စောင်းနိုင်ပါတယ်။ (VA-Versatile Alliance System-for a STOL-တိုတောင်းသော အတက်အဆင်းနှင့် ဆင်းသက်ခြင်း)ကို အထောက်အကူပြုပါတယ်။

လေယာဉ်ကိုယ်ထည်နဲ့ အင်ဂျင် မျက်နှာပြင်များတစ်လျှောက် တပ်ဆင်ထားတဲ့ အာရုံခံကိရိယာများရဲ့ အကူအညီဖြင့် အရာအားလုံးကို ထိန်းချုပ်နိုင်တဲ့ Fly by wire and Avionics system အသုံးပြုထားပါတယ်။

ဘေးကင်းရေး ကြိုတင်ကာကွယ်မှုအနေဖြင့် လေယာဉ်ရဲ့ အတောင်ပံများနဲ့ အင်ဂျင်များဟာ ကိုယ်ထည်နဲ့ ဝေးကွာတဲ့အတွက် အရေးပေါ်ဆင်းသက်ရရင်တောင် ခရီးသည်ကို ထိခိုက်မှု နည်းပါစေမှာ ဖြစ်ပါတယ်။

လူကြိုက်အများဆုံးအချက်တွေကတော့ အရှည် ပေ ၂၄၀ (၇၆.၈ မီတာ) ရှိပြီး အမြင့်ဆုံး မြန်နှုန်းမှာ တစ်နာရီ မိုင် ၆၂၀ (997 kph) ရှိပါတယ်။

ဒါက ယနေ့ခေတ် အကောင်းဆုံး တာဝေးသွား လေယာဉ်များဖြစ်တဲ့ Airbus A380-800 နှင့် Boeing 747 တို့နှင့် နှိုင်းယှဉ်နိုင်ပါလိမ့်မယ်။ ကိုယ်ထည်ကလဲ သိသိသာသာ ပိုကြီးပြီး ခရီးသည် ၇၅၅ ဦးအထိ တင်ဆောင်နိုင်ပါတယ်။

Sky Whale လေယာဉ်ကြီးကို Sky Cruiser ကဲ့သို့ ပျံသန်းနေသော ဟိုတယ်အဖြစ် အခြေခံအားဖြင့် တည်ဆောက်ထားပြီး အားကစားရုံမှအစ ရေပူစမ်းအထိ အရာအားလုံးပါဝင်တဲ့အတွက် ရင်သပ်ရှုမောဖွယ်ကောင်း‌ပါတယ်။

ခေါင်မိုးအခုံးမှာ Virtual reality window တွေ တပ်ဆင်ထားလို့ သဘာဝ ကောင်ကင်ကြီးရဲ့ အလှအပ ပုံရိပ်တွေကို စီးမျောခံစားနိုင်ပါလိမ့်မယ်။

triple-decker လေယာဉ်ပေါ်တွင် ခရီးသည်များကို “tourist class”၊ “business class” နှင့် “first class” ဆိုပြီး ခွဲခြားထားမှာပါ။

Vinals ရဲ့ အဆိုအရ နောက်ဆုံးပေါ် နည်းပညာများ တပ်ဆင်ထားပြီး ပိုကြီးတဲ့ ဒီ ခရီးသည်တင် လေယာဉ်ကြီးများအတွက် ဝယ်လိုအား တိုးမြင့်လာ‌နေပါတယ်တဲ့။

ခုတင်ပြခဲ့တာကတော့ နောက်ဆုံးပေါ် သုံးထပ်လေယာဉ်ကြီးအကြောင်းပဲ ဖြစ်ပါတယ်။စာရှုသူများ နှစ်ချိုက်ကြတယ်ဆိုရင် ကျေနပ်မိမှာပါလို့။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *