တောင်ကိုရီးယားရဲ့ နာမည်ကျော် ဟန်မြစ်အကြောင်း

တောင်ကိုရီးယားရဲ့ နာမည်ကျော် ဟန်မြစ်အကြောင်း

စာဖတ်သူတို့ဟာ ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ သိပ်မစိမ်းတဲ့သူဆိုရင်တော့ သူတို့ရဲ့ နာမည်ကျော် ဟန်မြစ်ကြီးကို ဖန်သားပြင်ထက်မှာ မြင်တွေ့ဖူးကြမယ်လို့ ထင်ပါတယ်။

တကယ်တော့ ဟန်မြစ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့မြို့တော် ဆိုးလ်ရဲ့ အကျော်ကြားဆုံး မြစ်ဖြစ်သလို အရင်တုန်းကလည်း တောင်ကိုရီးယားရဲ့ သမိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ 

ဟန်မြစ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ “အံ့ဖွယ် စွမ်းဆောင်ရည်” လို့ တင်စားခံထားရတာနဲ့အညီ ၁၉၅၀ ပြည့်လွန်နှစ်များမှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခုမှ ယနေ့ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်ခုသို့ တိုးဝင်လာစေခဲ့တဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်စေခဲ့ပါတယ်။

ယနေ့ခေတ်မှာတော့ စာဖတ်သူတို့ K-Drama တွေထဲမှာ မြင်တွေ့နေကြတဲ့အတိုင်း ဟန်မြစ်ကြီးဟာ စက်ဘီးစီးရန်၊ ပျော်ပွဲစားထွက်ရန်နဲ့ ညနှောင်းပိုင်း ညနေဆည်းဆာနဲ့ ရှုခင်းသာ အလှတရားတို့ကို ကြည့်ရှုရန်တို့အတွက် နေရာကောင်းတစ်ခုအဖြစ် လူသိများပါတယ်။ 

ဆိုးလ်ကိုရောက်ဖူးရင် ဟန်မြစ်ကို အနည်းဆုံး တစ်ခေါက်လောက် တွေ့ခဲ့ကြဖူးမယ် ထင်ရလောက်အောင်ကိုပဲ ဟန်မြစ်ဟာ ကိုရီးယားလူမျိုးတွေရဲ့ နေ့စဉ်ဘဝတွေမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ဟန်မြစ်ဟာ ကိုရီးယားကျွန်းဆွယ်မှာ စတုတ္ထ အရှည်ဆုံးမြစ် ဖြစ်ပါတယ်။ဆိုလိုသည်မှာ တောင်ကိုးရီးယားနဲ့ မြောက်ကိုရီးယားတို့ နှစ်နိုင်ငံပေါင်းမှာ စတုတ္ထ အရှည်ဆုံးမြစ်ပါ။

ယခင်က ဟန်မြစ်ကို ကုန်စည်ကူးသန်းရောင်းဝယ်ရန်နဲ့ ဆိုးလ်မြို့အနှံ့ လူများကို ပို့ဆောင်ရန်အတွက် အသုံးပြုခဲ့ပါတယ်။

အဲဒီလိုနဲ့ တောင်၊ မြောက် ကွဲသွားအပြီး အင်ပါယာတွေ တည်ထောင်လာတဲ့အခါ ကိုရီးယား နယ်မြေတို့က ဟန်မြစ်ကို ချုပ်ကိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

တကယ်တမ်းမှာလည်း ဟန်မြစ်ဟာ ကိုရီးယားနဲ့ ပင်လယ်ဝါကြားကို အဓိက ဆက်သွယ်ထားတာကြောင့် ဟန်မြစ်နဲ့ ပတ်သက်လို့ တိုက်ပွဲတွေတောင် ဖြစ်ခဲ့ကြပါတယ်။

ဟန်မြစ်နဲ့ ပင်လယ်ဝါတို့မှတဆင့် ကိုရီးယားလူမျိုးများဟာ တရုတ်နဲ့ ကုန်စည်ကူးသန်းရောင်းဝယ်နိုင်ခဲ့ကြတာပါ။ 

ဟန်မြစ်ဟာ အရှေ့ဘက် Gangwon ပြည်နယ်ရှိ Taebaek တောင်မှ အနောက်ဘက် ပင်လယ်ဝါသို့ စီးဆင်းဖြတ်သန်းပါတယ်။

မြစ်ရဲ့ အရှည်ဟာ ၄၉၄ ကီလိုမီတာ (၃၀၇ မိုင်) ရှိပြီး တောင်ကိုရီးယားရဲ့ ဒုတိယ အရှည်လျားဆုံးမြစ်လည်း ဖြစ်ပါတယ်။

ဒီမြစ်ကို ယနေ့ချိန်မှာတော့ ကံဆိုးမှုတစ်ခုလို့ ဆိုနိုင်မယ့် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနယ်စပ်မှာ ပိတ်ဆို့ထားမှုတွေကြောင့် ခွင့်ပြုချက်မရှိသူများ အသုံးပြုခွင့် မရတော့ပါဘူး။

အသုံးပြုခွင့် ရမနေသည့်တိုင်အောင် ဟန်မြစ်ဟာ တောင်ကိုရီးယားရဲ့ အကျော်ကြားဆုံး မြစ်တစ်စင်းဖြစ်နေပြီး ပတ်ဝန်းကျင်မှ လူများကိုလည်း ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ အထောက်အကူ ပြုနေဆဲပါ။

ဟန်မြစ်က တောင်ကိုရီးယားနိုင်ငံရဲ့ အဓိက ရေချိုအရင်းအမြစ်များထဲမှ တစ်ခုဖြစ်တာကြောင့် ငါးခူနဲ့ ရွှေ့ပြောင်းငှက်များကဲ့သို့သော တောရိုင်းတိရစ္ဆာန်များစွာရဲ့ မှီခိုအားထားရာလည်း ဖြစ်နေပြန်ပါတယ်။

ယခင်ကတော့ နိုင်ငံအတွင်းမှာ ဆိုးလ်မြို့ကို ဖြတ်သန်းသွားလာရန် လမ်းကြောင်းတစ်ခုဖြစ်ခဲ့သလို အခုချိန်မှာလည်း သယ်ယူပို့ဆောင်ရေး ရည်ရွယ်ချက်အတွက်တော့ အသုံးပြုခွင့် ရရှိထားဆဲပါပဲ။

ပထဝီဝင် သဘောတရားတွေအရ ဟန်မြစ်ဟာ ဆိုးလ်မြို့ရဲ့ မြောက်ဘက်နဲ့ တောင်ဘက်ပိုင်းကို ပိုင်းခြားထားတာဖြစ်ပြီး ယခင်က မြို့ရဲ့ အစိတ်အပိုင်းနှစ်ခုကြားမှာ သွားလာရခက်ခဲမှုတွေ ရှိခဲ့တာပါ။ 

ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ တောင်ကိုရီးယားလူမျိုးတွေဟာ ဆိုးလ်မြို့ရဲ့ တောင်ဘက်နဲ့ မြောက်ဘက်တွေကို ဆက်သွယ်ရန်အတွက် တံတားများကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။ 

ဒါကြောင့် ယနေ့ချိန်မှာတော့ ဟန်မြစ်ကို တံတားတွေနဲ့ ဖြတ်ပြီး တောင်ပိုင်းနဲ့ မြောက်ပိုင်းကို သွားလာရတာ အရမ်းလွယ်ကူနေပါပြီ။ တစ်ဖက်မှာလည်း ဟန်မြစ်အတွင်း လေထုညစ်ညမ်းမှုဟာ ယခင်က ပြဿနာကြီးတစ်ခုပါ။ 

လူတွေက ဓာတုပစ္စည်းတွေနဲ့ အမှိုက်တွေကို မြစ်ထဲကို စွန့်ပစ်ကြတယ်။ တောင်ကိုရီးယားက ဒါတွေကို အသိပညာပေးအနေနဲ့ ၂၀၀၆ ခုနှစ်တွင် “The Host” (ကိုရီးယား ဘာသာဖြင့် Gwoemul) လို့ခေါ်သော ကိုရီးယားရုပ်ရှင်ကို ဖန်တီးပြခဲ့ဖူးပါတယ်။

ဒီရုပ်ရှင်ဟာ ဟန်မြစ်ထဲသို့ ဓာတုပစ္စည်းများ စွန့်ပစ်မှုကြောင့် ပေါ်ပေါက်လာခဲ့ရတဲ့ လူသားစား သတ္တဝါတစ်ကောင်အကြောင်းကို ပုံဖော်ထားခဲ့တာပါ။ ဒီရုပ်ရှင်ကလည်း အတော်လေး ထိရောက်ခဲ့တယ် ဆိုနိုင်ပါတယ်။

ရုပ်ရှင် ပြသအပြီး အစိုးရက မြစ်ကြောင်း သန့်စင်ရေး အစီအစဉ်များကို ထိထိရောက်ရောက် စတင်ဆောင်ရွက်ခဲ့ပါတော့တယ်။

ဟန်မြစ်က ကိုရီးယားလူမျိုးများအတွက် သောက်သုံးရေကို ထောက်ပံ့ပေးတာကြောင့်လည်း သန့်ရှင်းပြီး ဘေးကင်းနေဖို့ အရေးကြီးပါတယ်။

အထက်က ဖော်ပြခဲ့သလိုပဲ ကိုရီးယားလူမျိုးများက ဆိုးလ်ကိုဖြတ်ပြီး သွားလာနိုင်ရန်အတွက် တစ်ခါတစ်ရံ ဟန်မြစ်ကို ဖြတ်ကျော်ရတတ်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက တံတားတွေမရှိခဲ့လို့ ခရီးသွားလာရ ခက်ခဲခဲ့ကြပါတယ်။ 

အချိန်ကြာလာတာနဲ့အမျှ ဒီမြစ်ကို တန်ဖိုးထားတဲ့သူတွေ များပြားလာခဲ့ပြီး တံတားများစွာကို တည်ဆောက်ထားနိုင်ခဲ့ကြောင့် ဟန်မြစ်ကိုဖြတ်၍ ခရီးသွားရတာမှာ လွယ်ကူပြီး မည်သူမဆို ပြုလုပ်နေနိုင်ပါပြီ။

ဒါကြောင့် ယနေ့အခါမှာ မြစ်ကိုဖြတ်သွားတဲ့ ဘတ်စ်ကားလမ်းကြောင်းများ၊ မီးရထားများ အများအပြား ရှိလာပြီဖြစ်သလို မြစ်ရဲ့ ပတ်ဝန်းကျင်က အလှတရားတွေကို လာရောက်ခံစားသူတွေ၊ စက်ဘီးစီးသူတွေ၊ ပျော်ပွဲစားထွက်သူတွေနဲ့ ပွဲလမ်းသဘင်တချို့ကြောင့် ဟန်မြစ်ဟာလည်း တောင်ကိုရီးယား ပြယုဂ်ဆိုတာနဲ့ ထိုက်တန်နေခဲ့ပါပြီ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *