ဆန်သစ်တဲ့ ဒီဇိုင်းနဲ့ သုံးဘီးကားပျံ ‘Switchblade’
အမေရိကန် အခြေစိုက် Samson Sky မော်တော်ယာဥ်လုပ်ငန်းကနေ ယခုတစ်ကြိမ် လျှပ်စစ်လေယာဉ် (eVTOL) မဟုတ်ဘဲ ဒီဇိုင်းဆန်းတဲ့ ကားပျံကို မိတ်ဆက်လိုက်ပါတယ်။
ပျံသန်းနိုင်သော ကားအဖြစ်ပြောင်းလဲနိုင်သည့် ဘီးသုံးဘီးပါရှိတဲ့ ယာဉ်ပျံဟာ လမ်းမကြီးနှင့် လမ်းများမှာ တရားဝင်မောင်းနှင်ခွင့်ရတဲ့ သုံးဘီးကားပျံ ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒီသုံးဘီးကားပျံကို Switchblade လို့အမည်ပေးထားပြီး သုံးမိနစ်အတွင်း ကားကို လေယာဉ်အဖြစ် ပြောင်းလဲ ပျံသန်းနိုင်ပါတယ်။
လေပေါ်မှာ ပျံသန်းနိုင်ဖို့အတွက် သူ့မှာ ဖြန့်ကား၊ ခေါက်သိမ်း လို့ရတဲ့ အတောင်ပံတစ်စုံနှင့် လေယာဉ်အမြီးတစ်ခု ပါရှိပါတယ်။
ပျံသန်းလိုပါက ဒေသဆိုင်ရာလေဆိပ်သို့ သွားပြီး ပျံသန်းနိုင်ပါတယ်။ Switchblade ကားပျံဟာ လေပေါ်မှာ တစ်နာရီ မိုင် ၂၀၀ နှင့် အမြင့်ပေ ၁၃,၀၀၀ အထိ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။
သုံးဘီးကားပျံဟာ နှစ်ယောက်စီးယာဉ်ဖြစ်ပါတယ်။ မြင်းကောင်ရေ ၁၉၀ အား ထုတ်လုပ်ပေးနိုင်တဲ့ ဆလင်ဒါ ၃ လုံးတပ် အင်ဂျင်ကို တပ်ဆင်ထားပြီး 91-octane ပန့်ဓာတ်ငွေ့ကို အသုံးပြုမောင်းနှင်ရမှာ ဖြစ်ပါတယ်။
ပျံသန်းပြီးနောက် မြေပြင်သို့ ပြန်လည်သက်ဆင်းပြီး အတောင်များနှင့် အမြီးများကို ပြန်လည် ခေါက်သိမ်းကာ ၎င်းလေယာဉ်ကို ပြိုင်ကားအဖြစ် ပြောင်းလဲ မောင်းနှင်နိုင်ပါတယ်။
Samson Sky ကုမ္ပဏီရဲ့ အဆိုအရ Switchblade ကို လမ်းမပေါ်တွင်မောင်းနှင်ရန်အတွက် မော်တော်ကား သို့မဟုတ် မော်တော်ဆိုင်ကယ် လိုင်စင်ရှိရန် လိုအပ်ကြောင်း သိရပါတယ်။
သို့သော် လေထဲမှာ ပျံသန်း မောင်းနှင်ဖို့အတွက်တော့ ကိုယ်ပိုင်လေယာဉ်မှူးလိုင်စင်ရှိရန် လိုအပ်တယ်လို့ ဆိုပါတယ်။
Samson Sky က ၎င်းတို့ရဲ့ ‘Skybrid Flying Car Drive System’ ကို Switchblade ကားပျံမှာ ထည့်သွင်းထားပါတယ်။ အဆိုပါစနစ်ဟာ ကားရဲ့ဘရိတ်ဖမ်းစနစ်အပါအဝင် အခြားသော အင်္ဂါရပ်များကို ပြန်လည်ဆန်းသစ်ထားကာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
လေပေါ်မှ မြေပြင်သို့ ပြန်လည်ဆင်းသက်လာတဲ့အခါ ယာဉ်မောင်းများ လုံခြုံစွာ ဆင်းသက်နိုင်စေရန်အတွက် လေ-ဘရိတ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။
Switchblade ကားပျံမှာ ဘီးလုံးဘရိတ်များ၊ အဆင့်မြင့်နည်းပညာသုံး ဒက်ရှ်ဘုတ်နှင့် ကားအပြင်ဘက်ရှိ ရာသီဥတုနှင့်အညီ လိုက်လျောညီထွေဖြစ်စေသော ရာသီဥတုကို ထိန်းချုပ်အခန်းကို တပ်ဆင်ထားပါတယ်။
Switchblade Special ကားပျံကို ကျည်ဆန်ပုံသဏ္ဍာန်တည်ဆောက်ထားပါတယ်။ ကုမ္ပဏီရဲ့ ရေးသားဖော်ပြချက်အရ ၎င်းကားပျံကို စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများတွင်လည်း အသုံးပြုနိုင်ပုံရပါတယ်။
ကန့်သတ်ထုတ်ကုန်အဖြစ် (Limited Edition) ယာဉ်များရဲ့ အတွင်းခန်းကို သစ်သားနှင့် အဖိုးတန် ကျောက်မျက်ရတနာများ သို့မဟုတ် ကျောက်များခင်းထားသည်အထိ ဝယ်သူစိတ်ကြိုက် ဒီဇိုင်းဖြင့် ထုတ်လုပ်ပေးမည် ဖြစ်ပါတယ်။
ပိုမိုကောင်းမွန်သော အသံစနစ်များ၊ display များ၊ လုံခြုံရေးကိရိယာများနှင့် အကာအကွယ်များကိုလည်း တပ်ဆင်ပေးထားပါတယ်။
Samson Sky ကုမ္ပဏီဟာ Switchblades ကားပျံများကို စမ်းသပ်မှုများ လုပ်ဆောင်ထားပြီး စိတ်ဝင်စားတဲ့ ဖောက်သည်များအတွက် ကြိုတင်စာရင်းသွင်းမှုကို လက်ခံပေးနေပြီ ဖြစ်ပါတယ်။
Switchblade ကားပျံရဲ့ စျေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၇၀,၀၀ (မြန်မာကျပ်ငွေ သိန်းငါးထောင်ကျော်) ကနေ စတင်မှာဖြစ်ကြောင်း သိရပါတယ်။
Knight News Team
Knight News © 2022