လူစားတယ်ဆိုတဲ့ ဒဏ္ဍာရီဆိုးတွေနဲ့ ကမ္ဘာ့အကျော်ကြားဆုံး ရေကန်
ဒီနေ့ကတော့ ဟောလိုးဝင်း (Halloween) နေ့ပါ။ Halloween ဆိုတာကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဝိညာဥ်တွေဟာ သူတို့တွေရဲ့ သင်္ချိုင်းဂူတွေကနေ နိုးထလာတဲ့နေ့ကို ဆိုလိုတာပါ။
ဒါကြောင့် ဟောလိုးဝင်း (Halloween) အထိမ်းအမှတ်အနေနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ရေကန်တစ်ခုအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။
ဒီရေကန်ဟာ အပြာရောင် ၀တ်စုံနဲ့ သေလွန်သွားတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဝိညာဉ်နေထိုင်ရာဖြစ်တယ်လို့ ဒဏ္ဍာရီဆိုးတွေ ပြည့်နှက်နေပါတယ်။
လက်ကြီးတွေဟာ ရေနက်ထဲကနေ ရေကူးသမားတွေကို လှမ်းဆွဲကြတယ်။ ဒေါသထွက်နေတဲ့ ဝိညာဉ်များက လူတွေကို သူတို့ကို မြုပ်နှံထားကြတဲ့ သင်္ချိုင်းသို့ ခေါ်ဆောင်သွားကြတယ်။
အစရှိတဲ့ ကြောက်စရာကောင်းတဲ့ ဒဏ္ဍာရီဆိုးတွေက မြောက်ပိုင်း ဂျော်ဂျီယာတောင်တန်းများရဲ့ တောင်ခြေမှာ တည်ရှိသော လာနီယာ (Lanier) ကန်ကို ခြောက်လှန့်နေခဲ့ပါတယ်။
ဂျော်ဂျီယာလူမျိုးများအတွက် Atlanta ရဲ့ အရှေ့မြောက်ဘက်ရှိ ဒီရေကန်ကြီးဟာ ကျက်သရေတစ်ခုဖြစ်ပြီး လှေစီးခြင်းနဲ့ ရေကစားရန်အတွက် ရေပန်းစားတဲ့ အပန်းဖြေစရာ နေရာတစ်ခုပါ။
ဒါပေမဲ့လည်း ရေကန်နဲ့ ပတ်သက်နေတဲ့ သဘာဝလွန် ဒဏ္ဍာရီများနဲ့ မြို့ပြဒဏ္ဍာရီများက လာရောက်အပန်းဖြေလိုသူတွေကို ထိတ်လန့်စေခဲ့ပြီး တစ်ဖက်မှာလည်း စူးစမ်းလိုတဲ့ နိုင်ငံတကာက ဧည့်သည်တွေပါ လာရောက်ခဲ့ကြတာကို တွေ့ရှိခဲ့ရပါတယ်။
အဆိုပါ ရေကန်ကို ၁၉၅၀ ခုနှစ်များက ရေလွှမ်းမိုးနေတဲ့ ချိုင့်ဝှမ်းအသိုင်းအဝိုင်းများက ဖန်တီးခဲ့တယ်လို့ ယူဆရပြီး ဒီအတွက်ကြောင့်လည်း ကျိန်စာသင့်ခဲ့ရတယ်ဆိုတဲ့ ယုံကြည်ချက်တွေကို လှုံ့ဆော်ပေးခဲ့ပါတယ်။
သမိုင်းပညာရှင်များက အမှတ်အသားမရှိတဲ့ သင်္ချိုင်းတွေနဲ့ အခြားအဆောက်အအုံအချို့ကို ဒီကန်ထဲက ရေတွေက ဝါးမျိုသွားခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။
အဲဒီလိုနဲ့ ၁၉၉၄ ခုနှစ်မှာ ရေကူးကန်နဲ့ လှေစီးတဲ့ မတော်တဆမှုတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး ကန်ရဲ့ အမှောင်သမိုင်းကို ထပ်မံဖြည့်လောင်းခဲ့ပါတယ်။
ဒ့ါအပြင် “Ozark” လို ရေကန်ကို အခြေပြုထားတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်များကြောင့်လည်း ဒီကန်ဟာ နာမည်ကြီးလာသလို လျှို့ဝှက်ဆန်းကြယ်တဲ့ ရေအောက်မြင်ကွင်းများကလည်း ဖျော်ဖြေရေးနယ်ပယ်တွေမှာ အထူးကျော်ကြားခဲ့ပါတယ်။
ဒါကြောင့်လည်း ရေအောက် သရဲတစ္ဆေမြို့ကို တည်ဆောက်ဖုံးလွှမ်းထားတဲ့ Lanier ကန်ရဲ့ နောက်ခံသမိုင်းကြောင်းကတော့ ထိတ်လန့်ဖွယ်ဖြစ်သလို စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။
ပြောရရင်တော့ ရေကန်ဟာ အစကတည်းက အငြင်းပွားမှုများစွာမှာ နစ်မြုပ်နေခဲ့တာပါ။ စာရေးဆရာနဲ့ သမိုင်းပညာရှင် Lisa Russell က ရေကန်ပတ်လည်က အငြင်းပွားမှုတွေဟာ ကန်ကို မဆောက်လုပ်မီ ကြာမြင့်စွာကတည်းက စတင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
ကန်မဖြစ်ပေါ်မီ မြေပြင်ဟာ ယုန်များ၊ ရှဥ့်များတို့နဲ့အတူ စိမ်းလန်းစိုပြေပြီး မြေသြဇာကောင်းခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အတ္တလန်တာနဲ့ အနီးတစ်ဝိုက်ရှိ ခရိုင်များကို လျှပ်စစ်ဓာတ်အား ပေးဆောင်ဖို့ ရေကန်တစ်ခု ဖန်တီးလိုတယ်ဆိုပြီး အမေရိကန် အင်ဂျင်နီယာတပ်များ ရောက်ရှိလာပါတော့တယ်။
အစိုးရက ဒေသခံတွေကို သူတို့ရဲ့ လယ်မြေအတွက် ပိုက်ဆံပေးတယ်။ အများစုမှာ မိသားစု မျိုးဆက်များစွာရဲ့ နယ်မြေတွေဖြစ်တာကြောင့် တန်ဖိုးဖြတ်လို့ မရနိုင်ပေမဲ့ ဆင်းရဲကြတာကြောင့်လည်း ဒီကမ်းလှမ်းမှုတွေကို မလွန်ဆန်နိုင်ခဲ့ပါဘူး။
ရေကန်ကတော့ အပေါ်ယံ အမြင်သာဖြစ်ပြီး တကယ်တမ်းကတော့ ပျောက်ဆုံးသွားတဲ့ ဂျော်ဂျီယာ မြောက်ပိုင်းမြို့လေး ဖြစ်လာခဲ့ပါတယ်။ မိသားစု ၇၀၀ ခန့်က သူတို့ပိုင်ဆိုင်တဲ့ စုစုပေါင်း မြေ ဧက ၅၆,၀၀၀ ကို အစိုးရထံ ရောင်းချခဲ့ရပါတော့တယ်။
တစ်ဖက်မှာလည်း ရေလွှမ်းမိုးခြင်းမှ ကာကွယ်ခြင်း အပါအဝင် ရေကန်ဟာ အကျိုးကျေးဇူးများစွာကို သယ်ဆောင်လာခဲ့ပါတယ်။
ယနေ့ လာနီယာ (Lanier) ကန်ဟာ ရေဂါလန် ၆၂၅ ဘီလီယံခန့် ရှိပြီး အိုလံပစ်အရွယ် ရေကူးကန် ၉၅၀,၀၀၀ နှင့် ညီမျှပါတယ်။
လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်လမ်းတွေအနက် ကန်အောက်မှာ ဘာရှိလဲဆိုတာက စိတ်ဝင်စားစရာပါ။ ရေပြည့်ဖို့ မြေနေရာပြင်ဆင်ရန်အတွက် ဒီနေရာက အရာအားလုံးကို ဖြိုဖျက် သို့မဟုတ် ရွှေ့ပြောင်းခဲ့ရပါတယ်။
သစ်ပင်တွေကို ခုတ်ထစ်ပြီး သယ်သွားကြတယ်။ အဆောက်အဦတွေကို ဖြိုချခဲ့ရတယ်။ နေရာ ရွှေ့ပြောင်းပေးခဲ့ရတယ်။ ဒါပေမယ့် ဒီနေရာမှာ အရင်က သုသာန်တစ်ခုရှိတယ်။ ဒါကလည်း ဒဏ္ဍာရီဆိုးတွေကို စတင်စေခဲ့ပါတယ်။
တစ်ချိန်က တောရိုင်းမြစ်တွေ၊ ဂျော်ဂျီယာ မြောက်ပိုင်းက ဂေဟစနစ်ဟာ ရေကာတာတွေနဲ့ လူလုပ်ထားတဲ့ ရေကန်ကြောင့် ပျက်စီးခဲ့ရပါတယ်။ တစ်ချိန်က ဌာနေတိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့မြေဟာ အခုရေအောက်မှာ နစ်မြုပ်သွားခဲ့ရပါတယ်။
အခုလို ပျောက်ဆုံးသွားတဲ့ ယဉ်ကျေးမှုကို ပြန်လည်ထူထောင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီအကျိုးဆက်က လူလုပ်ရေကန်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ရိုးရာပုံပြင်တွေ ထွက်ပေါ်လာစေခဲ့တာလားလို့လည်း တချို့က သံသယဖြစ်ကြပါတယ်။
နှစ်များတစ်လျှောက် ရေငုပ်သမားတွေက ရေအောက်က ကြောက်စရာကောင်းတဲ့ မြင်ကွင်းများကို အစီရင်ခံခဲ့ကြပါတယ်။ ဒီလို အတွေ့အကြုံတွေကို ဝေမျှကြသူတွေဟာ ရာနဲ့ချီပါတယ်။
အထက်က ဖော်ပြခဲ့သလိုပဲ ၁၉၉၄ ခုနှစ်မှ ယခုနှစ် အောက်တိုဘာလအတွင်း ရေနစ်သေဆုံးမှု၊ ရေကူးခြင်းနဲ့ လှေလှော်မှုဖြစ်စဉ်များမှာ လူ ၂၀၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
၂၀၁၇ က နှစ်ရှည် ရေငုပ်သမား Buck Buchannon က တစ်ခါတစ်ရံ ရေကန်အတွင်းမှာ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ထိတွေ့ခံစားခဲ့ရကြောင်း ဒေသခံမီဒီယာသို့ ပြောကြားခဲ့ဖူးပါတယ်။
“မင်း ရေကူးနေချိန်မှာ လှုပ်ရှားနေတဲ့ မင်းရဲ့လက်နဲ့ ခြေထောက်တွေက ရေနက်ထဲက လက် ဒါမှမဟုတ် ခြေထောက်လို အခြားလူရဲ့ အစိတ်အပိုင်းတွေကို ထိတွေ့မိသလို ခံစားရတယ်” လို့ သူက ဆိုခဲ့ပါတယါ။
ဒါပေမယ့် ဒါတွေကပဲ ရေကန်ရဲ့ ကျော်ကြားမှုကို တိုးလာစေသယောင်ရှိပြီး ယမန်နှစ်မှာ လာရောက်လည်ပတ်သူ ၁၂ သန်းခန့်အထိ ရှိခဲ့သလို Lanier ကန်ဟာလည်း နိုင်ငံအတွင်း လာရောက်လည်ပတ်မှု အများဆုံး ဒေသဖြစ်ကြောင်း အာဏာပိုင်တွေက ဆိုခဲ့ပါတယ်။
ကန်ရဲ့ ရေပန်းအစားဆုံး မြို့ပြဒဏ္ဍာရီတစ်ခုကတော့ ၁၉၅၈ ခုနှစ်၊ ဧပြီလက အမျိုးသမီးနှစ်ဦးကို တင်ဆောင်လာတဲ့ ဖို့ဒ်(Ford)ကားဟာ တံတားပေါ်မှ ရေကန်ထဲသို့ အကြောင်းမဲ့ ပြုတ်ကျသွားတာကနေ စတင်ပါတယ်။
“ရေကန်ရဲ့ အမျိုးသမီး” လို့ ခေါ်ကြတဲ့ အမျိုးသမီးတစ်ဦးရဲ့ တစ္ဆေဟာ အပြာရောင်ဝတ်စုံနဲ့ ညဘက် တံတားပေါ်မှာ လှည့်လည်သွားလာရင်း ပျောက်ဆုံးနေပြီး ဂနာမငြိမ်ဖြစ်နေတယ်လို့ လူတွေက ဆိုကြပါတယ်။
Knight News Team
Knight News © 2022