ကမ္ဘာမြေပေါ်မှာ ပုန်းအောင်းနေတဲ့ ထူးခြားလှပတဲ့ လျှို့ဝှက်ကမ်းခြေတစ်ခု

ကမ္ဘာမြေပေါ်မှာ ပုန်းအောင်းနေတဲ့ ထူးခြားလှပတဲ့ လျှို့ဝှက်ကမ်းခြေတစ်ခု

ကျွန်းရဲ့ မျက်နှာပြင်အောက်မှာ တည်ရှိ တွယ်ကပ်နေတဲ့ ထူးခြားလှပတဲ့ ဒီကမ်းခြေလေးဟာ သူ့ရဲ့တည်နေရာ အသွင်အပြင်တို့ကြောင့် ကမ္ဘာ့အကျော်ကြားဆုံး ကမ်းခြေတွေထဲက တစ်ခုဖြစ်ပါတယ်။

စိမ်းလန်းစိုပြေသောကျွန်း၏ မျက်နှာပြင်ရှိ ကွက်လပ်တစ်ခုသည် ကျယ်ပြန့်သောအရိပ်၊ နေရောင်နှင့် ကြည်လင်သောရေများနှင့်အတူ လျှို့ဝှက်သောကမ်းခြေတစ်ခုပေါ်သို့ ပွင့်သွားပါသည်။

Hidden Beach လို့ အများအားဖြင့် သိကြတဲ့ Playa del Amor ဟာ Banderas ပင်လယ်အော်ရဲ့ နှုတ်ခမ်းပါး၊ မက္ကဆီကိုနိုင်ငံ၊ Puerto Vallarta ရဲ့ အနောက်ဘက် ရေ ၂၂ မိုင်ခန့်အကွာမှာရှိတဲ့ Marieta ကျွန်းစုများထဲမှ တစ်ခုဖြစ်ပါတယ်။

ကမ်းခြေရဲ့ပုံစံက စိတ်ကူးယဉ်ဝတ္ထုထဲက ပေါက်ဖွားလာတလားလို့ အောက်မေ့ရသလို ကမ်းခြေရဲ့ အမည်ကလည်း မက္ကဆီကို ဘာသာစကားကို မြန်မာလို တိုက်ရိုက်ဘာသာပြန်လိုက်ရင် ချစ်သူကမ်းခြေလို့ အဓိပ္ပာယ်ရပါတယ်။

ပစိဖိတ် သမုဒ္ဒရာရဲ့ အပြာရောင် ရေပြင်များနဲအတူ ကျယ်ပြောလှတဲ့ သဲလှိုဏ်ဂူတစ်ခုအောက်ထဲမှာ ဒီဒဏ္ဍာရီလာ ကမ်းခြေလေးတစ်ခု တည်ရှိပါတယ်။

ဒီကမ်းခြေကို ဒေသခံများက ချစ်ခြင်းမေတ္တာကမ်းခြေလို့ မကြာခဏ ခေါ်ဝေါ်လေ့ရှိပြီး တိတ်ဆိတ်လုံခြုံပြီး ငြိမ်သက်အေးချမ်းကာ အလှပဆုံးသော မြင်ကွင်းမျိုးကို ပေးဆောင်ထားတာကြောင့် အေးချမ်းသာယာမှုကို ရှာဖွေနေတဲ့ စုံတွဲများနဲ့ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်လေ့ရှိပါတယ်။

ကမ်းခြေတစ်ဝိုက်ရှိ ကျောက်ဆောင်နံရံများ၊ အရောင်ဖျော့နေတဲ့ ကောင်းကင်ပြာပြာ၊ ခြေဖဝါးအောက်က သဲဖြူဖြူဖွေးဖွေးနဲ့ လှပပြီး စိမ်းလန်းစိုပြေတဲ့ မြက်ခင်းပြင်တို့ကလည်း လေကောင်းလေသန့် ရှူရှုက်ရန်အတွက် စံပြနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

Marieta ကျွန်းတွေဟာ ရေအောက်မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး လူမနေထိုင်သော ကျွန်းစုတွေဖြစ်ပါတယ်။

ကျွန်းတွေဟာလည်း သဘာဝ အံ့ဖွယ်များအဖြစ် အသွင်အပြင်ကြောင့် ကျော်ကြားသလို မီးတောင် လှုပ်ရှားမှုကနေ အကြောင်းဖန်လာလို့ ပုန်းအောင်းနေတဲ့ ကမ်းခြေတစ်ခုကို ကမ္ဘာမြေကြီးနဲ့ မိတ်ဆက်ပေးခဲ့ပါတော့တယ်။

Hidden Beach ကို ဖန်တီးခဲ့တဲ့ အပေါက်ကြီးဟာ လူသားတွေရဲ့ လုပ်ကြံဗုံးခွဲမှုတွေကြောင့်လို့ ကောလဟာလတွေ ထွက်နေပါတယ်။

Marieta ကျွန်းတွေဟာ အမြဲတမ်း လူနေထိုင်ခြင်းမရှိတာကြောင့် ဒီကျွန်းတွေဟာ မက္ကဆီကိုအစိုးရမှ စစ်ရေးစမ်းသပ်ရန်အတွက် စံပြနေရာများအဖြစ် သတ်မှတ်ပေးထားခဲ့တာပါ။

မက္ကဆီကို နိုင်ငံသားများနဲ့ လုံခြုံတဲ့ အကွာအဝေးဖြစ်သော Marieta ကျွန်းတွေမှာ လက်နက်များနဲ့ အမြောက်များကို ၁၉၀၀ ခုနှစ်များ အစောပိုင်းက စတင်စမ်းသပ်ခဲ့ကြပါတယ်။

ဒီလိုစမ်းသပ်မှုတွေဟာ Marieta မြေမျက်နှာသွင်ပြင်တွေဟာ အပြောင်းအလဲများစွာ ပေါ်ပေါက်လာခဲ့ကြပြီး စမ်းသပ်ဗုံးဟာ Hidden ကမ်းခြေ အပါအဝင် ကျွန်းပေါ်ရှိ ဂူများနဲ့ ကျောက်ဆောင်များစွာ ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းလို့ သတ်မှတ်ခံထားရပါတယ်။

၁၉၆၀ ကျော်မှာတော့ သိပ္ပံပညာရှင်တစ်ဦး က လျှို့ဝှက်ကမ်းခြေမှာ ဗုံးစမ်းသပ်မှုတွေကို ရပ်တန့်ပေးဖိုပ ဆန္ဒပြမှုများ စတင်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုတွေဟာ အခုလို လှပသာဟာနေတဲ့ ဂေဟစနစ်ကို အကြီးအကျယ် ပျက်စီးစေတယ်လို့ သူက အခိုင်အမာ ကန့်ကွက်ခဲ့ပါတယ်။

ကံကောင်းထောက်မစွာပဲ သူ့ရဲ့ဆန္ဒပြပွဲများမှာ အနိုင်ရခဲ့ပြီးနောက် အစိုးရက ဗုံးစမ်းသပ်မှုကို ရပ်တန့်ပေးခဲ့ပြီး ကျေးဇူးတင်စွာဖြင့် ဒီကမ်းခြေလေးကို ငြိမ်းချမ်းလှပတဲ့ နေရာလေးအဖြစ် တစ်ဖန်ပြောင်းလဲစေခဲ့ပါတော့တယ်။

၂၀၀၅ ခုနှစ်မှာတော့ ကျွန်းများကို တရားဝင် ဖွင့်လှစ်ပေးခဲ့ပြီး အမျိုးသားဥယျာဉ်န Parque Nacional Islas Marietas နဲ့ လျှို့ဝှက်ကမ်းခြေ Playa del Amor လို့ အမည်ပေးခဲ့ပြီး ရေကူးခြင်း၊ ကယပ်လှေစီးခြင်း၊ နေပူစာလှုံခြင်းနဲ့ အခြားသော အပန်းဖြေခြင်း ပုံစံများကို ပြုလုပ်နိုင်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ကျွန်းတစ်ဝိုက်မှာ အမဲလိုက်ခြင်းနဲ့ ငါးဖမ်းခြင်းကိုတော့ တားမြစ်ခဲ့ထားပါတယ။ ထို့အပြင် နောက်ပိုင်းမှာတော့ ပန်းခြံကို UNESCO MAB Biosphere Reserve အဖြစ် သတ်မှတ်ခဲ့ပါတယ်။

လျှို့ဝှက်ကမ်းခြေကို အပြင်ဘက်မှ မမြင်နိုင်ဘဲ ကမ်းခြေကို ပစိဖိတ်သမုဒ္ဒရာနဲ့ ချိတ်ဆက်ထားတဲ့ ရှည်လျားသော ရေဥမင်လိုဏ်ခေါင်းမှ တဆင့်သာ ဝင်ရောက်နိုင်အါတယ်။

ရေမျက်နှာပြင် အထက် ခြောက်ပေခန့် ရှိပြီး ဧည့်သည်များဟာ ရေကူးခြင်း သို့မဟုတ် ကယပ်လှေဖြင့် ကမ်းခြေသို့ ရောက်ရှိနိုင်ပါတယ်။ ကျွန်းတွေမှာ လူနေထိုင်ခြင်းမရှိသော်လည်း မတူကွဲပြားသော အပူပိုင်း/ပင်လယ် တောရိုင်းတိရစ္ဆာန်များနဲ့ မျိုးသုဉ်းလုနီးပါး မျိုးစိတ်များကို တွေ့ရှိနိုင်ပါတယ်။

ပင်လယ် တောရိုင်းတိရစ္ဆာန်များနဲ့ Playa del Amor ရဲ့ ထူးခြားသော အပူပိုင်းဧဒင်ကိုခံစားရန်အတွက် ကမ္ဘာအရပ်ရပ်မှ ခရီးသွားများကလည်း မကြာခဏ လာရောက်လည်ပတ်ကြလေ့ရှိပါတယ်။

မက္ကဆီကိုနိုင်ငံရှိ အမျိုးသားဥယျာဉ်များဆိုင်ရာ အစိုးရ စည်းမျဉ်းတွေကြောင့် တစ်ရက်လျှင် ဧည့်သည် ၁၁၆ ဦးသာ ဒီနေရာကို ဝင်ရောက်ခွင့်ရှိပါတယ်။ ဒီလိုသတ်မှတ်ထားတာကလည်း အလွန်ကောင်းတဲ့အချက်လို့ ဆိုနိုင်ပါတယ်။

အကြောင်းကတော့ ဒီနေရာဟာ အခြားသော ခရီးသွားနေရာများကဲ့သို့ လူတွေ ပြည့်ကျပ်အုံတိုးနေတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘဲ လည်ပတ်သူတွေကလည်း အေးအေးချမ်းချမ်းနဲ့ ပြီးပြည့်စုံတဲ့ ကမ်းခြေရဲ့ သဘာဝ အလှတရားတွေကို ခံစားနိုင်လို့ပါပဲ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *