ကမ္ဘာ့အအောင်မြင်ဆုံးနဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံး စားဖိုးမှူးတစ်ယောက်အကြောင်း

ကမ္ဘာ့အအောင်မြင်ဆုံးနဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံး စားဖိုးမှူးတစ်ယောက်အကြောင်း

သင်ဟာ နိုင်ငံခြား တီဗီပရိုဂရမ်တွေဖြစ်တဲ့ “Hell’s Kitchen” နဲ့ “Master Chef” တို့နဲ့ မစိမ်းတဲ့သူဆိုရင်တော့ Gordan Ramsey ဆိုတဲ့ နာမည်ကို ရင်းနှီးနေကြလိမ့်မယ်လို့ ထင်ပါတယ်။

ဂေါ်ဒန်ဟာ မျက်မှောက်ခေတ် စာဖိုးမှူးတွေထဲမှာ အချမ်းသာဆုံး၊ သြဇာလွှမ်းမိုးမှုအရှိဆုံး၊ အအောင်မြင်ဆုံး စာဖိုးမှူးတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲတွေမှာဆိုရင်လည်း သူ့ရဲ့ဒေါသစိတ်နဲ့ အပြောအဆို ကြမ်းတာတို့ကြောင့် နာမည်ကို မရင်းနှီးနေရင်တောင် ပုံစုံကိုတော့ ရင်းနှီးနေနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ ဒီလိုစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ စားဖိုးမှူး ဂေါ်ဒန်ရမ်ဆေး (Gordan Ramsey) ရဲ့ အောင်မြင်မှုတွေ၊ ကြွယ်ဝချမ်းသာမှုတွေ မတိုင်မီက ဖြတ်သန်းလာခဲ့ရတဲ့ ဘဝဇာတ်ကြောင်းတချို့ကို ဖော်ပြပေးသွားချင်ပါတယ်။

ဂေါ်ဒန်ကိုတော့ နိုဝင်ဘာ ၈ ရက်၊ ၁၉၆၆ ခုနှစ်မှာ စကော့တလန်၊ ဂျွန်စတုန်းမှာ မွေးဖွားခဲ့ပါတယ်။

သူ့ကြောင့်ပဲ မွေးရပ်မြေမှာ ကျော်ကြားတဲ့ စားသောက်ဆိုင်များတွေ ပေါ်ပေါက်လာခဲ့သလို သူရောင်းချခဲ့တဲ့ ဟင်းချက်စာအုပ်တွေကလည်း ရောင်းအားအကောင်းဆုံး စာရင်းဝင်ခဲ့ပါတယ်။

တကယ်တမ်းတော့ ဂေါ်ဒန်ဟာ ဘောလုံးသမားတစ်ယောက် ဖြစ်ချင်ခဲ့သူပါ။ ကလေးဘဝမှာကတည်းက ဂေါ်ဒန်ဟာ မိသားစုနဲ့အတူ စကော့တလန်မှ အင်္ဂလန်သို့ ပြောင်းရွှေ့ခဲ့ရပြီးနောက် သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဘောလုံးသမားဘဝကို အကောင်အထည်ဖော်ခဲ့ပါတော့တယ်။

အောက်စဖို့ဒ်ယူနိုက်တက် လူငယ်အသင်းမှာ ကစားခဲ့ရပြီး အသက် ၁၅ နှစ်မှာ စကော့တလန် ပရီးမီးယားလိဂ် Glasgow Rangers မှ ခေါ်ယူခံခဲ့ရပေမဲ့ မထင်မှတ်ထားတဲ့ ဒူးဒဏ်ရာကြောင့် နောက်ဆုံးမှာတော့ ဘောလုံးသမားအိပ်မက်ကို ဂေါ်ဒန် အရှုံးပေးလိုက်ရပါတော့တယ်။

၁၉၈၇ ခုနှစ်မှာတော့ North Oxon Technical College မှ ဟိုတယ် စီမံခန့်ခွဲမှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း ဒီပလိုမာကို ရရှိပြီးနောက် လန်ဒန်သို့ ပြောင်းရွှေ့နေထိုင်ရင်း Harvey’s စားသောက်ဆိုင်နဲ့ La Gavroche, Marco Pierre White လက်အောက်မှာ အချက်အပြုတ် ပညာကို စတင်ဆည်းပူးခဲ့ပါတယ်။

အဲဒီနောက် ၁၉၉၀ ခုနှစ်များ အစောပိုင်းကာလတွေမှာ ဂေါ်ဒန်က ပြင်သစ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး မာစတာ စားဖိုမှူး Joël Robuchon နဲ့ Guy Savoy တို့ရဲ့ မီးဖိုချောင်မှာ အကူအဖြစ်နဲ့ ဂန္တဝင် ပြင်သစ်ဟင်းလျာများကို ပြင်ဆင်ခဲ့ပါတယ်။

၁၉၉၃ ခုနှစ်မှာတော့ ဂေါ်ဒန်ဟာ လန်ဒန်ကို ပြန်လာခဲ့ပြီး Aubergine ရဲ့ အကြီးစား စားဖိုမှူးတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။

အဲဒီလိုနဲ့ သုံးနှစ်အကြာမှာတော့ Michelin Star လို့ခေါ်တဲ့ ကြယ် ၃ ပွင့်အထိ အဆင့်သတ်မှတ်ရာမှာ ကြယ် ၂ ပွင့် အဆင့်ကို ရရှိခဲ့တဲ့ စားဖိုမှူးတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။

၁၉၉၈ ခုနှစ်မှာတော့ ဂေါ်ဒန်ဟာ သူ့ရဲ့ကိုယ်ပိုင်စားသောက်ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့ပြီး သုံးနှစ်အတွင်းမှာပဲ သူ့ရဲ့ တတိယမြောက် Michelin Star ကို ထပ်မံရရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင်များထဲမှတစ်ခုအဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပါတော့တယ်။

သူဖွင့်ခဲ့တဲ့ Pétrus စားသောက်ဆိုင်ဟာ ခုနစ်လအတွင်း Michelin Star ကိုရရှိခဲ့ပြီး ၂၀၀၁ ခုနှစ်မှာတော့ ဒုတိယမြောက် စားသောက်ဆိုင် Claridge’s (၂၀၁၃ မှာ ပိတ်ခဲ့) ကို တည်ထောင်ခဲ့ပြီး ၂ နှစ်အကြာမျာပဲ Michelin Star ကို ထပ်မံရရှိခဲ့ပါတယ်။

Savoy Grill, Boxwood Café (၂၀၁၀ မှာ ပိတ်ခဲ့)၊ Maze နဲ့ La Noisette (၂၀၀၈ မှာ ပိတ်ခဲ့) တို့ အပါအဝင် Michelin ကြယ်ပွင့်ဆုရ စားသောက်ဆိုင်များ ဆက်တိုက် တိုးပွားလာခဲ့ရာမှာ ၂၀၀၁ ခုနှစ်မှာတော့ ဂေါ်ဒန်ဟာ သူ့ရဲ့ ပထမဆုံးနိုင်ငံတကာ စားသောက်ဆိုင် Verre ကို ဒူဘိုင်းမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ပထမဆုံး အမေရိကန် စားသောက်ဆိုင်ကိုတော့ ၂၀၀၆ ခုနှစ်မှာ New York City ၌ ဖွင့်လှစ်ခဲ့ပြီး (၂၀၁၄ မှာ ပိတ်ခဲ့) ၂၀၀၈ ခုနှစ်မှာတော့ ပထမဆုံး ပြင်သစ် စားသောက်ဆိုင်ကို ဂေါ်ဒွန်က Versailles မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဂျပန်၊ ဩစတေးလျနှင့် တောင်အာဖရိက စတဲ့ ဒေသများမှာ အကျိုးတူ စားသောက်ဆိုင်လုပ်ငန်းများ ဆက်တိုက်ဖွင့်လှစ်ခဲ့ပါတယ်။

ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ စားသောက်ဆိုင်လုပ်ငန်းတွေကို အမြောက်အများ ပိုင်ဆိုင်လာခဲ့တာကြောင့် သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာတဲ့အပြင် ဂေါ်ဒန်ဟာ ရုပ်မြင်သံကြားမှာလည်း ကြယ်ပွင့်ဖြစ်လာခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာတော့ သူက ဆုရ ဗြိတိသျှစီးရီး Ramsay’s Kitchen Nightmares ကို ထုတ်ဝေခဲ့ပြီး ပျက်စီးနေတဲ့ စားသောက်ဆိုင်များကို ပြန်လည်ထောင်မတ်လာတဲ့ လုပ်ငန်းအဖြစ်သို့ ပြောင်းလဲရန် ကြိုးပမ်းခဲ့ပါတော့တယ်။

အဲဒီနောက် Hell’s Kitchen နဲ့ Master Chef တို့လို အရည်အသွေးမြင့် စားဖိုမှူးများ မွေးထုတ်ပေးရာ ပြိုင်ပွဲတွေကိုလည်း စီမံကျင်းပခဲ့ပြီး ထပ်မံအောင်မြင်သွားခဲ့တာကြောင့် မတူညီတဲ့နိုင်ငံတွေအထိ ပျံ့နှံ့သွားခဲ့ပါတော့တယ်။

တစ်ဖက်မှာလည်း Gordon Ramsay ‘s Passion for Flavor စာအုပ်မှ အစပြုပြီး အရောင်းရဆုံး ဟင်းချက်စာအုပ်ပေါင်း မြောက်မြားစွာကို ထုတ်ဝေခဲ့ပါတယ်။

ဒါတင်မကသေးပဲ သူ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွဲများဖြစ်တဲ့ Humble Pie နဲ့ Gordon Ramsay’s Playing with Fire တို့ကိုလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။

အခုချိန်မှာတော့ ဂေါ်ဒန်ဟာ သူ့ရဲ့ကမ္ဘာတစ်ဝှမ်းက စားသောက်ဆိုင်လုပ်ငန်းတွေ၊ စာအုပ်တွေ၊ တီဗီအစီအစဥ်တွေကနေ မြောက်များလှစွာ ဝင်ငွေတွေရရှိနေတဲ့ မီလျံနာတစ်ယောက်ဖြစ်နေခဲ့ပြီး ပိုင်ဆိုင်ကြွယ်ဝမှု ဒေါ်လာ သန်း ၇၀ လောက်ရှိနေခဲ့ပါပြီ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *