လေယာဉ်တစ်ပါတ် လမ်းလျှောက်စစ်ဆေးခြင်း ( Walk Around Check )
လေယာဉ်အင်ဂျင်နီယာများနဲ့ ကျွမ်းကျင် စက်ပြင်များဟာ လေယာဉ်ကို Walk Around Check လုပ်ကြရပါတယ်။
Walk Around Check ဆိုတာ လေယာဉ် ဦးပိုင်းကစလို့ လေယာဉ်တစ်ပါတ် လမ်းလျှောက်ပြီး Visual Inspection ခေါ် မျက်မြင်စစ်ဆေးနည်းဖြစ်ပါတယ်။
အခြေခံကျတဲ့ စစ်ဆေးနည်းဖြစ်တာမို့ ဗဟုသုတအဖြစ် ရှာဖွေဖော်ပြလိုက်ပါတယ်။
ပထမဦးစွာ လေယာဉ်ရှေ့ပိုင်းကနေ စတင်ကြည့်ရှု့ စစ်ဆေးပါတယ်။ ပြီးမှ လက်ယာရစ် သို့မဟုတ် လက်ဝဲရစ် လေယာဉ်တစ်ပါတ်ပြည့်တဲ့အထိ စစ်ဆေးသွားတာဖြစ်လို့ ပြင်ပအခြေအနေ (Exterior Condition) အားလုံး စစ်ဆေးတာမျိုးဖြစ်ပါတယ်။ စလိုက်ကြရအောင်။
၁။ Radome
ရေဒါကို ဖုံးအုပ်ထားတဲ့ လေယာဉ်ရှေ့ပိုင်း ဖြစ်ပါတယ်။ ထိခိုက်မှု ရှိမရှိ ၊ ဆေးသား ကွာမကွာ ၊ ကိုယ်ထည်နဲ့ တပ်ဆင်ထားတဲ့ ချိပ်(Clip) တွေ ခိုင်မြဲမှု ရှိမရှိ စစ်ဆေးပါတယ်။
Radome
သူက Honey Comb ခေါ် ပျားအုံရဲ့အိမ်ပုံစံ ဆဌဂံကွက် ဗိုက်ဘာကို အပေါ်က ပလတ်စတစ်အုပ်ပြီး တည်ဆောက်ထားတာပါ။ ငှက်တိုက်မှု (Bird Strike) ဖြစ်လေ့ရှိတဲ့ ဧရိယာ ဖြစ်ပါတယ်။
၂။ Pitot Tube and Static Port
ပြင်ပလေထုဖိအားနဲ့ လေတိုက်နှုန်းကို အာရုံခံပြီး လေယာဉ်ရဲ့ အမြင့်၊အမြန်နှုန်း၊တက်နှုန်း၊ဆင်းနှုန်းတွေကို တွက်ချက်တဲ့ ပြွန်တွေဖြစ်ပါတယ်။
Pitot Tube
သူ့ဧရိယာတစ်ဝိုက် ထိခိုက်ပျက်စီးမှု ရှိမရှိ စစ်ဆေးရတာပါ။ လေထဲမှာဆို ရေခဲပြီး အပေါက်ကလေးတွေ ပိတ်တတ်လို့ အပူပေးကိရိယာနဲ့ တွဲပြီး တည်ဆောက်ထားပါတယ်။ ဒါ့ကြောင့် အပူလွန်ကဲမှု လက္ခဏာ ( Over Heat Sign) ရှိမရှိပါ စစ်ရပါတယ်။
၃။ O.A.T ( Outside Air Temperarure) Sensor
သသုကလည်း ပြင်ပလေထုရဲ့ အပူချိန်ကို အာရုံခံတာမို့ အရေးကြီးပါတယ်။ ပြင်ပလေထုအပူချိန်ပေါ်မူတည်ပြီး အင်ဂျင်ပါဝါကို တွက်ချက်ရတာဖြစ်လို့ သူ့ကိုလည်း ထိုခိုက်ထားမှု ရှိမရှိ စစ်ရပါတယ်။
၃။ Nose Landing Gear
လေယာဉ်ရှေ့ပိုင်း၊ အောက်ဖက်မှာ ဆပ်ဆင်ထားတာပါ။ ရှေ့ဘီးလို့ ခေါ်ရမလားပဲ။ သူ့မှာ တစ်ခြားတွဲဖက်အနေနဲ့ Taxi Light ပါ တပ်ဆင်ထားပါတယ်။ မြေပြင်မှာ ရပ်ထားစဉ် (Ground Lock Pin) ခေါ် ဘီးဒေါက်တွေ ညွှတ်ကျမသွားအောင်ထိန်းတဲ့ သံချောင်းငယ်တစ်ခုကို ထိုးထည့်ထားပါတယ်။
Nose Landing Gear
ဒီ Pin ကို မြင်သာအောင် အနီရောင် အဝတ်စနဲ့ တွဲထားပါတယ်။ ဒီ ဧရိယာတစ်ဝိုက်မှာ ထိခိုက်မှု ရှိမရှိ၊ ဝါယာအဆက်ခေါင်းများ ကောင်းမကောင်း၊ ဟိုက်ဒြောလစ်ပိုက်တွေ ယိုမယို၊ တာယာ ကောင်းမကောင်း ကြည့်ရှု့ရပါတယ်။ Oilio ခေါ် ဘီးဒေါက်ကိုလည်း စစ်ရပါတယ်။
၄။ Passenger Door
ခရီးသည် တင်/ချ တံခါးကို စစ်ဆေးပါတယ်။
၅။ External Power Connector
သူကတော့ လေယာဉ် မြေပြင်မှာဆို လျှပ်စစ်ပေးဖို့ ချိတ်ဆက်ရတဲ့ နေရာပါ။ မဖုံးနဲ့ ပိတ်ထားတတ်ပါတယ်။ ဖွင့်ရမရ၊ အထဲက Connector Pin တွေ ကောင်းမကောင်း၊ သံချေးစားနေတာလား စစ်ပါတယ်။
၆။ Fuselage ( လေယာဥ်ကိုယ်ထည်)
လေယာဉ်ကိုယ်ထည် တစ်ခုလုံးကို ကြည့်ရှု့စစ်ဆေးတာမို့ ဆေးကွာမကွာ ပိန်ချိုင့်မှု၊ ထိခိုက်မှု ရှိမရှိ ကြည့်ရပါတယ်။ လေယာဉ်တစ်ပါတ် လမ်းလျှောက်ရင်းရောက်တဲ့ ဧရိယာကို ကြည့်ရှု့စစ်ဆေးတာမျိုးပါ။
၇။ Main Landing Gear
လေယာဉ်ရဲ့ ဘယ်ညာ (၂)ဖက်စလုံးမှာ ပါပါတယ်။ တာယာတွေ၊ ဘရိတ်စနစ်တွေ၊ ပိုက်တွေ၊ ဝါယာတွေ စစ်ဆေးရပါတယ်။ လေယာဉ်ကြီးရင် ကြီးသလို Landing Gear တွေကလည်း ကြီးမားရှုပ်ထွေးပါတယ်။
main Landing Gear
အလေ့အကျင့်ရပြီးသား အင်ဂျင်နီယာတွေကတော့ ဘယ်နေရာကို ကြည့်ရမယ်ဆိုတာ လေ့ကျင့်သားရပြီးသားပါ။ Main Landing Gear တွေကို မြေပြင်မှာဆို Ground Pin တပ်ထားရပါတယ်။
၈။ အင်ဂျင်
အင်ဂျင်ကတော့ ပန်ကာအင်ဂျင်၊ ဂျက်အင်ဂျင် (၂) မျိုးရှိပါတယ်။ ပန်ကာတပ် အင်ဂျင်ဆို လက်နဲ့ လှည့်ကြည့်ပြီး ပန်ကာဒလက်(Blade) တွေကို တစ်ခုချင်း ကြည့်လို့ရပါတယ်။
ATR အမျိုးအစား လေယာဉ်ဆိုရင် Blade တွေမှာ ရေမခဲအောင် Antiicing System ပါပါတယ်။ ဒါကို Over Heat Sign အပူလွန်ကဲမှု လက္ခဏာ ရှိမရှိညကြည့်ပါတယ်။
ပြင်ပက ခဲတွေ၊ ကျောက်ခဲတွေ၊ သဲတွေရဲ့ ပွတ်တိုက်မှုကြောင့် Blade တွေ ပုံပျက်မပျက် ကြည့်ပါတယ်။
ဂျက်အင်ဂျင်ဆိုရင် Air Inlet ကနေ Fan Blade တွေကို ကြည့်လို့ရပါတယ်။ “Engine Cowling” အင်ဂျင်ဖုံး ဖွင့်ပြီး အင်ဂျင်ဝိုင် ပြည့်မပြည့်၊ ဆီယိုစိမ့်မှု ရှိမရှိ၊ ဝါယာတွေ၊ ပိုက်တွေ ခိုင်ခန့်မှု ဆီယိုမှုစသဖြင့် စစ်ပါတယ်။
အင်ဂျင်အိတ်ဇောပိုင်းကိုလည်း စစ်ဆေးပါတယ်။ ဂျက်အင်ဂျင်တွေဆိုရင် Thrust Reseverser ခေါ် အင်ဂျင်အရှိန်ထိန်း ကိရိယာတွေ တပ်ဆင်ထားလို့ သူတို့ကိုလည်း သေချာခိုင်ခန့်မှု ရှိမရှိ ကြည့်ပါတယ်။
၉။ Wings – အတောင်ပံများ
တောင်ပံတွေမှာ ဆီတိုင်ကီတွေ ထည့်သွင်းတည်ဆောက်ထားပါတယ်။ ဆီတိုင်ကီများကို လိုအပ်ရင် ဖွင့်လှစ်စစ်ဆေးနိုင်ဖို့ Access Panel ခေါ် အဖုံးပြားတွေ အပေါ်အောက် ရှိပါတယ်။
ဒါတွေကို ‘Screw’ ဝက်အူ စုံမစုံ၊ ဆီယိုမှု ရှိမရှိ စစ်ဆေးပါတယ်။ တောင်ပံမှာ ပါဝင်တဲ့ (Flight Control) တွေ ဖြစ်တဲ့ Flap, Flap Fairing, Aileron, Slat,Spoiler တွေကိုလည်း မျက်မြင် စစ်ဆေးပါတယ်။
တစ်ချို့လေယာဉ်တွေမှာ တောင်ပံအရင်းမှာ ‘Landing Light’ ကွင်းဆင်းမီးတွေ တပ်ဆင်ထားပါတယ်။ ဒါတွေကိုလည်း စစ်ပါတယ်။
အတောင်ပံဖျားမှာ စစ်စရာကတော့ မိုးကြိုးလွှဲ (Static Discharger) တွေ၊ Navigation Light တွေ၊ Strobe Light တွေ ရှိပါတယ်။ လေခွဲတဲ့ Wing Let (တောင်ပံထိပ်)ကိုလည်း ကြည့်ရပါတယ်။ ပြီးရင် နောက်ဖက်ကို ရောက်ပါပြီ။
၁၀။ Empanage
လေယာဉ်နောက်ပိုင်း Empanage လို့ ခေါ်ကြပါတယ်။ လေယာဉ်ကြီးတွေမှာဆိုရင် ဒီအပိုင်းမှာ APU (Auxiliary Power Unit) ပါပါတယ်။ သူက လေယာဉ်အတွက် လိုအပ်တဲ့ လျှပ်စစ်၊ လေ (Bleed Air)နဲ့ တစ်ချို့ဆို ဟိုက်ဒြောလစ်ပါဝါ၊ အဲယားကွန်း Pressure တွေ ထုတ်ပေးပါတယ်။ ဒီအပိုင်းကိုလည်း ကောင်းမကောင်း ကြည့်ရပါတယ်။
နောက်မှာရှိတာတွေကတော့ Horizontal Stabilizer နဲ့ Elevator, Vertical Stabilizer နဲ့ Rudder တို့ပါပဲ။ ဒါတွေလည်း ထိခိုက်မှု ရှိမရှိ ကြည့်ရပါတယ်။ ဒါတွေမှာလည်း မိုးကြိုးလွှဲတို့၊ Tail Light တို့ ၊ Logo Light တွေပါလို့ ကြည့်ရပါတယ်။
နောက်ဖက်ကနေ တစ်ပါတ်ပြန်လှည့်ရင်တော့ အစဉ်လိုက် စစ်သွားဖို့ပါပဲ။ လေယာဉ်ရေတင်တဲ့ ပိုက်ခေါင်း၊ အညစ်အကြေး ဖောက်ထုတ်တဲ့ခေါင်း နေရာတွေ ရှိပါတယ်။ ဒီနေရာမှာ မလိုလားအပ်တဲ့ ညစ်ပေမှုတွေ ရှိမရှိ၊ ရေယိုမယို စစ်ကြပါတယ်။
နောက်ဖက်မှာရှိတဲ့ Service Door တွေ၊ Passenger Door တွေလည်း ကြည့်ရပါတယ်။ သင် ဘယ်ဖက်ကစတယ်ဆိုရင် ညာဖက်မှာ (Airbus တို့၊ Boeing တို့) ကုန်တင်ခန်းတွေက အောက်ဖက်မှာ ရှိပါတယ်။ ဒီအခန်းတွေ ကောင်းမကောင်း ” Placard” ပုံပြအညွှန်းစာတန်းတွေ စစ်ရပါတယ်။
၁၁။ ကိုယ်ထည်ပေါ်က အင်တင်နာများ (Antenna)
လေယာဉ်မှာ အီလက်ထရောနစ်စနစ်၊ ဆက်သွယ်ရေးစနစ်တွေ၊ လမ်းညွှန်စနစ်တွေအတွက် အင်တင်နာတွေလည်း ကိုယ်ထည်မှာ အများအပြားပါပါတယ်။
ဗဟုသုတအနေနဲ့ဖော်ပြရရင် (၁) HF, VHF အင်တင်နာတွေ ၊ (၂) လမ်းညွှန်စနစ်အတွက်ဆို ADF,TCAS,RA, GPS, GNSS,VOR, ELT စသဖြင့်ပေါ့။ ဒါတွေကိုလည်း ပျက်စီးမှု ရှိမရှိ မျက်မြင် စစ်ဆေးရပါတယ်။
ရှေ့ဘက်ကို ပြန်ရောက်ရင်တော့ Walk Around Check ပြီးပါပြီး
အခုတင်ပြခဲ့တာကတော့ အပေါ်ယံ အကြမ်းဖျင်းလောက်သာ ရှိပါတယ်။ လေယာဉ်အင်ဂျင်နီယာတွေကတော့ ကျွမ်းကျင်သူများပီပီ ဧရိယာတစ်ခုချင်းစီကို စစ်ဆေးနိုင်ပြီး အပြစ်အနာဆာကိုလည်း အလွယ်တကူ ရှာဖွေနိုင်ကြပါတယ်။
သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ဖြစ်တာနဲ့အညီ လေယာဉ်ကိုလည်း ခင်တွယ်ကြပါတယ်။ အမြဲ ဂရုစိုက်တတ်ကြပါတယ်လို့ တင်ပြရင်း အင်ဂျင်နီယာတွေရဲ့ Walk Around Check လေးအကြောင်း သိသလောက် တင်ပြလိုက်ပါတယ်။
Knight News Team
# Glossary
ADF – Automatic Direction Finder
TCAS- Traffic Collision Avoidance System
RA – Radio Altimeter
GPS – Global Navigation System
GNSS – Global Navigation Settlite System
VOR – VHF Omini Bearing Range
ELT – Emergency Locator Transmitter
HF – High Frequency
VHF – Very Hight Frequency
Knight News Team
Knight News © 2022