လူ့ဆံပင်အစစ်၊ လူ့ခေါင်းအရေခွံတို့နဲ့ ဖန်တီးခံထားရတဲ့ ကျိန်စာသင့် အရုပ်တစ်ရုပ်

လူ့ဆံပင်အစစ်၊ လူ့ခေါင်းအရေခွံတို့နဲ့ ဖန်တီးခံထားရတဲ့ ကျိန်စာသင့် အရုပ်တစ်ရုပ်

ဒီအရုပ်ကတော့ ဦးနှောက်စားစေမယ့် အရုပ်ပါပဲ။ ဘာလို့လဲဆိုရင် အရုပ်ရဲ့ ဆံပင်တွေက လူဆံပင်အစစ်နဲ့လုပ်ထားတာ ဖြစ်ပြီးတော့ခေါင်းအရေခွံကလည်း လူ့ခေါင်းအရေခွံနဲ့ လုပ်ထားလို့ပါပဲ။

ပြီးတော့ ပိုထူးဆန်းတာက အရုပ်ရဲ့ ခေါင်းခွံထဲမှာ ဦးနှောက်လို ပုံစံငယ်တစ်ခုလည်း ရှိပါသေးတယ်တဲ့။ အရုပ်ရဲ့ ဖိနပ်တွေ ဖန်တီးထားတဲ့ပုံတွေကို ကြည့်ပြီး တချို့ကျွမ်းကျင်သူတွေက ဒီအရုပ်သက်တမ်းဟာ အနှစ် ၂၀၀ နီးပါးရှိပြီလို့ ပြောကြပါတယ်။

အရုပ်ကို အရှေ့ဥရောပမှာ နေကြတဲ့ ဂျစ်ပစီတွေကနေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီတော့ အရုပ်က သူ့နားကပ်လာသမျှ လူတွေကို အလိုလိုနေရင်း ကြောက်အောင် လုပ်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအရုပ်ရဲ့နာမည်ကတော့ Letta Me Out ပါ။ သူကျတာ့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး အရုပ်တွေထဲမှ တစ်ခုအဖြစ်လည်း ထူးခြားဆန်းကြယ်တဲ့ နောက်ခံသမိုင်းကြောင်းနဲ့အတူ လူသိများပါတယ်။

အရုပ်အကြောင်းရိုက်ထားတဲ့ Show တွေမှာလည်း Interview သူတွေပြောတာ အရုပ်နားရောက်ရင် အလိုလိုနေရင်း ကြက်သီးတွေ ထလာတယ်တဲ့။ အရုပ်ရဲ့လက်ရှိပိုင်ရှင်က မစ္စတာ ဝေါ်လ်တန် (Mr Walton) ပါ။

သြစတြေးလျမှာ လက်ရှိနေထိုင်နေတဲ့ အရုပ်လေးဟာ လျှို့ဝှက်ဆန်းကြယ်မှုလေးတွေနဲ့ ဝန်းရံထားပါတယ်။ Letta ရဲ့ ဇာတ်လမ်းကို သြစတြေးလျ၊ New South Wales ကျေးလက်ဒေသက Wagga Wagga မြို့ငယ်လေးမှာ ခြေရာခံနိုင်ပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်များအတွင်းက Kerry Walton အမည်ရှိ လူငယ်တစ်ဦးဟာ သူ့အစ်ကိုနဲ့အတူ စွန့်ပစ်ထားသော အိမ်တစ်လုံးကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ငယ်စဉ်ကပင် သရဲခြောက်တဲ့ အိမ်ဖြစ်ခြင်းအကြောင်း မရေမတွက်နိုင်သော ပုံပြင်များကို ကြားသိခဲ့ရပြီး ထိုအိမ်နဲ့ပတ်သက်ပြီး အမြဲတမ်း စူးစမ်းလေ့လာနေခဲ့ပါတယ်။

ဆွေးမြေ့နေတဲ့ ဒီအဆောက်အဦရဲ့ ကြမ်းပြင်အောက်မှာတော့ ဆိုးသွမ်းခြောက်ခြားဖွယ် အပြုံးနဲ့ ထူးဆန်းတဲ့ အရုပ်တစ်ရုပ်ကို တွေ့ရှိခဲ့ပါတယ်။

အဲဒီလိုနဲ့ သူတို့နေထိုင်ရာ ဘရစ္စဘိန်းမြို့ကို အကြာကြီး ကားမောင်းရင်း အိတ်ထဲက အရုပ်ကို “ငါ့ကို အပြင်ထုတ်ပေး” ဆိုပြီး နောက်ပြောင်ကာ “Letta Me Out” လို့ အမည်ပေးခဲ့တာပါတဲ။

“မြေအောက်ခန်းထဲ ဆင်းတော့ မှောင်မဲနေတာ။ ဘာမှမြင်ရဘူး ဒါပေမယ့် ဒီအရုပ်ကို အမှောင်ထဲကနေ တွေ့လိုက်ရတယ်ဗျ။

အမှောင်ထဲကနေ ကျနော့်ကို ပြုံးပြနေသလိုကြီးဒါနဲ့ ကျနော်လည်း ဘာစိတ်ကူးပေါက်မှန်းမသိပဲ အရုပ်ကို ကောက်ဆွဲပြီး ယူလာခဲ့တော့တာပဲ” လို့ ဝေါ်လ်တန် (Walton) က ပြောခဲ့ပါတယ်။

အရုပ်ကို Queensland မှာရှိတဲ့ သူ့ရဲ့ အိမ်ကို ယူလာခဲ့ပြီးတော့ သူ့အိမ်ရောက်တော့ ထူးဆန်းတာတွေ ဖြစ်ခဲ့ကြပါတယ်။ Walton ရဲ့ကလေးတွေက ဒီလို ရုပ်ဆိုးဆိုး အရုပ်ကို သဘောကျပြီး ‌အိပ်ရာထဲ ခေါ်အိပ်ကြသတဲ့။

ဒါပေမယ့် စရောက်လာချင်း ညမှာ အော်ပြီး ‌ကလေးတွေက အခန်းထဲကန ပြေးထွက်လာပြီး ပြောပါတယ်။ အရုပ်က သူတို့ကို စကားပြောနေပြီးတော့ ခေါင်းလှုပ်နေတာကို အမှောင်ထဲကနေ မြင်လိုက်ရတယ်လို့ ပြောပါတယ်။

သူတို့ အိမ်က ခွေးတွေကလည်း အရုပ်ကို မြင်ရင် ထိုးဟောင်ကြပြီးတော့ လိုက် လိုက်ကိုက်ကြတယ်တဲ့။ ဒီလိုနဲ့ Walton တို့က အရုပ်ကို သီးခြားအခန်းတစ်ခုထဲမှာ ပိတ်ထားခဲ့ကြပါတယ်။

နှစ်အနည်းငယ်ကြာတော့ Walton တို့ မိသားစု စီးပွားရေး ကြပ်တည်းလာတာနဲ့ အရုပ်ကို ထုတ်ရောင်းဖို့ လုပ်ခဲ့ပါသေးတယ်။ ဒေါ်လာ ၄၀၀ နဲ့ ရောင်းဖို့ လုပ်ခဲ့တာပါ။

ဒါပေမယ့် အရုပ်ကိုရောင်းဖို့ ဆိုင်ကိုရောက်တော့ ကားထဲကနေ အရုပ်ကို ဆွဲထုတ်လို့ မရခဲ့ပါဘူးတဲ့။

Walton က အနားမှာရှိတဲ့ သူတွေကို ခေါ် အကူညီတောင်းခဲ့ပြီး ဆွဲထုတ်ခဲ့ပေမယ့် အရုပ်ကို ဘယ်လိုမှ ကားထဲကနေ ဆွဲထုတ်လို့ မရခဲ့တာပါ။ အဲ့ဒီနောက် ဒီအရုပ်ကို မရောင်းဖို့ ဆုံးဖြတ်ပြီး အိမ်ပြန်သယ်ခဲ့ရပါတော့တယ်။

အရုပ်အကြောင်းကို သိချင်တဲ့ အတွက် နတ်ဝင်သည်တစ်ယောက်နဲ့လည်း အရုပ်ကိုပြခဲ့ပါသေးတယ်။

နတ်ဝင်သည်ကတော့ အခုအရုပ်ထဲမှာ ဝင်နေတဲ့ ဝိညာဉ်က ရေနှစ်သေခဲ့ရတဲ့ ကောင်လေးတယောက် ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ထူးဆန်းတာတစ်ခုက အရုပ်နဲ့ အပြင်သွားဖို့ အိမ်ပြင်ကို ထုတ်တိုင်း မိုးရွာပါတယ်တဲ့။ သူတို့တွေ အရုပ်အကြောင်းကို ရိုက်ပြတဲ့ Show ပွဲမှာလည်း နေသာနေခဲ့ပေမယ့် အရုပ်ရောက်လာတော့ ရုတ်တရက် မိုးတွေရွာချခဲ့တယ်လို့ ပြောပါတယ်။

Credit – Beyond Infinity page

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *