စကားလုံးတွေမပါဘဲ ဟာဒယရွှင်ဆေးတိုက်ကျွေးခဲ့သူ (သို့) မစ္စတာဘင်း

စကားလုံးတွေမပါဘဲ ဟာဒယရွှင်ဆေးတိုက်ကျွေးခဲ့သူ (သို့) မစ္စတာဘင်း

မစ္စတာဘင်းဆိုတဲ့ ဟာသာပညာရှင်ဟာ ကျွန်တော်တို့တွေရဲ့ ငယ်ဘဝပေါင်းများစွာကို အမှတ်တရဖြစ်စေခဲ့လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

သူ့ရဲ့ အရုပ်၊ သူ့ရဲ့ ကားစိမ်းစိမ်းနဲ့ စကားတစ်လုံးမှမပြောဘဲ လူသန်းပေါင်းများစွာကို ရယ်မောပျော်ရွှင်စေခဲ့တဲ့သူပါ။

မစ္စတာဘင်း “Mr. Bean” ဟာ သူ့ကို လူအများက မှတ်မိနေကြတဲ့အတိုင်း တကယ့်ကိုယ်ရည်ကိုယ်သွေးနဲ့ အမူအကျင့်တွေကို ဇာတ်ကောင်အဖြစ် တင်ဆက်ရင်း ပရိသတ်တွေကို ဖျော်ဖြေခဲ့သူပါ။

ဆိုလိုတာက မစ္စတာဘင်းကို ပုံဖော်ခဲ့သူ Rowan Atkinson က သူ့ရဲ့ ကျော်ကြားမှုဆီသို့ စွန့်စားခရီးဟာ မိမိကိုယ်မိမိ မြှင့်တင်ရန်အတွက်နဲ့ သူ့ရဲ့အတားအဆီးတွေကို ကျော်လွှားရန်အတွက် ကြိုးပမ်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။

မစ္စတာဘင်းရဲ့ ကလေးဘဝ

မစ္စတာဘင်းကို အင်္ဂလန်နိုင်ငံ၊ Durham ရှိ လူလတ်တန်းစားအိမ်ထောင်စုမှာ မွေးဖွားခဲ့ပြီး စိုက်ပျိုးရေးပညာရှင် ဖခင်နဲ့အတူ ငယ်ဘဝကို နေထိုင်ဖြတ်သန်းခဲ့ပါတယ်။

တကယ်တော့ မစ္စတာဘင်းမှာ မွေးရာပါ စကားထစ်တဲ့ ရောဂါဝေဒနာကို ခံစားခဲ့ရပြီး တစ်ဖက်မှာလည်း သူဟာ ဉာဏ်ရည်ထက်မြက်သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ ပညာရေးစွမ်းရည်နဲ့ ထက်မြက်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေက သူ့ကို ကမ္ဘာကျော် Oxford တက္ကသိုလ်ကို ဝင်ရောက်သွားစေခဲ့ပြီး အဲဲဒီမှာတော့ သူ့ရဲ့သရုပ်ဆောင်ချက်တွေကြောင့် လူတွေရယ်မောစေချင်တဲ့ သူ့ရဲ့ပင်ကိုယ်ဆန္ဒကို သက်သေပြနိုင်ခဲ့ပါတယ်။

မစ္စတာဘင်းရဲ့ နိဒါန်း

မစ္စတာဘင်းဟာ မသန်စွမ်းဖြစ်ပေမဲ့ အချိန်ပြည့် အသက်မွေးဝမ်းကြောင်းအဖြစ် စင်မြင့်ပေါ်မှာ ကြည့်ရှုသူတို့ရဲ့ ချစ်ခြင်းမေတ္တာကို မဝံ့မရဲ လိုက်လျှောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီမှာတော့ မစ္စတာဘင်းဘဝမှာ နောက်ထပ် ခက်ခဲမှုတွေ ရင်ဆိုင်ခဲ့ရပါတော့တယ်။ သူက သရုပ်ဆောင်၊ ဖျော်ဖြေသူတစ်ယောက် ဖြစ်ချင်တယ်။ လူတွေကို ရယ်မောစေချင်တယ်။

ဒါပေမဲ့ သူ့ရဲ့ကိုယ်ခန္ဓာနဲ့ မျက်နှာတို့က လူမှုစံနှုန်းများက သတ်မှတ်ထားတဲ့ ပုံစံမျိုးနဲ့ မကိုက်ညီကြောင်း သူသိရှိခဲ့ရပြီး သူ့အတွက် လူများရဲ့ အပျက်သဘောဆောင်တဲ့ အကြံပြုချက်တွေကိုလည်း လက်ခံဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

သူက တက္ကသိုလ်ရဲ့ ဟာသအဖွဲ့တစ်ခုအတွက် စာရင်းပေးသွင်းခဲ့ပေမဲ့ ငြင်းပယ်ခံရမှုတွေနဲ့ လျစ်လျူရှုမှုတွေကို ကြုံတွေ့ခဲ့ရပါတော့တယ်။

သူ့ကို တင်ဆက်ဖို့ ဒါမှမဟုတ် အသေးအဖွဲ ဇာတ်ရုပ်လေးတွေမှာတောင် ပါဝင်ဖို့ အခွင့်အရေး မပေးခဲ့ကြပါဘူး။

စကားပြော ချို့ယွင်းနေပြီး ရုပ်ရည်မလှတဲ့ သရုပ်ဆောင်တစ်ဦးကို တစ်ခါလောက် လက်တွေ့ကျကျ ပုံဖော်ကြည့်ရအောင်ပါ။

သူ့ကို ပြဇာတ်တွေမှာ သစ်ပင်တစ်ပင်အဖြစ်တော့ အခွင့်အရေးပေးခဲ့သင့်တယ် မဟုတ်ပါလား။

ဒီလူဟာ တစ်ချိန်မှာ ကမ္ဘာကျော် နာမည်ကြီး မင်းသား-လူရွှင်တော် ဖြစ်လာမှာဖြစ်ပြီး အသားတင် ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၁၃၅ သန်း ဆိုတာကို ဘယ်သူကမှ ယုံကြည်ခဲ့မယ်လို့တော့ မထင်မိပါဘူး။

“ကင်မရာက Mr. Bean ရဲ့ဘ၀ကို ရှုစားနေတယ်လို့ ခံစားစေရတဲ့အထိ ဒီထူးဆန်းတဲ့လူက သူ့ဘဝအကြောင်းကို သူလိုချင်တဲ့ပုံစံနဲ့ ပရိသတ်တွေကို ကြည့်ရှုစေခဲ့တာပဲ” လို့ Rowan Atkinson က သူ့ဇာတ်ကောင်ကို ဆိုခဲ့ဖူးပါတယ်။

မစ္စတာဘင်းရဲ့ အောင်မြင်မှုလှေကားထစ်

မစ္စတာဘင်းဟာ ငြင်းဆိုလျစ်လျူရှုခံရမှုတွေကြားထဲမှာ သူ့မျက်နှာက သူ့ရဲ့ အကြီးမားဆုံး အားသာမှုဖြစ်ကြောင်း သဘောပေါက်ခဲ့ပါတယ်။ ဒါဟာ ရုပ်ရည်ချောမောတာကို ဆိုလိုတာမဟုတ်ပါဘူး။

သူဟာ ပရိသတ်တွေ ပျော်ရွှင်စေဖို့ စကားလုံးများ မလိုအပ်တဲ့ အဆင့်အထိ သူ့ရဲ့ မျက်နှာအမူအရာတွေကို အားစိုက်ထုတ်လာခဲ့ပါတော့တယ်။

ဒီလို ကြိုးစားအားထုတ်မှုတွေကပဲ သူ့ကို ရုပ်သံဇာတ်လမ်းတွဲတွေဖြစ်တဲ့ ‘Nine O’clock News’ နဲ့ ‘Blackadder’ တို့ကို ရောက်သွားစေခဲ့ပါတယ်။

Atkinson ကလည်း ဇာတ်ကောင်စရိုက်တစ်ခုခုကို စွဲစွဲလန်းလန်း စွဲလန်းမိသွားတဲ့အခါမှာ သူ့ကိုယ်သူကိုတောင် မေ့ပျောက်နိုင်ပြီး သူ့သရုပ်ဖော်ရမယ့် အခန်းကဏ္ဍကို ကျွမ်းကျင်စွာ လိုက်စီးမျောနိုင်သူပါ။

၁၉၉၀ ခုနှစ်မှာတော့ သူဟာ မစ္စတာဘင်းဆိုတဲ့ ဇာတ်ကောင်လေးကို စတင်ဖန်တီးခဲ့သလို ရိုက်ကူးချပြခဲ့ပြီး နိုင်ငံတကာရဲ့ အာရုံခံစားမှုတစ်ခု ဖြစ်လာစေဖို့ အစပြုရာ ဖြစ်ခဲ့ပါတယ်။

သူရဲ့ပြောစကားအရ မစ္စတာဘင်းဟာ အဓိကအားဖြင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေတဲ့ ကလေးလို့ ဆိုပါတယ်။

ယဉ်ကျေးမှုအားလုံးဟာ ကလေးတွေကိုပဲ မြစ်ဖျားခံထားတာကြောင့် မစ္စတာဘင်းဟာ ထူးထူးခြားခြားဘဲ တစ်ကမ္ဘာလုံးကို ပေါက်ရောက်သွားခဲ့ရပါတော့တယ်။

ဒီလိုနဲ့ မစ္စတာဘင်းဟာ West End ရဲ့ တစ်ဦးတည်း ဖျော်ဖြေပွဲမှာ အသက်အငယ်ဆုံး ဖျော်ဖြေသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီနောက် ကာတွန်းဇာတ်လမ်းတွဲများနဲ့ အတူ အပိုင်းတိုလေးများကို ထုတ်လုပ်ခဲ့ပါတယ်။

ကမ္ဘာ့အထင်ကရ ဇာတ်ကောင်တစ်ခုဖြစ်လာတဲ့ မစ္စတာဘင်းကို အသက်အရွယ်မရွေး လူမျိုးပေါင်းစုံက အားပေးခဲ့ကြပါတယ်။ မစ္စတာဘင်းကို ပုံဖော်သူ Atkinson ဟာလည်း အခြေခံအားဖြင့် ရုပ်သံဖျော်ဖြေရေးခေတ်ကို စတင်ဖွင့်လှစ်ခဲ့တာပါ။

ရုပ်သံပြဇာတ်အနေနဲ့ စျေးကွက်အသစ်နဲ့ အမျိုးအစားသစ်ကိုပါ ဖန်တီးနိုင်ခဲ့လို့ မစ္စတာဘင်းဟာ သူ့ရဲ့တစ်သက်တာမှာ အကြီးမားဆုံးသော အောင်မြင်မှုမှတ်တမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။

Rowan Atkinson (သို့) မစ္စတာဘင်း တစ်သားတည်းဖြစ်တည်မှု

ဒီထင်ရှားကျော်ကြားတဲ့ ကိုယ်ရည်ကိုယ်သွေးကို ကမ္ဘာက သိထားတဲ့အတိုင်း မစ္စတာဘင်းနဲ့ Atkinson ဟာ အတူတူပါပဲလို့ သူ့ပရိသတ်တွေကို တစ်သားတည်းအဖြစ် ဝန်ခံခဲ့ပါတယ်။

အနိုင်ကျင့်ခံရတဲ့ လူငယ်လေးအဖြစ်မှ ထူးခြားတဲ့ ဂြိုလ်သားလို့ နာမည်တပ်ထားခံခဲ့ရတဲ့ အနုပညာရှင် Rowan Atkinson ဟာ သူ့ရဲ့ ရည်မှန်းချက်တွေကို အဆင့်သစ်များအဖြစ်သို့ အရောက်လှမ်း ပြောင်းလဲနိုင်ခဲ့ပါတယ်။

မစ္စတာဘင်းရဲ့ဘဝက မပြည့်စုံမှုတွေကြောင့် ငိုစရာမရှိဘူးလို့ သင်ပေးခဲ့တယ်။ သင့်အတွက် ရနိုင်တဲ့ အရာတွေကနေ အကောင်းဆုံးတွေကို လုပ်ဆောင်မယ်လို့ သင်ပေးခဲ့တယ်။

ပြီးပြည့်စုံသူအဖြစ် မွေးဖွားလာဖို့အတွက် ရွေးချယ်လို့မရပေမဲ့ သင့်မှာ ရှိသလောက်ထဲကနေပဲ အကောင်းဆုံးတွေကို လုပ်ဆောင်ကသွားလို့တော့ ရပါသေးတယ်။

အဆက်မပြတ် အိပ်မက်တွေအတွက် ကြိုးစားခြင်းဟာ မွေးရာပါချို့ယွင်းချက်တွေကိုတောင် ကျော်လွှားနိုင်တယ်လို့ မစ္စတာဘင်းက အဖိုးတန်တဲ့ ဘဝသင်ခန်းစာတစ်ခု ပို့ချသွားခဲ့ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *