ကမ္ဘာ့အကျော်ကြားဆုံး ပန်းချီကားများ

ကမ္ဘာ့အကျော်ကြားဆုံး ပန်းချီကားများ

၁။ မိုနာလီဆာ (Mona Lisa)

ကမ္ဘာပေါ်တွင် အထင်ရှားဆုံးဖြစ်သည့် မိုနာလီဆာ ပန်းချီကားကို လီယိုနာဒိုဒါဗင်ချီက ၁၅ဝ၃ခုနှစ်၊ သို့မဟုတ် ၁၅ဝ၄ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ကာ သူ မကွယ်လွန်မီ ၁၅၁၉ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။

ပန်းချီကားအမည်ကို ဖလောရင့်စ်မြို့ရှိ သူဌေးသူကြွယ် မိသားစုဝင် Lisa del Giocondo ၏ အမည်ပေးခဲ့ သည်။

၁၉၁၁ ခုနှစ်တွင် မိုနာလီဆာပန်းချီကားကို ပြင်သစ်နိုင်ငံရှိ လုဗ်ပန်းချီပြတိုက်မှ ဝန်ထမ်းတစ်ဦး ဖြစ်သူ Vincenzo Peruggia က ခိုးယူခဲ့သည်။ သူသည် အီတလီလူမျိုး မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ မိုနာလီဆာသည် အီတလီနိုင်ငံသို့ ပြန်လည်ရောက်ရှိရ မည်ဟု ယုံကြည်ခဲ့သူဖြစ်သည်။

သူသည် သူ၏တိုက်ခန်းတွင် မိုနာလီဆာပန်းချီ ကားကို ၂ နှစ်တိုင် သိမ်းဆည်းထားခဲ့ပြီးနောက် ဖလောရင့်စ်မြို့ရှိ Uffizi Gallery မှ ဒါရိုက်တာများထံ ရောင်းချရန်ကြိုးပမ်းစဉ် ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ယခုအခါတွင် မိုနာလီဆာ ပန်းချီကားကို ပါရီမြို့ ရှိ လုပ်ပြတိုက်တွင် ပြန်လည်ပြသထားရာ နှစ်စဉ် လူ ၆ သန်း လာရောက်ကြည့်ရှုကြသည်၊

၂။ ငယ်သံပါအော်သံ (The Scream)

သရုပ်မှန်ပန်းချီကားများရေးဆွဲသူ နော်ဝေပန်းချီ ဆရာ Edvard Munch သည် ငယ်သံပါအော်သံ အမည်ဖြင့် ပန်းချီကားအတွဲများကို ရေးဆွဲခဲ့သည်။

ယင်းပန်းချီများသည် သွေးရောင်နီနေသည့် မိုးကောင်းကင်ကို သောကပွားကာ ကြည့်နေသည့်ပုံများကိုရေးဆွဲ ခဲ့သည်။

ပန်းချီကား၏နောက်ခံပုံသည် အော်စလိုမြို့ရှိ Ekeberg ထောင်တန်းပေါ်မှမြင်ရသည့် Oslofjord မြင်ကွင်းဖြစ်ကာ ပန်းချီဆရာသည် သူ၏ပန်းချီကားများကို မီဒီယာမျိုးစုံတွင် တင်ဆက်မှုမျိုးစုံဖြင့် ဖန်တီးခဲ့ သည်။

ယင်းတို့အနက် နော်ဝေနိုင်ငံအမျိုးသား ပန်းချီ ပြခန်းတွင်ပြသထားသောပုံသည် ၁၈၉၃ ခုနှစ်က ရေး ဆွဲခဲ့သည့်ပုံဖြစ်ပြီ၊ ၁၉၉၄ ခုနှစ်တွင်ခိုးယူခြင်းခံခဲ့ရကာ လအတန်ကြာတွင် ပြန်လည်ရရှိခဲ့သည်။

၂၀၀၄ ခုနှစ် တွင် Munch ပြတိုက်တွင် ပြသထားသည့် ငယ်သံပါအော်သံ ပန်းချီကားတစ်ခု သည်လည်း ခိုးယူခံခဲ့ရကာ ၂၀၀၆ ခုနှစ်ရောက်မှ ပြန်လည်ရရှိခဲ့သည်။

၃။ နောက်ဆုံးညလယ်စာ (The Last Supper)

နောက်ဆုံးညလယ်စာသည် ၁၅ ရာစုတွင် လီယိုနာဒိုဒါဗင်ချီရေးဆွဲခဲ့သည့် နံရံဆေးပန်းချီဖြစ်ကာ အီတလီနိုင်ငံ၊ မီလန် မြို့၌တည်ရှိသည်။

Santa Maria delle Grazie ဘုရားဝတ်ပြုကျောင်း၏ စားဆောင်အနောက်ဘက် နံရံပေါ်တွင် ရေးဆွဲထားသည့် ယင်းပန်းချီကားသည် ယေရှုခရစ်တော်ကို သူ၏တမန်တော် ၁၂ ပါးအနက် တစ်ပါးက သူ့အပေါ် သစ္စာဖောက်တော့မည်ဖြစ် ကြောင်း ကြေညာသည့် နောက်ဆုံးညလယ်စာကိုကိုယ်စားပြုသောပုံဖြစ်သည်။

လီယိုနာဒိုသည် နောက်ဆုံးညလယ်စာပန်းချီ ကားကို ၁၄၉၅ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ကာ ဆက်တိုက်မရေးဆွဲခဲ့သော်လည်း ၁၄၉၈ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။

ပန်းချီဆရာအများစုက ပန်းချီကားတွင်ပါရှိသည့် ခရစ်တော်၏ ဝဲဘက်တွင်ထိုင်နေသူသည် တမန်တော်ဂျွန်ဟုပြောဆိုကြသော်လည်း စာရေးဆရာအချို့က ထိုသူသည် မေရီမက်ဒါလန်းနှင့် ပိုတူနေသည်ဟု ပြောဆိုခဲ့ကြသည်။

ယင်းအယူအဆကို ၁၉၉၇ ခုနှစ် တွင်ထုတ်ဝေခဲ့သည့် The Templar Revelation စာအုပ်နှင့် ၂ဝဝ၃ ခုနှစ်ကထုတ်ဝေခဲ့သည့် The Da Vinci Code စာအုပ်တို့တွင် မီးမောင်းထိုးပြခဲ့သည်။

၄။ ပုလဲနားဆွဲနှင့် မိန်းကလေး (Girl with a Pearl Earring)

နယ်သာလန်နိုင်ငံမှ ဒတ်ချ်လူမျိုး ပန်ချီဆရာ Johannes Vermeer နှင့် သူ၏ပန်းချီလက်ရာများသည် လူသိနည်းခဲ့သော်လည်း သူရေးဆွဲခဲ့သည့် ပုလဲနားဆွဲဝတ်ထားသည့် မိန်းကလေ၊ အမည်ရှိပန်းချီကားကိုမူ ခြွင်းချက်မရှိဘဲ ဒတ်ချ် မိုနာလီဆာဟု ရည်ညွှန်းပြောဆိုကြသည်။

ပန်းချီကားကို ရေးဆွဲခဲ့သည့်ရက်ကို ရှင်းလင်းစွာမသိရှိကြ သကဲ့သို့ မည်သူ အတွက် ရေးခဲ့သည်ဆိုသည့် အချက်သည်လည်း ရှင်းလင်းခြင်းမရှိချေ။

မည်သို့ပင်ဆိုစေ ယင်းပန်းချီကားသည် သမားရိုးကျပန်းချီကားတစ်ချပ်ဖြစ်ဟန်မရှိခဲ့ချေ။ ယင်းပန်းချီကားဖန်တီးခဲ့မှုနှင့်ပတ်သက်၍ Tracy Chevalier က သမိုင်းနောက်ခံဝတ္ထုတစ်အုပ် ရေးသားခဲ့သည်။

ယင်းဝတ္ထုကို ၂၀၀၃ ခုနှစ်တွင် ရုပ်ရှင်ဇာတ်ကားအဖြစ် ထုတ်လုပ်ခဲ့ရာ ပန်းချီဆရာ၏ လက်ထောက်ဖြစ်သူ Scarlett Johansson က ပုလဲနားဆွဲဝတ်ဆင်ကာ ပါဝင်သရုပ်ဆောင်ခဲ့သည်။

၅။ ဗီးနပ်စ်ကို မွေးဖွားခြင်း (Birth of Venus)

ပန်းချီကျော် Sandro Botticelli သည် ၁၄၈၅ ခုနှစ်မှ ၁၄၈၇ ခုနှစ်အကြားတွင် ဗီးနပ်စ်ကိုမွေးဖွားခြင်းအမည်ရှိ ပန်းချီကားကို ရေးဆွဲဖန်တီးခဲ့သည်။

ဂရိဒဏ္ဍာရီများတွင် အဖရိုဒိုက်ဟုထင်ရှားသည့် ဗီးနပ်စ် နတ်ဘုရားမသည် ဒဏ္ဍာရီများအရ ခရုခွံတစ်ခုအတွင်းမှ ဖွားမြင်ကာ ပင်လယ်ပြင်ထက်သို့ ပေါ်ထွန်းလာခဲ့ သူဖြစ်သည်။

ဗီးနပ်စ်ဖွားမြင်ခန်းကို ရေးဆွဲထားသည့် ပန်းချီကားသည် မူလက မည်သည့်နေရာ၊ မည်သူ့လက်ဝယ် တွင်ရှိခဲ့ကြောင်း မထင်ရှားခဲ့ချေ။ ကျွမ်းကျင်သူအချို့က ယင်းပန်းချီကားကို လိုရန်ဇိုဒီမက်ဒီချီဆိုသူ ပိုင်ဆိုင်ကာ ပန်းချီကားကိုထားရှိရန် မူလကရည်ရွယ် ခဲ့သည့် ကက်စ်တယ်လ်လိုအိမ်ကြီးတွင်ရှိခဲ့သည်ဟု ယူဆကြသည်။

ယခုမျက်မှောက်တွင် ယင်းပန်းချီကား ကို အီတလီနိုင်ငံဖလောရင့်စ်မြို့ ရှိ အုပ်ဖီဇီပန်းချီ ပြခန်းတွင် ထိန်းသိမ်းထားရှိသည်။ ဗီးနပ်စ်မွေးဖွားခန်းကို ကောင်းမွန်သောအရောင်အသွေးများဖြင့် ပုံဖော်ထားခြင်းကိုမြင်တွေ့ နိုင်ကြသည်။

Leave a Reply

Your email address will not be published.