ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းများ

ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းများ

ဤကမ္ဘာမြေပြင်တွင် ယာဉ်ရထားများအား မတီထွင်နိုင်မီကပင် လူသားများသည် တစ်နေရာမှတစ်နေရာသို့သွားရန် လမ်းများကို ရှာဖွေခဲ့ကြသည်။

သယ်ယူပို့ဆောင်ရေးနည်းပညာများတိုးတက်လာချိန်တွင် စက်ဘီးများ၊ မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များသွားနိုင်ရန် ကောင်းမွန်အဆင့်မြင့်သောလမ်းများကို ဖောက်လုပ်ခဲ့ကြသည်။

မော်တော်ယာဉ်များသည် တစ်စထက်တစ်စ မြန်နှုန်းများမြင့်လာခဲ့ရာ အန္တရာယ် ကင်းရှင်းစွာမောင်းနှင်နိုင်ရန် လမ်းများကို ကောင်းသည်ထက်ကောင်း၊ စိတ်ချရသည်ထက်စိတ်ချရအောင် ဆန်းသစ်တိုးတက်သောနည်းပညာများဖြင့် ဖောက်လုပ်ခဲ့ကြရပေသည်။

သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့တိုင် အန္တရာယ်အလွန်ကြီးမားလှသည့်လမ်းများကို နိုင်ငံ အများအပြားတွင်တွေ့ရှိကြရသည်။ကမ္ဘာ့အန္တရာယ် အများဆုံး လမ်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။

၁။ မြောက်ပိုင်းယွန်းဂါ့စ်လမ်း ( North Yungas Road, Bolivia)

သေမင်းတမန်လမ်းဟု နာမည်ကျော်သော ဘိုလီးဗီးယားနိုင်ငံမှ မြောက်ပိုင်းယွန်းဂါ့စ်လမ်းသည် အလွန်အန္တရာယ်ကြီးမားမှုကြောင့် အင်တာအမေရိကန်ဘဏ်က ကမ္ဘာ့ အန္တရာယ်အကြီးဆုံးလမ်းဟု သတ် မှတ်ခဲ့သည်ဟုဆိုကြသည်။

ထိုလမ်းတစ်လျှောက် တစ်နှစ်လျှင် ခရီးသွား ၂ဝဝ မှ ၃ဝဝ အထိသေဆုံးကြသည်ဟု ခန့်မှန်းထားသည်။ ယာဉ်များ ချောက်အတွင်းသို့ပြုတ်ကျသည့်နေရာ ဖြစ် သည့် လမ်း အကွေ့များတွင် သတိပေးအမှတ် အသားများ စိုက်ထူထားသည်။

ယေဘုယျအားဖြင့် ကားများတစ်စီး နှင့်တစ်စီးကျော်တက်ကြရာမှ လျှိုများ အတွင်းသို့ တလိမ့်ခေါက်ကွေး ကျသွားလေ့ရှိပေသည်။ပြည်တွင်းပြည်ပခရီးသည်များသည် အသက်အန္တရာယ် အလွန် ကြီးမားသည့် ထိုလမ်းများကိုပင် အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ် ဖြတ်သန်းနေကြရသည်။

အန္တရာယ်လမ်းများကို မဖြစ်မနေအသုံးပြုနေ ကြရသူများရှိသကဲ့သို့ အန္တရာယ် လမ်းများတွင် သက်စွန့်ဆံဖျားသွား ရောက်လိုကြသူများကလည်း ထိုလမ်းများသို့ စွန့်စွန့်စားစားသွား ရောက်နေကြမြဲပင်ဖြစ်ပေသည်။

၂။ဂွမ်လီယန် ဥမင်လမ်း (Guoliang Tunnel Road, China)

ဂွမ်လီယန်ဥမင်သည် တရုတ်နိုင်ငံမှ တောင်တစ်လုံးကိုထွင်းကာ တောင်နံရံအကွေး အတိုင်း ဖောက်လုပ်ထားသည့်လမ်းတစ်ခုဖြစ်သည်။ လမ်းအကွေးကို ဓာတ်ပုံတွင်မြင်နိုင်ရန် ခက်ခဲ မည်ဖြစ်သော်လည်း ဂွမ်လီယန်အနီးရှိ ရွာများမှ ရွာသူရွာသား
များစွာတို့၏လုပ်အားများဖြင့် ဂွမ်လီယန်ဥမင်ကို ထွင်းဖောက်ခဲ့ကြသည်။

ဥမင်လမ်းကို မဖောက်လုပ်မီက တောင်နံရံများဝန်းရံနေသည့်ထိုဒေသမှ ရွာများသည် တရုတ်နိုင်ငံ၏ အခြားသောလူမှုအသိုင်းအဝိုင်းနှင့် ဆက်သွယ်မှုများ ပြတ်
တောက်နေခဲ့ရသည်။

ထိုလမ်းတွင်ယာဉ်အသွားအလာ နည်းပါးသော်လည်း လမ်းကိုဖောက်လုပ်ထားသည့် တည်ဆောက်မှုစနစ်ကြောင့်အန္တရာယ်များသောလမ်းတစ်ခုဖြစ်နေပေသည်။

၃။ ကာရကိုရမ် အဝေးပြေးလမ်းမ (Karakoram Highway, Pakistan)

ရင်းနှီးခင်မင်မှု့ လမ်းမကြီးဟု အမည်ပေးထားသည့် အဝေးပြေးလမ်းတစ်ခုကို ပါကစ္စတန်အစိုးရက ဖောက်လုပ်ခဲ့သည်။ယင်းလမ်းသည် ကမ္ဘာပေါ်တွင် တောင်ကို ပတ်ကာ ဖောက်လုပ်ထားသော နိုင်ငံတကာ လမ်းများအနက် အမြင့်ဆုံးဖြစ်ပြီး ၄၆၉၃ မီတာခန့် မြင့်သည်။

ယင်းလမ်းမအား တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ကို ဆက်သွယ်ရန် အာရကိုရမ်တောင်တန်းအား ဖြတ်သန်းဖောက်လုပ်ခဲ့သည်။ မြေပြိုမှုများနှင့် ရေလျှံမှုများဖြစ်လွယ်သည့် ယင်းလမ်းသည် အန္တရာယ် ဖြစ်ပေါ်မှုများကို ပိုမိုဆိုးရွားစေပြီး ပါကစ္စတန်ဘက်အခြမ်းတွင် လမ်းခင်းထားခြင်းမရှိသဖြင့် အန္တရာယ်ကို ပိုမို ဖြစ်ပေါ်စေသည်။

သို့တိုင်အောင် ပိုးလမ်းမဟောင်းတစ်လျှောက်ရှိ ရင်သပ်ရှုမောဖွယ် ချောက်ကမ်းပါးများကို ကြည့်ရှုစေရန် ကာရကိုရမ်အဝေးပြေးလမ်းမသည် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နေပေသည်။

၄။ ဂျိမ်းစ်ဒယ်တန် အဝေးပြေးလမ်း (James Dalton Highway, Alaska)

အမေရိကန်ပြည်ထောင်စု၊ အလာစကာပြည်နယ်ရှိ ဂျိမ်းစ်ဒယ်တန်လမ်းသည် ၆၆၇ ကီလိုမှ တာရှည်လျား၍ အီလီယော့အဝေးပြေးလမ်းမှ စတင်ကာ အာတိတ်သမုဒ္ဒရာနှင့် ပင်လယ်အော်ရေနံတွင်းများအနီးရှိ ဒက်ဟော့စ်တွင် အဆုံးသတ်သွားသည်။

အဝေးပြေးလမ်းသည် လှပသော မြင်ကွင်းများရှိနေသော်လည်း လမ်းပေါက်များနှင့် ပြင်းထန်စွာတိုက်ခတ်နေသည့်လေနှင့်အတူပါလာသော ကျောက်တုံးကျောက်စများ အန္တရာယ်ကို သတိမူကြရပြီး အဆိုးရွားဆုံးမှာ မည်သည့်နေရာမှမှန်းမသိဘဲ လွှင့်စဉ်နေသော ကျောက်တုံး အပိုင်းအစများဖြစ်ပေသည်။

၅။ဇိုဂျီ ဖြတ်လမ်း (The Zoji Pass,India)

အိန္ဒိယနိုင်ငံ၏ မြင့်မားမတ် စောက်သော တောင်ကြားတစ်ခုကို ဖြတ်ဖောက်ထားသည့် အိန္ဒိယ အမျိုးသား အဝေးပြေးလမ်းမ 1D သည် ရှရီနာဂနှင့် လဲဟ်ကြားတွင် တည်ရှိသည်။

ထိုလမ်းသည် လာဒတ်နှင့် ကက်ရှ်မီးယားဒေသ နှစ်ခုကို အဓိကဆက်သွယ်ပေး သည့် ၃၅၂၈ ကီလိုမီတာမြင့်သည့် ဒုတိယအမြင့်ဆုံးတောင်ကြားဖြတ် လမ်းဖြစ်သည်။

ဆောင်းရာသီတွင် လမ်းကို မကြာခဏပိတ်ထားလေ့ရှိသည်။ အန္တရာယ်များလှသော်လည်း ဇိုဂျီလမ်းသည် လာဒတ်‌ဒေသတွင် နေထိုင်ကြသူများ၏ အိန္ဒိယနိုင်ငံ အခြားဒေသများနှင့် ဆက်သွယ်မှုပြုကြရသည့် ဘဝရပ်တည်မှုလမ်းကြောင်းအဖြစ် တည်ရှိနေသည်။

Leave a Reply

Your email address will not be published.