ထူးခြားဆန်းပြားတဲ့ စိတ်ကူးယဥ်ကမ္ဘာတစ်ခု (သို့) “မှိုလမ်း”

ထူးခြားဆန်းပြားတဲ့ စိတ်ကူးယဥ်ကမ္ဘာတစ်ခု (သို့) “မှိုလမ်း”

အရင်တုန်းကတော့ စပိန်နိုင်ငံ၊ Alicante က ဒီလမ်းလေးဟာ သာမန်လမ်းလေးတစ်ခုသာဖြစ်ပြီး လူသိနည်းခဲ့ပါတယ်။

ဒါပေမဲ့ ဒီလမ်းကို အမြင့် ၆ ပေလောက်ရှည်တဲ့ မှိုများဖြင့် လှဆင်ပြီး ဆေးရောင် အစိမ်းနဲ့ အဝါရောင်တို့ကို သုတ်လိမ်းလိုက်ချိန်မှာတော့ ကမ္ဘာ့အထင်ကရ နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတော့တယ်။

ဒီလမ်းကိုတော့ “Mushroom Street” မှိုလမ်းလို့ ခေါ်ပါတယ်။ တစ်လမ်းလုံးမှာ လူ့အရပ်ထက်ကျော်တဲ့ မှိုရုပ်ထုတွေ ပြည့်နှက်နေမှာဖြစ်ပြီး စပိန်နိုင်ငံရဲ့ လူကြိုက်အများဆုံး နေရာတွေထဲက တစ်ခု၊ ကမ္ဘာလှည့် ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံရိုက်ရတာ နှစ်သက်သူတွေနဲ့ ဆော့ကစားတတ်တဲ့ ကလေးတွေအတွက်လည်း ရေပန်းစားတဲ့ နေရာတစ်ခုဖြစ်လာပြီး အသွင်အပြင်အရလည်း ထူးဆန်းသလို ပျော်စရာလည်းကောင်းတဲ့ လမ်းလေးတစ်လမ်း ဖြစ်လာခဲ့ပါတယ်။

ဒီလမ်းဟာ ဧရာမ မှိုကြီးတွေ မရှိခင်အချိန်တုန်းကတော့ Calle de San Francesco လမ်းလို့ အမည်တွင်ခဲ့ပြီး တစ်ချိန်က မထင်မရှားဖြစ်ခဲ့တဲ့ Alicante ကို ပြယုဂ်လေး ဖြစ်လာစေခဲ့တဲ့အထိ ဆွဲတင်ပေးနိုင်ခဲ့တဲ့ ဖန်တီးမှုတစ်ခုလည်း ဖြစ်ပါတယ်။

မှိုလမ်းကိုတော့ ၂၀၁၃ ခုနှစ်မှာ စတင် အသွင်ပြောင်းခဲ့တာဖြစ်ပြီး အဲဲဒီအချိန်က အခုမြင်တွေ့နေရတဲ့ စားသောက်ဆိုင်တွေ၊ မိုတယ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေတောင် မရှိခဲ့သေးပါဘူး။

ဒီလမ်းကို စတင်ဖန်တီးခဲ့ပုံကလည်း Alicante ကို ပျော်စရာကောင်းတဲ့ နေရာအဖြစ် ပြောင်းလဲသွားလိုတဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်ပြီး တကယ်တမ်းမှာလည်း ဒီစိတ်ကူးက အလုပ်ဖြစ်ခဲ့တယ် ဆိုရပါမယ်။

ဧရာမမှိုကြီးတွေနဲ့အတူ ကလေးတွေ ဆော့ကစားနိုင်တဲ့ မှိုရုပ်သေးသေးလေးတွေ၊ မှိုမျက်နှာပြင်နဲ့ နံရံမှာ ခြယ်မှုန်းထားတဲ့ ပန်းချီကားတွေ၊ ဆီးဆောတွေနဲ့ လျှောတွေအပါအဝင် လမ်းမျက်နှာပြင်ကိုလည်း အဝါနဲ့ အစိမ်းရောင် ခြယ်မှုန်းထားပြီး ဒီလမ်းထဲမှာပဲ ကစားနည်းပေါင်းစုံ ဆော့ကစားနိုင်အောင် ဖန်ဆင်းခဲ့ပါတယ်။

ဒါကြောင့် မှိုလမ်းဟာ ခြွင်းချက်မရှိ ဒေသခံ ကလေးငယ်တို့အတွက် အနှစ်သက်ဆုံး ကစားကွင်း ဖြစ်လာခဲ့သလို၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအတွက်လည်း အကျိုးအမြတ်တွေ ရှာဖွေပေးနိုင်တဲ့ နေရာလေးတစ်ခု ဖြစ်လာခဲ့ပါတယ်။

တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ ကုန်စုံဆိုင်တွေ အမျိုးမျိုးက လမ်းရဲ့ တစ်ဖက်တစ်ချပ်စီမှာ ပြည့်နှက်နေပြီး ကမ္ဘာလှည့် ခရီးသွားတွေကလည်း ဒီလမ်းကို လာရောက် စူးစမ်းကြတာတွေရှိလို့ ဒီနေရာလေးဟာ တကယ့်ကို စိတ်ပျော်ရွှင်စေနိုင်တဲ့ နေရာလေးအဖြစ် ပြောင်းလဲလာခဲ့ပါတော့တယ်။

လမ်းကို စတင်ဖန်တီးခဲ့ချိန်က Calle San Francisco ရှိ မှိုများဟာ လူမှုကွန်ရက်ပေါ်က လူကြိုက်များသော စာမျက်နှာများစွာရဲ့ အာရုံကို ရုတ်တရက် စွဲဆောင်သွားခဲ့ပုံရပြီး မြို့ရဲ့ ရေပန်းအစားဆုံး ပုံအချို့ကိုလည်း လက်ရှိအချိန်ထိ ကမ္ဘာအနှံ့ကို မျှဝေပေးနေလျက် ရှိပါတယ်။

Alicante လို ရိုးရာမြို့သေးလေးကို နေ့ချင်းညချင်း စိတ်ကူးယဉ်ဆန်သောနယ်မြေအဖြစ်သို့ ပြောင်းလဲသွားစေခဲ့တဲ့ မှိုတို့ရဲ့ အလှဆင်မှုဟာလည်း ချီးကျူးလေးစားရမယ့် တီထွင်မှုတစ်ခုပါပဲ။

၂၀၁၃ ခုနှစ်က မှိုကြီးတွေကို ဧရိယာအား ပြန်လည်အသက်ဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် ယူရို ၆၆,၀၀၀ ကုန်ကျခံပြီး မြို့နယ်အစိုးရက ဖန်တီးခဲ့တဲ့အတွက် အတိုက်အခံများရဲ့ ဝေဖန်မှုတွေကိုလည်း ကြုံတွေ့ခဲ့ရပါသေးတယ်။

ပိုက်ဆံတွေကို အလကား ဖြုန်းတီးပစ်လိုက်တာပဲဆိုတဲ့ လက်ညိုးထိုးမှုတွေအောက်မှာ ဒီလမ်းလေးဟာ နေ့ချင်းညချင်းမှာပဲ နိုင်ငံတကာကို ခုန်ပျံကျော်ကြား သိရှိသွားပုံရပါတယ်။

လမ်းပေါ်က ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ အီတလီ၊ ပြင်သစ်နဲ့ အမေရိကန်တို့လို နိုင်ငံကြီးတွေအပြင် အာရှတိုက်အထိပါ လူမှုကွန်ရက်တွေကတစ်ဆင့် ပျံ့နှံ့သွားခဲ့ပါတော့တယ်။

အဲဲဒီလိုနဲ့ ခြောက်သွေ့တိတ်ဆိတ်နေတဲ့ လမ်းလေးဟာ နေ့စဥ်နဲ့အမျှ လည်ပတ်လမ်းလျှောက်သူတွေ တိုးများလာခဲ့ပြီး ဒီလူတွေထဲမှာ အများစုက ကလေးငယ်တွေနဲ့၊ ခရီးသွားတွေဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေကလည်း သူ့ထက်ငါအပြိုင် ဒီနေရာလေးမှာ လာရောက် ရင်းနှီးမြှုပ်နှံခဲ့ကြပါတော့တယ်။

တစ်စနဲ့တစ်စ ကျော်ကြားရေပန်းစားလာမှုတွေကြောင့် ဝေဖန်သံတွေဟာလည်း ရပ်တန့်သွားခဲ့ပြီး Alicante လိုမြို့လေးကတောင် စပိန်ရဲ့ စိတ်ဝင်အစားခံရဆုံး မြို့တစ်မြို့ ဖြစ်လာခဲ့တာကြောင့် ဒီလမ်းလေးဟာ ဒေသခံတွေအားလုံးအတွက်တော့ ကျေးဇူးတင်ရမယ့် နေရာလေးတစ်ခုပါပဲ။

ယနေ့ချိန် ဒီလမ်းမှာ လုပ်ငန်းပေါင်း ၅၀ ကျော် ရှိနေခဲ့ပြီဖြစ်သလို မြို့ရဲ့ ရိုးရာဗဟိုမှာရှိတဲ့ Alamo ဟော်တယ်နဲ့လည်း ၃၀၀ မီတာ အကွာအဝေးမှာ တည်ရှိနေတာကြောင့် ခရီးသွားတွေရဲ့ အရောက်လှမ်းချင်စရာ စိတ်ကူးယဥ် ကမ္ဘာငယ်လေးတစ်ခုလည်း ဖြစ်နေခဲ့ပါပြီ။

သတင်းစုံ ဗသုသုတများကို ရှာဖွေတင်ဆက်နေတာမို့ Knight News Page မှာ စောင့်မျှော်အားပေးကြပါအုံးလို့။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *