မတရားမှုကို တွန်းလှန်ခြင်းအစ “အမျိုးသားနေ့”
ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက် (၂၀၂၂ ပြည့်နှစ်၊ နိုဝင်ဘာ ၁၇ ရက်)နေ့ဟာ ၁၀၂ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပါတယ်။
အင်္ဂလိပ်နယ်ချဲ့ အစိုးရကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်ခဲ့တဲ့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့ဟူ၍ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကာ နှစ်စဉ် ဆင်ယင်ကျင်းပကြပါတယ်။
အမျိုးသားနေ့ ဒို့မမေ့ဆိုတဲ့အတိုင်းမြန်မာတို့ရဲ့ အမျိုးသားနေ့ဟာ မည်သည်ကို အကြောင်းပြုပြီး ပေါ်ပေါက်လာသလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။
တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို အမျိုးသားနေ့လို့ သတ်မှတ်ရခြင်းဟာ ခရစ်နှစ် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့မှာ ရန်ကုန် ကောလိပ်နှင့် ဂျပ်ဆင် ကောလိပ် ကျောင်းသားများက ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ သပိတ်မှောက်တဲ့နေ့ ဖြစ်သောကြောင့် ဖြစ်ပါတယ်။
ဒီလို သပိတ်မှောက်လိုက်ခြင်းဟာ မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့လက်အောက်မှ ပြန်လည် လွတ်မြောက်ရေးအတွက် အမျိုးသား တော်လှန်ရေးကြီးကို စတင်လိုက်ခြင်းဖြစ်တာကြောင့် ဖြစ်ပါတယ်။
ဗြိတိသျှလက်တွင်းသို့ မြန်မာနိုင်ငံသက်ဆင်းရပြီးနောက် မြန်မာလူထုဟာ လက်နက်ကိုင်၍ တသွယ်၊ စည်းဝေးပွဲများ အကြိမ်ကြိမ်ပြုလုပ်၍တမျိုးစတဲ့ နည်းမျိုးစုံတို့ဖြင့် လွတ်လပ်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
သို့သော်လည်း တကယ် ထိထိရောက်ရောက် အုံကြွဆန္ဒပြမှုကား ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လဆုတ် ၁ဝ ရက်နေ့တွင် ပေါ်ပေါက်ခဲ့တဲ့ ကောလိပ် သပိတ်ပင် ဖြစ်ပါတယ်။
အဲဒီအချိန်က ဗြိတိသျှအစိုးရဟာ သူတို့ရဲ့ နယ်ချဲ့ရာ၌ အကောင်းဆုံးသော လက်နက်တခုဖြစ်တဲ့ ပညာရေးစနစ်သစ် တက္ကသိုလ်အက်ဥပဒေကြမ်းကြီးကို ၁၉၂ဝ ပြည့်နှစ် ဇွန်လမှာ ကြေငြာခဲ့ပါတယ်။
အဲဒီဥပဒေကြမ်းမှာပါရှိတဲ့ အချက်တွေက (၁)။ မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာရှိရမည်။ တက္ကသိုလ် လက်အောက်တွင် ကော လိပ်ကျောင်း တစ်ကျောင်းသာ ရှိရမည်။
( ၂ ) ကောလိပ်ကျောင်း၌ ပညာသင်လိုသူများ ကျောင်းအိပ်ကျောင်းစားသာ ဖြစ်ရမည်။
(၃) တက္ကသိုလ်ဝင် စာမေးပွဲ မထားရှိ တော့ပဲ အစိုးရက ပြုလုပ်သော ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်း စာမေးပွဲကို အောင်ရမည်။ အင်္ဂလိပ်ဘာသာနှင့် အခြား ဘာသာတစ်ခုတွင် ထူးချွန်စွာ တတ်မြောက် အောင်မြင်မှ တက္ကသိုလ်ဝင်ခွင့်ရမည်။
(၄) ဂုဏ်ထူးနှင့် ဝိဇ္ဇာဘွဲ့တန်းတွင် တစ်ခါဖြေဆို၍ မအောင်မြင်ပါက နောက်နောင် ဖြေဆိုခွင့်မပြု။
(၅) ဟိုက်စကူးဖိုင်နယ်အောင်၍ တက္ကသိုလ်သို့ ဝင်ခွင့်ရသော်လည်း တက္ကသိုလ်ပညာရပ်များကို တစ်ခါ တည်း စ၍မသင်ရသေးပဲ တက္ကသိုလ်ပညာရပ်ကို ကောင်းမွန်စွာ လိုက်နိုင်ရန် ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေရမည်။
(၆) ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေသော်လည်း နှစ်ကုန်သည့်အခါ တက္ကသိုလ် ပညာများကို လိုက်နိုင်ရန် အရည်အခြင်း မရှိသေးဟုဆိုလျှင် တက္ကသိုလ်ပညာကို ဆက်လက်သင်ခွင့်ရဦးမည်မဟုတ်စတဲ့ အချက်များဖြစ်ပါတယ်။
အဲဒီ ကြေငြာချက်များကို ကောလိပ်ကျောင်းသားများသာမက သတင်းစာများနှင့်ဂျီစီဘီအေ နယ်ဒေသ အစည်းအဝေးများကပါ ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြပါတယ်။
ဘယ်လိုပင် ကန့်ကွက်ခဲ့ကြသော်လည်း မြန်မာပြည်ဘုရင်ခံ ဆာ ရယ်ဂျီနယ် ကရက်ဒေါက်က မြန်မာတွေဟာ ပညာရေးအကြောင်း နားမလည်ဟုဆိုပြီး တောင်းဆိုချက်များကို လျစ်လျူရှုကာ အဲ့ဒီနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစပြီး တက္ကသိုလ် အက်ဥပဒေကို အတည်ပြုကြောင်း ကြေငြာလိုက်ပါတယ်။
ထို့ကြောင့် ဒီဇင်ဘာလ ၂ ရက်နေ့မှာပဲ ကော လိပ်ကျောင်းသား ခေါင်းဆောင်များ တိုင်ပင် ဆွေးနွေးပြီး ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်တဲ့ အနေဖြင့် ကောလိပ်နှစ်ခုလုံး သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့မှာ ရန်ကုန်မြို့ ဗဟန်းရပ်၊ ရွှေကျင်တိုက် ဆရာတော် ဦးအရိယကျောင်းတိုက်မှာ ကျောင်းသား အစည်းအဝေးပွဲကြီး ပြုလုပ်ကြပါတယ်။
အဲဒီ အစည်းအဝေးမှ ဒီဇင်ဘာလ ၇ ရက်နေ့မှာ တက္ကသိုလ်ကို သပိတ်မှောက်ရန်နှင့် ပညာရေး ပြုပြင်မှု တောင်းဆိုပြီး တောင်းဆိုချက်များ မပေးသမျှကာလပတ်လုံး ကျောင်း ပြန်မတက်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့မှာ သပိတ်မှောက်ရန် မူလက စီစဉ်ထားသော်လည်း အခြေအနေ ပြောင်းလဲသွားတာကြောင့် ဒီဇင်ဘာလ ၅ ရက်၊တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့မှာပဲ ကျောင်းသားများ သပိတ်မှောက်ကြပါတယ်။
ကျောင်းသားခေါင်းဆောင် ကိုဘဦးကိုယ်တိုင် လက်မှတ်ထိုးပြီး ကျောင်းသား ကြေငြာချက်ကို ဘုရင်ခံထံ ပို့ခဲ့ပါတယ်။
ဘုရင်ခံထံမှ အကြောင်းပြန်ကြားခြင်းမပြုတာကြောင့် သပိတ်စခန်းမှာ အမျိုးသားကျောင်းများ တည်ထောင်ရန် ကျောင်းသားများသည် ဂျီစီဘီအေ ခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။
တက္ကသိုလ်သပိတ်ကို တတိုင်းပြည်လုံးက ဝိုင်းအုံထောက်ခံကြပြီး တက္ကသိုလ် အက်ဥပဒေဟာ တက္ကသိုလ်ရောက် ကျောင်းသားများထက် တက္ကသိုလ်သို့ရောက်ခါနီး ဟိုက်စကူးကျောင်းသား များအတွက် ပို၍ ထိခိုက်တာကြောင့် ဟိုက်စကူးကျောင်း (အထက်တန်းကျောင်း) များကပါ သပိတ်မှောက်ကြပါတယ်။
အဲဒီနောက် အစိုးရက ကျောင်းသားများရဲ့ တောင်းဆိုချက်ကို လိုက်လျောသည်ဖြစ်စေ၊ မလိုက်လျောသည် ဖြစ်စေ ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ကောလိပ်ကျောင်းများကို မည်သည့်နည်းနှင့်မျှ ပြန်မတက်တော့ဘဲ တက္ကသိုလ်ကို ရာသက်ပန် သပိတ်မှောက်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲလို ဆုံးဖြတ်ခဲ့ပြီး ၁၉၂၁ ခုနှစ်၊ ဩဂုတ်လမှာ ရန်ကုန်မြို့ ဗဟန်းရပ်၊ ရွှေကျင်ကျောင်းတိုက်ကြီးမှာ အမျိုးသားကောလိပ်ကို ဖွင့်လှစ် လိုက်ကြပါတယ်။
နောက်ပြီး အမျိုးသား ပညာရေးကောင်စီလည်း ပေါ်ပေါက်လာကာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အမျိုးသား ကျောင်းများ အများအပြား ပေါ်ထွက် လာခဲ့ပါတယ်။
၁၉၂ဝ ပြည့်နှစ်၊ သပိတ်ကြောင့် အဲဒီလို ပညာရေးအမြတ်များ ထွက်ပေါ် လာခဲ့ရုံမက ပြည်သူလူထုတွင်လည်း နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက် လာခဲ့ကြပါတယ်။ ဒါကပဲ မြန်မာတို့ရဲ့ စိတ်ဓါတ်အောင်ပွဲကြီး ဖြစ်ခဲ့ပါတယ်။
ထို့ကြောင့် ၁၉၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မန္တလေးမြို့မှာ ကျင်းပတဲ့ ဂျီစီဘီအေ ပြည်လုံးကျွတ်ညီလာခံကြီးက အမျိုးသားနေ့ သတ်မှတ်ကျင်းပရန် စဉ်းစားကြတဲ့အခါ ၁၉၂ဝ ပြည့်နှစ် ကျောင်း သားသပိတ် စတင်သော တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို လက်ခံနိုင်ကြခြင်း ဖြစ်ပါတယ်။
ထိုညီလာခံမှာ အချို့က သီပေါဘုရင် ပါတော်မူသော တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ကို အကြံပေးကြပါတယ်။ အချို့က ဦးဥတ္တမ အဖမ်းခံရသောနေ့ကို အကြံပေးကြပါတယ်။
၁၉၂ဝ ပြည့်နှစ် သပိတ် ၁၁ ဦးကော်မီတီတွင် ပါဝင်ခဲ့တဲ့ ဦးမြင့်က ဂျီစီဘီအေ ကွန်ဖရင့်သို့ ကျောင်းသား ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါတယ်။
ဦးမြင့်က နန်းကျသောနေ့နှင့် အဖမ်းခံရသော နေ့များဟာ မင်္ဂလာမရှိ၊ နယ်ချဲ့ ဗြိတိသျှကို ပထမဆုံး ထိထိ ရောက်ရောက် တော်လှန်သောနေ့ဖြစ်တဲ့ ကျောင်းသားများ သပိတ်မှောက်ခဲ့တဲ့ တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို အမျိုးသားနေ့ သတ်မှတ်သင့်ကြောင်း အကြံပေးပါတယ်။
ထိုမန္တလေး ကွန်ဖရင့်ကြီးမှ အမျိုးသားနေ့ကို တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ်ချက်ချခဲ့ရာကနေ ယနေ့တိုင်အောင် အမျိုးသားနေ့ဟူ၍ မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပဆဲဖြစ်ကြောင်း ဂုဏ်ပြုတင်ပြလိုက်ပါတယ်။
Source – Myanma Encyclopedia
Photo – Credit
Knight News © 2022