မိဂဒါဝုန် (သို့မဟုတ်) တရားဦးဟောရာဌာန
ဘုရားပစ္စေကဗုဒ္ဓ ရဟန္တာတို့ ကောင်းကင်မှ သက်ဆင်းရာ၊ ကောင်းကင်သို့ တက်ရာကြောင့် ဣသိပရနဟု အမည်ရ၍ သားသမင်ပေါင်းတို့ကို ဘေးမဲ့ပေရာဖြစ်သော မိဂဒါဝုန်။
မိဂဒါဝုန်တွင် မြတ်စွာဘုရားသခင်သည် ဓမ္မစကြာတရားဦးကို ပဉ္စဝဂ္ဂီ ငါးဦးအား ဟောကြားတော်မူခဲ့၏။
မိဂဒါဝုန်
မိဂဒါဝုန်သည် အိန္ဒိယနိုင်ငံ၊ ဥတ္တရာပြည်နယ်၊ ဗာရာဏသီမြို့အနီး ဣသိပတန အမည်ရှိသော သား သမင် ပေါင်းတို့အား ဘေးမဲ့ပေးထားရာ တောကြီး ဖြစ်သည်။
ဣသိပတနဟု အမည်ရသည်မှာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာမထေရ်ရှင်တို့ ကောင်းကင်မှ သက်ဆင်းရာ၊ ကောင်းကင်သို့ တက်ရာဖြစ်သောကြောင့်ဖြစ်သည်။
ထိုမိဂဒါဝုန်တောကြီး၌ လူနတ်ဗြဟ္မာသတ္တဝါတို့၏ ဆရာဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်၊ ဝါဆို လပြည့် စနေနေ့ နေဝင်လုဆဲအချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာ ဒေသနာတော်ကို တရားဦး ဟောတော်မူခဲ့သည်။
ထိုသို့ ဟောခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၂,၅၅၀ ကျော်ခဲ့ လေပြီဖြစ်သည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည့်နောက် နှစ်ပေါင်း ၂၅ဝ ခန့်တွင် သာသနာ့ဒါယကာ ဖြစ်တော်မူသော သီရိဓမ္မာသောက မင်းကြီးသည် ဘုရားရှင်နှင့် စပ်လျဉ်းသည့် ဒေသ များသို့ တိုင်းခန်း လှည့်လည်ပြီးလျှင် အမှတ်တရ ဖြစ်စေရန် သာသနိက အဆောက်အအုံများကို ဆောက်လုပ်လှူဒါန်းခဲ့သည်။
ထိုအဆောက်အအုံများအနက် မိဂဒါဝုန်တော၌ မြတ်စွာဘုရား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူခဲ့သည့် နေရာတွင် တည်ထားသော ဓမ္မစက္ကစေတီသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ထိုစေတီတော်ကြီးမှာ ပျက်စီးယိုယွင်းနေလင့်ကစား ယခုတိုင် မြေပြင်မှ ဉာဏ်တော် ပေ ၁၅၀ ခန့် မြင့်မားလျက်ပင် ရှိသေးသည်။
စေတီကြီး အပေါ်ပိုင်းသည် ဝိုင်း၍ ထိပ်တွင်ခုံး၍ နေသည်။ အောက်ပိုင်းတွင်ကား ရှစ်ထောင့်သဏ္ဌာန်ရှိ၍ အုတ်ဖြင့်တည်ထား၍ အပေါ်ပိုင်းတွင် ကျောက်ဖြင့် တည်ထားသည်။
မိဂဒါဝုန်တောကို ယခုအခါ ဆားနပ်ဟု ခေါ်သည်။ ဗာရာဏသီမြို့မှ မြောက်ဘက် ၆ မိုင်ခန့် အကွာတွင် “ဆားနပ်” ခေါ် မိဂဒါဝုန်တောတန်းရှိသည်။
ကာလကတ္တားမြို့မှ ဂါယာမြို့သို့ ရထားဖြင့်သွားရာတွင် ၂၉၂ မိုင် ဝေး၍ တဖန် ဂါယာမှ ဗာရာဏသီမြို့ သို့ ၁၂၉ မိုင်ဝေးသည်။
ဗာရာဏသီမြို့မှ မိဂဒါဝုန်တောသို့ ၆ မိုင်ဝေးသောခရီးကို ကား၊မြင်းလှည်းဖြင့်ဖြစ်စေ၊ တက္ကစီမော်တော်ကားဖြင့်ဖြစ်စေ သွားနိုင်သည်။
မိဂဒါဝုန်သို့ မရောက်မီ ၂ ဖာလုံခန့် အလို လက်ဝဲဘက် တောင်ပူစာတစ်ခုပေါ်တွင် “ချောက်ဂန္ဒီ” ခေါ် စေတီတစ်ဆူ ကိုတွေ့ရသည်။ ထိုစေတီနေရာကား ဗုဒ္ဓမြတ်စွာသည် ပဉ္စဝဂ္ဂီ ငါးဦးတို့အား တရားဦး မဟောမီ ပထမဆုံး တွေ့ကြသော နေရာဟု ဆိုသည်။
မြတ်စွာဘုရားသည် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး ဟောတော်မူသည့် ဝါဆိုလပြည့်နေ့ညမှာပင် အရှင် ကောဏ္ဍညသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်၏။
ယင်း ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင် ဝပ္ပ၊ ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄ ရက်နေ့ တွင် အရှင်အဿဇိတို့ အသီးအသီး သောတာပန်အဖြစ်သို့ ရောက်ကြသည်။
ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် ပဉ္စဝဂ္ဂီ ငါးဦးတို့အား တဖန် အနတ္တလက္ခဏသုတ်ကို ဟောတော် မူရာတွင် ပဉ္စဝဂ္ဂီငါးဦးတို့သည် မဂ်၊ ဖိုလ် အစဉ်ဖြင့် အဆင့်ဆင့်တက်၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြသည်။
Knight News Team
Ref: Encyclopedias
Knight News © 2022