လေယာဉ်စစ်ဆေးသူ

လေယာဉ်စစ်ဆေးသူ

လေကြောင်းလိုင်းတွေမှာ ကိုယ်ပိုင်ဝယ်ယူပြေးဆွဲကြတာရှိသလို တခြားလေကြောင်းလိုင်းထံမှတဆင့် ငှားရမ်းပြေးဆွဲကြတာလည်း ရှိကြပါတယ်။

တဆင့်ငှားရမ်းပြေးဆွဲကြတာဆိုရင်တော့ ကန်ထရိုက်စာချုပ်နဲ့ လိုအပ်တဲ့အချက်အလက်အပြည့်အစုံ ရေးသားဖော်ပြပြီး ငှားရမ်းကြတာမျိုး ဖြစ်ပါတယ်။

အဲဒီလို ငှားရမ်းတဲ့အခါမှာ နှစ်တို၊နှစ်ရှည် ငှားရမ်းမှုတွေ ရှိကြပါတယ်။ ငှားရမ်းရာမှာလည်း နှစ်မျိုးရှိပါသေးတယ်။ ဒါကတော့ Dry Lease (လေယာဉ်သက်သက် ငှားရမ်းခြင်း)၊ Wet Lease (လေယာဉ် + အင်ဂျင်နီယာပါ ငှားရမ်းခြင်း)တို့ ဖြစ်ပါတယ်။

အခုတင်ပြချင်တာကတော့ Dry Lease (လေယာဉ်သက်သက် ငှားရမ်းခြင်း) ပြုလုပ်တဲ့အခါ လေယာဉ်ကို ငှားရမ်းပြေးဆွဲသူ လေကြောင်းလိုင်းဟာ သက်ဆိုင်စည်းမျဉ်း စည်းကမ်း၊လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာပြီး ပြုပြင်ထိန်းသိမ်းမှု လုပ်ရဲ့လားဆိုတာ ပိုင်ရှင်ကသိဖို့ လိုအပ်ပါတယ်။

Documents ခေါ် မှတ်တမ်းမှတ်ရာတွေကတော့ အင်တာနက် အီးမေးလ်တို့နဲ့ တောင်းယူကြည့်ရှု့လို့ ရပေမယ့် လေယာဉ်ရဲ့ မျက်မြင်အခြေအနေကိုတော့ လူကိုယ်တိုင် စစ်ဆေးဖို့ လိုအပ်ပါတယ်။

ဒီအခါမှာတော့ ပိုင်ရှင်ဟာ ကျွမ်းကျင်သူတစ်ဦးကို ငှားရမ်းပြီး လေယာဉ်ကို မျက်မြင်စစ်ဆေးဖို့ စေလွှတ်လေ့ရှိပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်းမှာတော့ ပိုင်ရှင်တွေဟာ အခက်အခဲတချို့ ရှိခဲ့ပါတယ်။

အခုလို ဖြေလျော့လာတဲ့အချိန်မှာတော့ လေယာဉ်စစ်ဆေးသူတွေ ခရီးသွားလာနိုင်ပြီမို့ လုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာပါတယ်။

အဲဒီလို လေယာဉ်စစ်ဆေးသူတွေမှာ ဘာအရည်အချင်းတွေရှိဖို့လိုသလဲ။ ဘာတွေကို စစ်ဆေးကြရတာလဲဆိုတာ သိသလောက် ဖော်ပြပေးလိုက်ရပါတယ်။

လေယာဉ်ကို စစ်ဆေးမယ့်သူဟာ သက်ဆိုင်ရာ လေယာဉ်အမျိုးအစားအလိုက် လိုင်စင် ရှိရပါမယ်။ လေယာဉ်အင်ဂျင်နီယာလိုင်စင်ကို ပြောတာပါ။

ဥပမာ-Boeing 737 လေယာဉ်ကို စစ်ဆေးမယ်ဆိုရင် Boeing 737 အင်ဂျင်နီယာလိုင်စင်ပေါ့။ Airbus A-320 ဆိုလည်း Airbus A-320 လိုင်စင်ပေါ့။ လုပ်သက်အတွေ့အကြုံကတော့ များလေကောင်းလေပါပဲ။

သူက ဘာတွေကို စစ်ဆေးရသလဲ။

ဒီနေရာမှာတော့ အကြမ်းဖျင်း (၃)ပိုင်း ခွဲလို့ရပါတယ်။ ၁။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း (Physical Inspections)၊ ၂။ စာရွက်စာတမ်းပိုင်းဆိုင်ရာ စစ်ဆေးခြင်း (Record Inspections)၊ နဲ့ ၃။ Final Reports (အစီရင်ခံစာ ရေးသားခြင်း)တို့ပဲ ဖြစ်ပါတယ်။နံပါတ် (၁။)က စရအောင်

၁။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း (Physical Inspections)

လေယာဉ်ရဲ့အတွင်းပိုင်းနဲ့အပြင်ပိုင်းဆိုပြီး (၂)ပိုင်း ခွဲခြား စစ်ဆေးပါတယ်။ အပြင်ပိုင်းမှာဆိုရင် Fuselage(ကိုယ်ထည်)ကို စစ်ဆေးရပါတယ်။

ဒီအပိုင်းမှာ ဆေးကွာမကွာ၊ဒါဏ်ရာ ရှိမရှိ၊ Signs and Placards ခေါ် စာတမ်းရေးသားတာ သန့်ရှင်းသပ်ရပ်မှု ရှိမရှိ၊ ကိုယ်ထည်မှာ တပ်ဆင်ထားတဲ့ မီးတွေ(Landing Lights, Taxi Lights, Beacon Lights, Wings Scan Lights, Emergency Lights) စတာတွေ ကောင်းမကောင်း စစ်ရပါတယ်။

National Registration Mark လို့ ခေါ်တဲ့ လေယာဉ်မှတ်ပုံတင် အမှတ်အသားဟာ ဆေးသား အရွယ်အစား၊ မြင်နိုင်မှုအခြေအနေကအစ အသေးစိတ် စစ်ဆေးရပါတယ်။

ကိုယ်ထည်မှာ အပေါ်အောက် တပ်ဆင်ထားတဲ့ အင်တာနာတွေ၊ Sensor တွေ၊ Drain တွေ ကောင်းမကောင်း စစ်ရပါတယ်။

လေယာဉ်အမြီးပိုင်းဆိုရင်လည်း Horizontal Stabilizer, Vertical Stabilizer, Rudder, Elevators, အပြင် APU( Auxiliary Power Unit) ကအစ အသေးစိတ် စစ်ဆေးပါတယ်။

Wing (အတောင်ပံ) မှာဆိုလည်း Flaps,Ailerons,Slat,Wing Fairings,Slot တွေအားလုံး စစ်ဆေးပါတယ်။ Wing Tip မှာ တပ်ဆင်ထားတဲ့မီးတွေ (Navigation Lights, Strobe Light)၊ မိုးကြိုးလွှဲ (Static Discharger) တွေကိုလည်း ကောင်းမကောင်း စစ်ပါတယ်။

အတောင်ပံမှာ ဆီတိုင်ဂီတွေ ရှိတဲ့အတွက် ဆီတိုင်ဂီတွေရှိတဲ့အတွက် ဆီတိုင်ဂီကို စစ်ဆေးဖို့ access pannel ခေါ် အပေါက်နဲ့ အဖုံးတွေပါပါတယ်။ ဒါတွေကိုလည်း ယိုစိမ့်မှု ရှိမရှိ စစ်ဆေးရပါတယ်။

ဒါတင်မကသေးပါဘူး Landing Gear (လေယာဉ်ဘီးဒေါက်)တွေနဲ့ တာယာတွေ၊ဘရိတ်တွေ သူနဲ့သက်ဆိုင်တဲ့ ဝါယာတွေ ဟိုက်ဒြောလစ်ပိုက်တွေ စစ်ရပါသေးတယ်။

အင်ဂျင်ပိုင်းဆိုင်ရာမှာလည်း အင်ဂျင်နဲ့ ကိုယ်ထည်(သို့မဟုတ်) အတောင်နဲ့ တွဲတဲ့ အဆက်ပိုင်း(Pylon)ကစပြီး အင်ဂျင်အစိတ်အပိုင်းတွေကို အဖုံး (Cowling) ဖွင့် စစ်ဆေးရတဲ့အပြင် ရှေ့လေဝင်ပေါက် အင်ဂျင်အဝ (Engine Inlet) ကနေ Fan Blade (ပန်ကာဒလက်) များ ကျိုးပဲ့မှု ရှိမရှိ သေချာစွာ စစ်ဆေးရပါတယ်။

ကဲအတွင်းပိုင်းကို စစ်ရအောင်

အတွင်းပိုင်းမှာဆိုရင် Cabin (ကိုယ်ထည်) နဲ့ Cockpit (ခေါင်းခန်း) (၂)ခုခွဲပြီး စစ်ပါတယ်။

Cabin ကို စစ်ဆေးရတာတွေကတော့ အကြမ်းဖျင်းပြောရရင် (က) ခုံများ၊ထိုင်ခုံခါးပါတ်များ ခိုင်ခန့်မှု ရှိမရှိ၊ (ခ) ပြတင်းပေါက်မှန်များ ကွဲအက်မှု ရှိမရှိ၊ (ဂ) လျှောက်လမ်းနဲ့ အခင်းများ၊ (ဃ) အချက်ပြမီး၊ဆိုင်းဘုတ်၊အရေးပေါ်မီး၊

(င) ကိုယ်ထည်အတွင်း စကားပြော ဆက်သွယ်ရေးစက်များ၊ (စ) အောက်ဆီဂျင်၊ဆေးသေတ္တာ၊မီးသတ်ဘူးနဲ့ အသက်ကယ် အင်္ကျီများ၊ (ဆ) Lavatory (အိမ်သာ)၊ (ဇ) Galley (အစားအသောက်စင်)များ အစရှိသဖြင့် စစ်ဆေးပါတယ်။

ခေါင်းခန်းကတော့ ပိုင်းလော့ (၂) ဦးအတွက်နဲ့ Observer လို့ခေါ်တဲ့ တတိယလူအတွက်ရယ် ခုံ (၃) ခုံ ပါရှိပါတယ်။ ဒီခုံတွေ၊ ခုံမှာတပ်ထားတဲ့ ခါးပါတ်တွေ၊ ခုံတွေကို လျှောက်လမ်း(rail) မှာ အလွယ်တကူ ရွေ့လို့ ရမရစစ်ပါတယ်။

ပြီးရင်တော့ ခေါင်းခန်းမှာ တပ်ဆင်ထားတဲ့ Instruments တွေ၊ Indicator ‌‌တွေ၊ အချက်ပြမီးတွေကို စစ်ရပါတယ်။ နားကြပ်တွေ၊ အောက်ဆီဂျင် မျက်နှာဖုံးတွေ၊ PBE တွေ စုံမစုံ စစ်ရပါတယ်။

ဒီလို စုံစေအောင် စစ်ဆေးပြီးရင်တော့ တွေ့ရှိချက်တွေကို မှတ်တမ်းရေးရပါတယ်။

၂။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း(Physical Inspection) ပြီးရင်တော့ စာရွက်စာတမ်းဆိုင်ရာ စစ်ဆေးခြင်းပါ။ ဒါကတော့ လေယာဉ်နဲ့ ပါတ်သက်တဲ့ မှတ်တမ်းမှတ်ရာများအားလုံးကို စစ်ဆေးရတာပါ။

ခေတ်ပေါ် ကုမ္ပဏီများမှာ Records စနစ်ကို ကွန်ပျူတာ ဆော့ဖ်ဝဲနဲ့ ထိန်းသိမ်းကြတာဖြစ်လို့ ကွန်ပျူတာနဲ့ စစ်ဆေးမှတ်တမ်းယူကြပြီး စစ်ဆေးကြပါတယ်။

ပါဝင်တာတွေကတော့ များပြားပေမယ့် ဆော့ဖ်ဝဲအကူအညီနဲ့ဆို အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။ ဒီအထဲမှာ လေယာဉ်နဲ့ပါတ်သက်တဲ့ အချက်အလက်များ (ဥပမာ- Cof A, C of R လက်မှတ်များ၊ Log Book မှတ်တမ်းများ၊ AD,SB,Modification များ) စသဖြင့် အပြည့်အစုံ ပါဝင်ပါတယ်။

၃။ ဒီတစ်ခါတော့ Final Reports ရေးလို့ ရပါပြီ။ စစ်ဆေးသူဟာ လေယာဉ် ကောင်းမကောင်းနဲ့ တွေ့ရှိချက်များကို ဓါတ်ပုံများနဲ့ ဝေဝေဆာဆာ ရေးသားဖော်ပြရပါတယ်။

ပြီးရင် လေယာဉ်ပိုင်ရှင် သို့မဟုတ် သူရဲ့ ကိုယ်စားပြု ငှားရမ်းတဲ့ ငှာနကို ပို့ပေးရပါတယ်။ ဒါဆိုရင် လေယာဉ်စစ်ဆေးသူအလုပ် ပြီးဆုံးပါပြီ။ ဒီအတွက် အခကြေးငွေကတော့ ကန်ထရိုက်စာချုပ်မှာပါတဲ့အတိုင်း ပိုင်ရှင်က ပေးချေလေ့ရှိပါတယ်။

အခုတင်ပြခဲ့တာကတော့ လေယာဉ်စစ်ဆေးသူတစ်ယောက်ကို မေးမြန်းပြီး တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ စာချစ်သူတို့ ဗဟုသုတတစ်ခု တိုးစေတယ်ဆိုရင် ကျေနပ်ရပါတယ်လို့ တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *