စတင်ဂါ (သို့) စူပါလက်နက်
ရှရှားကို တုံ့ပြန်ခဲ့တဲ့ ယူကရိန်းတို့ရဲ့ လက်နက်တစ်ခုကို ပြောပါဆိုရင်တော့ စတင်ဂါ ဒုံးကျည်ကို ပြရမှာ ဖြစ်ပါတယ်။
ယူကရိန်းဟာ အနောက်အုပ်စုတွေဆီက စတင်ဂါ ဒုံးကျည် အလက် ၂၀၀၀ လက်ခံရရှိခဲ့ပါတယ်။ ဒီလက်နက်ဟာ လေကြောင်း လေကြောင်းရန်ကာကွယ်ရေးအတွက် အလွန်ထိရောက်ပါတယ်။
တကယ်တော့ ဒီ စတင်ဂါလို့ ခေါ်တဲ့ လက်နက်ဟာ FIM-92 Stinger လို့ အမည်ရပြီး လေယာဉ်ပစ် လက်နက်အသစ်တစ်မျိုး ဖြစ်ပါတယ်။
မူလစတင်အသုံးပြုခဲ့တာက ၁၉၈၁ ခုနှစ်မှာ ဖြစ်ပါတယ်။ အလွယ်တကူ သယ်ယူနိုင်ပြီး ပုခုံးထမ်းပစ်ရတဲ့ အမျိုးအစားဖြစ်ပါတယ်။ လူတစ်ယောက်တည်းက ပစ်ခတ်နိုင်တာမျိုးပါ။
နည်းပညာ အခေါ်အရတော့ MANPADS (Man – Portable Air Defense System) ဖြစ်ပါတယ်။ မော်တော်ယာဉ်ပေါ်မှ ပစ်ခတ်နိုင်သလို ရဟတ်ယာဉ်ပေါ်ကလည်း ပစ်ခတ်နိုင်ပါတယ်။
ဒုံးကျည်ဟာ ၅ ပေ အရှည်ရှိပြီး အချင်း ၂ ဒသမ ၈ လက်မ ရှိပါတယ်။ ၂၂ ပေါင် လေးပါတယ်။ ပစ်တဲ့ပြွန်နဲ့ပေါင်းမှ ၃၄ ပေါင်ပဲ ရှိပါတယ်။
သူဟာ အမြင့်ပေ ၁၅,၇၀၀ အထိ ပစ်ခတ်နိုင်ပါတယ်။ ဒါ့ကြောင့် အနိမ့်ပျံ တိုက်ခိုက်တတ်တဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို ချေမှုန်းရာမှာ အသုံးတည့်ပါတယ်။ ပစ်မှတ်ကို ၁၂,၄၇၀ ပေအကွာအထိ လော့ခ် (Lock) လုပ်နိုင်ပါတယ်။
သူ့ကို Ejection Motor အသေးနဲ့ ပစ်လွှတ်တာပါ။ မော်တာက ဒုံးကျည်ကို စိတ်ချရတဲ့အကွာအဝေးအထိ တွန်းထုတ်ပါတယ်။
ပစ်ခတ်သူနဲ့ စိတ်ချရတဲ့အကွာအဝေးရောက်မှ Solid Fuel (လောင်စာခြောက်) ကို သိုလောင်ကန် နှစ်ဆင့်က တစ်ဆင့်ခြင်း လောင်ကျွမ်းစေပြီး မောင်းနှင်ပါတယ်။ ဒုံးကျည်ဟာ အသံထက် ၂ ဒသမ ၅၄ ဆ မြန်အောင် သွားနိုင်ပါတယ်။
ဒုံးကျည်ထိပ်ဖူးမှာ ၂ ဒသမ ၂၅ ပေါင် လေးတဲ့ HTA-3 ယမ်းထိပ်ဖူး တပ်ဆင်ထားပါတယ်။ပစ်ပြီး ၁၇ စက္ကန့် ကြာရင် စနက်တံက ပွင့်ထွက်သွားပါတယ်။ ဒုံးကျည် ပစ်ခတ်မှုစနစ်အတွက် ဘက်ထရီကို အအေးခံတဲ့ Batter Coolant Unit (BCU) ပါပါသေးတယ်။
BCU အလုပ်လုပ်ပုံကတော့ ဖိသိပ်ထားတဲ့ ဓါတ်ငွေ့ကို အသုံးပြုပြီး ဘက်ထရီကို အေးစေတာ ဖြစ်ပါတယ်။ ဘက်ထရီ အလုပ်လုပ်နိုင်တဲ့ အပူချိန်ကို အမြဲထိန်းပေးထားတာဖြစ်လို့ နောက်တစ်ခါ လျင်မြန်စွာ ထပ်ပစ်နိုင်မှာ ဖြစ်ပါတယ်။
BCU ရဲ့ နောက်ထပ် အလုပ်တစ်ခုက ပစ်မှတ်ကို စုဆောင်းပေးနိုင်ပါသေးတယ်။ BCU ဟာ ဒုံးကျည် မပစ်တာကြာရင်တော့ လဲလှယ်ပေးရတာမျိုး ရှိတတ်ပါတယ်။
ဒုံးကျည် အလုပ်လုပ်ပုံက နှစ်ဆင့် ရှိပါတယ်။ ပစ်လွှတ်ကာစမှာ ပစ်မှတ်ကို ချိန်ရွယ်ပြီး ပစ်လွှတ်လိုက်ယုံပါပဲ။ ပစ်လွှတ်ပြီး မကြာခင်မှာပဲ တစ်ခြား Mode တစ်ခုကို အလိုအလျောက် ပြောင်းသွားပါတယ်။
မူလက ပစ်မှတ်ရဲ့ ကိုယ်ထည်ကို ရည်ရွယ်ထားပေမယ့် အပူလှိုင်းကို ရှာပြီး ပစ်ခတ်တဲ့ အခြေအနေတစ်ခုကို ပြောင်းလဲပေးတာမျိုး ဖြစ်ပါတယ်။
ဒီဒုံးကျည်ကို အစီအစဉ်စဆွဲတာကတော့ ဂျင်နရယ် ဒိုင်းနမစ် (General Dynamic ) ကုမ္ပဏီဖြစ်ပြီး ၁၉၇၀ နှစ်တွေမှာ စခဲ့တာပါ။
ပထမဆုံး အသုံးပြုခဲ့တာကတော့ ၁၉၈၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဖောက်ကလန်ကျွန်း စစ်ပွဲမှာ ဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့ အင်္ဂလန်တို့ရဲ့ အထင်ကရ စစ်ပွဲတစ်ပွဲ ဖြစ်ပါတယ်။
ဗြိတိသျှ အထူးတပ်ဖွဲ့တွေဟာ ဒီဒုံးကျည်နဲ့ အာဂျင်တီးနားရဲ့ နာမည်ကျော် မြေပြင်တိုက်ခိုက်ရေး လေယာဉ် Pucara ကို ပစ်ချခဲ့ကြပါတယ်။
ဒါပေမယ့် ဒီစတင်ဂါတွေကို လူသိများစေခဲ့တာကတော့ အာဖကန်နစ္စတန်နဲ့ ဆိုဗီယက်တို့ရဲ့ စစ်ပွဲမှာ ဖြစ်ပါတယ်။ အမေရိကန်ဟာ ဒီဒုံးတွေကို အာဖကန် တိုက်ခိုက်ရေးသမားတွေကို ထောက်ပံ့ခဲ့ပါတယ်။
၁၉၈၆ ခုနှစ်မှာ မူဂျာဟစ် တိုက်ခိုက်ရေးသမားတွေဟာ စတင်ဂါ ဒုံးကျည် လေယာဉ်ပစ်လက်နက် အလက် ၅၀၀ အထိ ရရှိခဲ့ပါတယ်။ ဒါတွေနဲ့ပဲ ရုရှားရဲ့ Mi-24 ဟယ်လီကော်ပတာတွေကို ပစ်ချနိုင်ခဲ့ကြပါတယ်။
စတင်ဂါဟာ အာဖဂန်တွေရဲ့ အမှတ်အသား တစ်ခုလို့တောင် တင်စားခဲ့ကြပါတယ်။ စတင်ဂါကြောင့်ပဲ စစ်ပွဲအဖြေဟာ ပြောင်းလဲခဲ့ပြီး အာဖဂန်တော်လှန်ရေးသမားတွေကို စိတ်ဓါတ်တက်ကြွ စေခဲ့ပါတယ်။
၁၉၉၃ ခုနှစ်အထိ စာရင်းပြုစုထားသမျှမှာ ရုရှားတို့ဟာ ဒီဒုံးကျည်ကြောင့် လေယာဉ်၊ရဟတ်ယာဉ် စုစုပေါင်း ၂၆၉ စီးအထိ ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာ ပစ်မှတ် Lock လုပ်ခံရမှု ၃၄၀ အတွက်ဆိုတော့ ၇၉ ရာခိုင်နှုန်းလောက် ရှိပါတယ်။
စတင်ဂါတွေကို တခြားစစ်ပွဲတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ။ ၁၉၈၇ ခုနှစ်မှာ လစ်ဗျားသူပုန်တွေကို နှိမ်နှင်းဖို့ ကနေဒါတပ်ဖွဲ့တွေဟာ ဒီဒုံးတွေကို သုံးခဲ့ကြပါတယ်။ဒီ စစ်ပွဲမှာ ရုရှားလုပ် SU-22 MK နဲ့ MiG-23 MS လေယာဉ်တွေကို ပစ်ချနိုင်ခဲ့ပါတယ်။
ချေချင်းညာ စစ်ပွဲအတွင်းမှာလည်း ချေချင်းသူပုန်တွေဟာ SU-24 ကိုတောင် ဒီ စတင်ဂါနဲ့ ပစ်ချနိုင်ခဲ့ပါတယ်။
စတင်ဂါဒုံးကျည်တွေကို ယခုအခါ စနစ်တကျ ထုတ်လုပ်ပေးနေတာကတော့ ရေသီယွန် (Raytheon) လက်နက် ကုမ္ပဏီကြီး ဖြစ်ပါတယ်။
တဆင့်ခံအနေနဲ့ လိုင်စင်ယူ ထုတ်ခုပ်နေတာကတော့ ဂျာမဏီမှာရှိတဲ့ Airbus Defense ကုမ္ပဏီဖြစ်ပါတယ်။ တူရကီက ROKETSAN ကလည်း ထုတ်ပါတယ်။ တူရကီထုတ် စတင်ဂါတွေကို ဆီးရီးယားစစ်ပွဲမှာ တွင်ကျယ်စွာအသုံးပြုခဲ့ကြပါတယ်။
ယူကရိန်းမှာတော့ စတင်ဂါဟာ အဓိကလက်နက်လို ဖြစ်နေပါတယ်။လေကြောင်းကာကွယ်ရေးအတွက် မရှိမဖြစ်လက်နက်တစ်ခုပါ။ ပြီးခဲ့တဲ့ မတ်လမှာဆို ယူကရိန်းဟာ တစ်နေ့ကို စတင်ဂါ အလက် ၅၀၀ ထောက်ပံ့ပေးဖို့အထိ တောင်းဆိုခဲ့ဖူးပါတယ်။
ရုရှားဟာ အခုဆို လေယာဉ် ၁၄၃ စီး၊ဟယ်လီကော်ပတာ ၁၃၄ စီးအထိ ဆုံးရှုံးသွားပါပြီ။ အတိအကျ သိရဖို့ကတော့ စစ်ပွဲပြီးမှာသာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် စစ်ဆိုတာကတော့ မကောင်းတာမို့ ကမ္ဘာကြီး ငြိမ်းချမ်းပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
Knight News Team
Knight News © 2022