‌စပါတာကပ်စ် (Spartacus) ကျဆုံးခြင်း

‌စပါတာကပ်စ် (Spartacus) ကျဆုံးခြင်း

ရောမခေတ်သမိုင်းကို သင်ဖူး၊ဖတ်ဖူးသူတိုင်း စပါတာကပ်စ်ဆိုတဲ့ အမည်ကို ကြားဖူးကြပါလိမ့်မယ်။

ဂလက်ဒီယေတာ (Gladiator) ခေါ် တိုက်ခိုက်ရေးသမားတွေ၊ Slave ခေါ် ကျွန်တွေနဲ့ တော်လှန်ပုန်ကန်မှုတွေကို သိကြပေမယ့် ဒီကျွန်တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ စပါတာကပ်စ်ဟာ ဘယ်လို ကျဆုံးခဲ့ရတယ်ဆိုတာ သိသလောက် တင်ပြလိုက်ပါတယ်။

“I am Spartacus” ကျွန်ုပ်သည် စပါတာကပ်စ်ဖြစ်သည်ဆိုတဲ့ စကားဟာ BC-73 မှာ ဖြစ်ခဲ့တဲ့ ကျွန်တော်လှန်ရေးမှာ အထင်ကရဖြစ်ခဲ့တဲ့ စကားဖြစ်ပါတယ်။

အာဏာနှင့် ဖိနှိပ်မှုကို ဆန့်ကျင်ဖို့ရာအတွက် ဒီစကားလုံးဟာ စည်းလုံးညီညွှတ်မှုကို ဖြစ်ပေါ်စေပါတယ်။

စပါတာကပ်စ်ရဲ့ အဖြစ်မှန်ကတော့ ပြဇာတ်တွေ၊ ရှပ်ရှင်တွေထဲကလို မဟုတ်ဘဲ ရိုးရှင်းပါတယ်။

သူဟာ BC-73 ကျွန်ပုန်ကန်မှုရဲ့ တစ်ဦးတည်းသော ခေါင်းဆောင်မဟုတ်ဘဲ သူနဲ့အတူ အခြားခေါင်းဆောင် တပ်မှူးတွေလည်း အရေးကြီးတဲ့ ကဏ္ဍတွေကနေ ပါဝင်ခဲ့ပါတယ်။

ဒီအထဲမှာ ခရေးဆပ်စ် (Crixus ) ဆိုသူလည်း ပါဝင်ပါတယ်။ သူနဲ့ စပါတာကပ်စ်တို့ရဲ့အကြားက အကြောင်းအရာတွေဟာ စပါတာကပ်စ် ကျဆုံးမှုနဲ့ အဓိက ဆက်စပ်နေပါတယ်။

သမိုင်းပညာရှင် ကိတ် ဘရက်ဒလေ (Keith Bradley)ရဲ့ သုတေသနပြုချက်အရ စပါတာကပ်စ်နဲ့ ခရေးဆပ်စ်တို့ရဲ့ ပုန်ကန်မှုအကြောင်းကို သိခွင့်ရခဲ့ကြပါတယ်။

စပါတာကပ်စ်ဟာ ကာပူအာရ် (Capua) အရပ်က ဂလက်ဒီယေတာတွေ လေ့ကျင့်တဲ့ စခန်းတစ်ခုက ဖြစ်ပါတယ်။

သူဟာ ထူးချွန်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဆဲလ်တစ်နွယ်ဖွားဖြစ်ပြီး စပါတာကပ်စ်ဆိုတာက “ဆံပင်ကောက်သူ” လို့ အဓိပ္ပါယ်ရပါတယ်တဲ့။

အဲဒီစခန်းမှာပဲ သူဟာ ခရေးဆပ်စ်နဲ့ ရင်းနှီးခဲ့ပါတယ်။ ဂလက်ဒီယေတာတစ်ယောက်ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းလှပါတယ်။ သူတို့နေရတဲ့စခန်းမှာ အခြေအနေက ဆိုးရွားလှပါတယ်။

ဖိနှိပ်မှုတွေကို မခံနိုင်တော့တဲ့ အဆုံးမှာတော့ ကျွန်တွေဟာ တော်လှန်ပုန်ကန်ဖို့ စိတ်အားထက်သန် လာကြပါတော့တယ်။

တစ်ညမှာတော့ စပါတာကပ်စ်နဲ့ ခရေးဆပ်စ်တို့ဟာ လက်ရွေးစင် ကျွန်အယောက် (၈၀) နဲ့ ပုန်ကန်တိုက်ခိုက်ကြပါတော့တယ်။ သူတို့ဟာ စခန်းမှာရှိတဲ့ လက်နက်တွေကို သိမ်းယူနိုင်ခဲ့ကြပါတယ်။

စခန်းမှာရှိတဲ့ ကျွန်အားလုံး သူတို့နဲ့ ပူပေါင်းပါဝင်လာကြပြီး စပါတာကပ်စ်၊ ခရေးဆပ်စ် နဲ့ Oenomaus ဆိုသူ (၃)ယောက်ကို သူတို့ရဲ့ ခေါင်းဆောင်တွေအဖြစ် တင်မြှောက်ခဲ့ကြပါတယ်။

ဘရက်ဒလေရဲ့အဆိုအရ အစပိုင်းမှာ ကျွန်တွေဟာ ရောမစစ်တပ်ရဲ့ ရက်စက်စွာ ဖြိုခွင်းတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စပါတာကပ်စ်ဟာ ရောမအထိ တိုက်ခိုက်ဖြိုခွင်းမှဖြစ်မယ်လို့ ယူဆခဲ့ပါတယ်။

ဒါ့ကြောင့်လည်း သူနဲ့ ခရေးဆပ်စ်တို့ဟာ ကျေးလက်ဒေသတွေကို သိမ်းသွင်းပြီး အခြားကျွန်တွေကို တော်လှန်ရေးမှာ ပါဝင်ဖို့ စည်းရုံးခဲ့ကြပါတယ်။ သူတို့ရဲ့ အင်အားဟာ ၇၀,၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။

ရောမစစ်တပ်ဟာ ပထမအကြိမ် ကျွန်တွေကို နှိမ်နှင်းပြီးနောက်မှာတော့ လျော့တွက်ခဲ့ကြပါတယ်။ ရောမလွှတ်တော်ဟာ စစ်တပ်ကို ဆက်တိုက်‌ စေလွှတ်ခဲ့ပေမယ့်လည်း စပါတာကပ်စ်တို့ဟာ အသာစီးပြန်ရလာခဲ့ပါတယ်။

စစ်တပ်ဟာ ကျွန်တွေကို အထင်သေးပြီး လျော့တွက်ခဲ့တာလည်း ပါပါတယ်။ စစ်တပ် အရေးနိမ့်တဲ့သတင်းကြောင့် အခြားဒေသတွေမှာလည်း ကျွန်တွေရဲ့ အုံကြွမှုတွေ ပေါ်ပေါက်လာပြီး အာဏာပိုင်တွေ၊ ရောမရဲ့ ဓနရှင်တွေဟာ တုန်လှုပ်လာကြပါတယ်။

စပါတာကပ်စ်နဲ့ ခရေးဆပ်စ်တို့ဟာ ရောမကို ချီတက်တက်ခိုက်ဖို့ကိစ္စမှာ အငြင်းပွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ခရေးဆပ်စ်က ကျွန်စစ်တပ်ကို ဂေါ (Gaul) အရပ်မှာပဲ ရှိစေချင်ပြီး စပါတာကပ်စ်က ရောမကို ချီတက်ချင်ပါတယ်။

နောက်ဆုံးမှာ ကျွန်စစ်တပ်ဟာ စပါတာကပ်စ်ရဲ့ အင်အားစုနဲ့ ခရေးဆပ်စ်ရဲ့ အင်အားစုအဖြစ် နှစ်ဖွဲ့ ကွဲသွားကြပါတယ်။

ခရေးဆပ်စ်နဲ့ သူရဲ့အဖွဲ့အင်အား ၃၀,၀၀၀ ဟာ အီတလီအရှေ့တောင်ပိုင်းက ဂါဂါနို (Gargano) တောင်အနီးမှာ လူစီးယပ်စ် ဂဲလီးယပ်စ် ပါဘလီကိုလာ (Lucius Gellius Publicola) ဦးဆောင်တဲ့ ရောမစစ်တပ်ရဲ့ တိုက်ခိုက်ချေမှုန်းခြင်းကို ခံလိုက်ရပါတယ်။ ခရေးဆပ်စ်လည်း တိုက်ပွဲအတွင်းမှာ ကျဆုံးသွားပါတယ်။

စပါတာကပ်စ်ဟာ ခရေးဆပ်စ်အတွက် ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ ဒီပွဲမှာ ဖမ်းဆီးခံထားရတဲ့ ရောမစစ်သားတွေကို ဂလက်ဒီယေတာများအဖြစ် တိုက်ခိုက်စေခဲ့ပြီး ခရေးဆပ်စ်အတွက် လက်စားချေပေးခဲ့ပါတယ်။

BC-71 အရောက်မှာတော့ စပါတာကပ်စ်ရဲ့ ကျွန်တော်လှန်ရေးစစ်တပ်ဟာ မားကပ်စ် လင်စီးနီးယပ်စ် ကရေးဆပ်စ် (Marcus Licinius Crassus) ဦးဆောင်တဲ့ ရောမစစ်တပ်ရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပါတယ်။

အသက်ရှင်ကျန်ရစ်သူများကိုလည်း လက်ဝါးကပ်တိုင်မှာ ချိတ်ပြီး ကွပ်မျက်ခံခဲ့ရပါတယ်။ စပါတာကပ်စ်လည်း ကျဆုံးခဲ့ပါတယ်။

တကယ်လို့သာ စပါတာကပ်စ်နဲ့ ခရေးဆပ်စ်တို့ဟာ ကျွန်စစ်တပ်ကို တစ်စည်းတစ်လုံးတည်း ထားနိုင်ခဲ့မယ်ဆိုရင်တော့ ရောမသမိုင်းဟာ တစ်မျိုးတစ်ဖုံ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

ဒါတွေကတော့ သမိုင်းမှာ ဖိနှိပ်မှုနဲ့ အာဏာတို့အတွက် ခေါင်းငုံ့မခံဘဲ တော်လှန်ခဲ့ကြတဲ့ ရောမကျွန်တွေအကြောင်း ဂုဏ်ပြုတင်ပြလိုက်တာ ဖြစ်ပါတယ်။

တော်လှန်ရေးဟာ မအောင်မြင်ခဲ့ပေမဲ့ အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု သရုပ်သကန်ကို မီးမောင်းထိုးပြနိုင်ခဲ့သလို စပါတာကပ်စ်ရဲ့ နာမည်ဟာလည်း သမိုင်းတွင်ခဲ့ပါတယ်လို့ ဖော်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *