ဗမာ့အဘိဓာန်မှ ဘဲတူဖျံတူလို့ အနက်ဖွင့်ထားတဲ့ ထူးခြားတိရစ္ဆာန် Platypus အကြောင်း

ဗမာ့အဘိဓာန်မှ ဘဲတူဖျံတူလို့ အနက်ဖွင့်ထားတဲ့ ထူးခြားတိရစ္ဆာန် Platypus အကြောင်း

Platypus လို့ ခေါ်တဲ့ ဒီနို့တိုက်သတ္တဝါဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာအများစွာကို ပိုင်ဆိုင်ထားပါတယ်။

သူတို့က အဆိပ်ရှိတယ်၊ ဥက အကောင်ပေါက်တယ်၊ ဗမာလို တိုက်ရိုက်ဘာသာပြန်လို့မရဘူး၊ အများစုက သူတို့ရဲ့ဖြစ်တည်မှုကိုတောင် မသိပါဘူး။

ဒီကောင်တွေဟာ ဘယ်တိရစ္ဆာန်နဲ့မှလည်း မတည့်ကြပါဘူး။ ပြောရရင်တော့ ဒီကောင်တွေကို ကမ္ဘာတစ်ဝှမ်းက လူအများက ကျယ်ကျယ်ပြန့်ပြန့် မသိရှိချိန်ကဆို လုပ်ယူဖန်တီးထားတဲ့ တိရစ္ဆာန်တွေလို့တောင် သတ်မှတ်ထားခဲ့ကြပါသတဲ့။

သိပ္ပံပညာရှင်တွေကိုတောင် အရှက်ရစေခဲ့တဲ့ Platypus တို့ဟာ သြစတေးလျဇာတိ ဖြစ်တာမလို့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေက မရင်းနှီးကြတာလည်း သိပ်တော့ မထူးဆန်းပါဘူး။

ဒါပေမဲ့ ဒီကောင်လေးတွေဟာ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားချက်တွေ အမြောက်အများ ပိုင်ဆိုင်ထားကြတယ်။

ဒါကြောင့် စာဖတ်သူတွေလည်း ဗဟုသုတရစဖို့ရာ လျှို့ဝှက်ဆန်းကြယ်တဲ့ နို့တိုက်သတ္တဝါအကြောင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

ဒီရေနေ၊ ကုန်းနေ သတ္တဝါလေးတွေဟာ သိပ္ပံပညာရှင်တွေကို အကြီးအကျယ် အရှက်ရစေခဲ့ပါတယ်။

သူတို့ရဲ့ မူလအစကို ရှာဖွေတွေ့ရှိနိုင်ဖို့ ဆိုတာထက် ဒီကောင်လေးတွေ တည်ရှိတယ်ဆိုတာတောင်မှ ၁၉၇၉ ခုနှစ်မှာ သဘာဝ သိပ္ပံပညာရှင်တစ်ဦးက စတင် သိရှိခဲ့ရပါတယ်။

သူ့နာမည်ကတော့ George Shaw ပါ။ George က ဒီကောင်ရဲ့အကြောင်းကို ပထမဆုံး ဖော်ပြရှင်းလင်းခဲ့ချိန်မှာတော့ အများက သူ့ကို လုပ်ကြံဖန်တီးထားတယ်ဆိုပြီး လှောင်ပြောင်ခဲ့ကြပါတယ်။

တကယ်တမ်း ကြည့်မယ်ဆိုရင်လည်း ကြောင်ပေါက်လိုလို၊ ဘဲပေါက်လိုလို၊ ရှဥ့်ပေါက်လိုလို ပုံသဏ္ဍာန်၊ ဖျံလိုမျိုး အမွှေးတွေနဲ့ ခန္ဓာကိုယ်နဲ့ ဘဲလိုမျိုး နှုတ်သီး၊ တွားတွား အမြီးနဲ့ ဒီကောင်မျိုးကို တိရစ္ဆာန်အစစ်လို့ ယုံကြည်ဖို့ ခက်ခဲခဲ့ကြတာက သဘာဝကျနိုင်ပါတယ်။

ဒါပေမဲ့ George ကတော့ ဒီတိရစ္ဆာန်ဟာ စင်စစ်ဖြစ်ကြောင်း Platypus anatinus သို့မဟုတ် “flatfoot duck” လို့ အမည်ခေါ်တွင်စေခဲ့ပါတော့တယ်။ Platypus တို့ရဲ့ သိပ္ပံနာမည်ဟာ လက်ရှိမှာတော့ Ornithorhynchus anatinus ဖြစ်ပါတယ်။

Platypus တို့ဟာ မျိုးနွယ်စုနဲ့ မိသားစုတစ်ခုတည်းရှိတဲ့ သက်ရှိကိုယ်စားပြုတွေလည်း ဖြစ်ကြပါတယ်။

နောက်တစ်ချက်ကတော့ Platypus တို့ဟာ အဆိပ်ရှိတဲ့ နို့တိုက်သတ္တဝါတွေပါ။ နို့တိုက်သတ္တဝါထဲမှာ အဆိပ်ရှိတယ်ဆိုတာ အလွန်ရှားပါတယ်။

အဆိပ်ပိုင်းမှာကိုပဲ ထူးခြားချက်တွေ အများကြီးပါ။ အထီးတွေကပဲ အဆိပ်ထုတ်လုပ်ပေးပါတယ်။ အဆိပ်ထုတ်ရာမှာလည်း အာရုံခံဂလင်းတွေက မဟုတ်လဲ ခြေကျင်းဝတ်ကနေ ထုတ်ပါတယ်။

အမတွေကတော့အဆိပ်မရှိကြပါဘူး။ ဒါပေမဲ့ အထီးရဲ့ အဆိပ်ကို ခုခံကာကွယ်တဲ့ ပရိုတင်းတွေနဲ့ ဖွဲ့စည်းထားပြီး ဒါကိုက ထူးခြားနေပြန်ပါတယ်။

အဆိပ်ဟာ လူကို ပြင်းထန်စွာ ထိခိုက်စေနိုင်သလို သေးငယ်တဲ့ တိရစ္ဆာန်များကို သေစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။

မိတ်လိုက်ချိန်အတွင်းမှာ အဆိပ်ပမာဏဟာ ထုတ်လုပ်မှုတိုးလာပြီး ဒါက ပြိုင်ဖက်အထီးများကို မသန်စွမ်းစေဖို့ ရည်ရွယ်တယ်လို့ သိပ္ပံပညာရှင်များက ယူဆကြပါတယ်။

Platypus ဟာ အဆိပ်ရှိတဲ့ နို့တိုက်သတ္တဝါ ဖြစ်တဲ့အပြင် ဥဥတဲ့ နို့တိုက်သတ္တဝါလည်း ဖြစ်နေပြန်ပါတယ်။ သူတို့ရဲ့ ဘဝစက်ဝန်းအကြောင်းကိုတော့ များများစားစား မသိနိုင်သေးပါဘူး။

ဒါပေမဲ့ မိတ်လိုက်ပြီးနောက်မှာတော့ အမျိုးအနွယ်ကို မွေးမြူရာတွင် အထီးတွေက ပါဝင်ပတ်သက်ခြင်း အရှင်းမရှိပါဘူး။

အမတွေက သားဥများကို နှစ်ပတ်မှ လေးပတ်ကြာအောင် ပေါက်ပြီး နောက်တစ်ပတ်မှာ သားဥများမှ အကောင်ပေါက်ဖွားပါတယ်။

အကောင် မပေါက်မချင်း မိခင်ဖြစ်သူက ဘေးပတ်ပတ်လည် တစ်ပတ်ပတ်ပြီး ကြည့်ရှုစစ်ဆေးနေလေ့ရှိပါတယ်။ အကောင်ပေါက်ပြီးတာနဲ့ လအနည်းငယ်ကြာထိ မိခင်နို့ကို စို့ရင်း ရှင်သန်ကြီးထွားကြပါတယ်။

သူတို့ဟာ မျိုးသုဉ်းဖို့အတွက်လည်း အန္တရာယ်ရှိနေပါတယ်။ နိုင်ငံတကာ သဘာဝ ထိန်းသိမ်းရေး သမဂ္ဂ (IUCN) ရဲ့ ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များ စာရင်းမှာ အနီရောင်အဆင့် သတ်မှတ်ထားကြပါတယ်။

လွန်ကဲပြီး ကြာရှည်လှတဲ့ သြစတေးလျရဲ့ မိုးခေါင်မှု အခြေအနေတို့ဟာ platypus တို့ရဲ့ နေထိုင်ရာနေရာက ရေလမ်းများကို ခန်းခြောက်သွားစေခဲ့ပါတယ်။

တောမီး၊ မြေယာရှင်းလင်းခြင်းနဲ့ ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် ဒီတိရစ္ဆာန်တွေဟာ နေထိုင်ရာ ဆုံးရှုံးခြင်းကို ကြုံတွေ့နေရပါတယ်။

Platypus နို့ဟာ ပိုးမွှားတွေကို နှိမ်နင်းနိုင်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ သိပ္ပံပညာရှင်တွေက platypuses ရဲ့ နို့မှာ ပဋိဇီဝ ဆေးယဉ်ပါးမှုကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားများနဲ့ ထူးခြားတဲ့ ပရိုတင်းဓာတ်တွေ ပါ၀င်နေကြောင်း တွေ့ရှိခဲ့ကြပါတယ်။

နောက် ထူးခြားချက်တစ်ခုကတော့ Platypu မှာ လိင်ခရိုမိုဆုမ်း ၁၀ ခုအထိ ပါရှိနေတာပါပဲ။ လူအပါအဝင် နို့တိုက်သတ္တဝါတွေမှာ ပုံမှန်အားဖြင့် လိင်ကိုသတ်မှတ်ပေးတဲ့ ခရိုမိုဆုန်း တစ်စုံသာရှိသော်လည်း platypus တွေမှာတော့ အံ့အားသင့်လောက်အောင် အစုံ ၅ စုံ ပါရှိကြပါတယ်။

သူတို့ရဲ့ Y ခရိုမိုဆုမ်းအချို့ဟာ ငှက်တွေမှာ တွေ့ရတဲ့ လိင်ခရိုမိုဆုန်းတွေနဲ့ မျိုးဗီဇတွေကို မျှဝေနေကြပြန်ပါတယ်။

ဒါကြောင့် နို့တိုက်သတ္တဝါ လိင်ခရိုမိုဆုမ်းများနဲ့ ငှက် လိင်ခရိုမိုဆုမ်းများကို တစ်ချိန်တည်းမှာ ဆင့်ကဲပြောင်းလဲခဲ့တဲ့ အဓိကသော့ချက် platypus တွေ ဖြစ်နေနိုင်ပါတယ်။

နောက်ထပ် ပါးစပ်အဟောင်းသားဖြစ်စေနိုင်တဲ့ အချက်က အစာအိမ်မရှိတဲ့ နို့တိုက်သတ္တဝါတွေပါ။

ကျောရိုးမဲ့ သတ္တဝါများဖြစ်တဲ့ သန်ကောင်များ၊ အင်းဆက် သားလောင်းများ၊ ပုစွန်များကို အဓိက စားသုံးကြပေမဲ့ သူတို့မှာ ချေဖျက်ဖို့ အစာအိမ် မပါရှိကြပါဘူး။

အစားအစာတွေဟာ သူတို့ရဲ့ အူလမ်းကြောင်းမှ အူများဆီသို့ တိုက်ရိုက်သွားကြပါတယ်။ အစာချေဖျက်နိုင်တဲ့ အင်ဇိုင်းများ သို့မဟုတ် အက်ဆစ်အိတ်များလည်း မရှိပါဘူး။ သူတို့ရဲ့ မြင့်မားလှတဲ့ ကယ်လ်စီယမ် ကာဗွန်နိတ်ဓာတ်က အစာချေဖျက်ပေးကြပါသတဲ့။

နောက်တစ်ချက်က အစာကိုဝါးဖို့ သွားတွေလည်း မပါရှိကြပါဘူး။ မူလကတည်းက သွားမရှိတာမျိုးမဟုတ်ဘဲ Platypus တစ်ကောင်က မာကျောတဲ့ အရာကို စတင်စားသုံးမိတာနဲ့ သွားတွေ ဆုံးရှုံးသွားတာမျိုးပါ။

သူတို့တွေဟာ အစာကို ဝါးဖို့အတွက် ခွာများနဲ့ ခြေသည်းများကို အသုံးပြုကြပါတယ်။ အစာရှာဖို့ ရေငုပ်သွားတဲ့အခါမျိုးမှာတော့ ပင်လယ်ကြမ်းပြင်ကနေ ကျောက်စရစ်တွေကို သားကောင်နဲ့အတူ ပါးစပ်ထဲကို သယ်ဆောင်လာပါတယ်။

အဲဒီနောက် အကုန်လုံးကို ပါးစပ်ထဲမှာ ပေါင်းပြီးဝါးလိုက်ခြင်းနဲ့ ကျောက်စရစ်ခဲတွေက သူတို့ရဲ့အစာကို ကြိတ်ခွဲသလို ဖြစ်သွားရပါတယ်။

အဲဒီနောက်မှာတော့ ၇ လက်မခန့် ရှည်လျားတဲ့ လျှာကို အသုံးပြုပြီး ပျော့တဲ့အစာကို မြိုချတယ်။ ကျောက်စရစ်ခဲတွေကို ပြန်ထွေးထုတ်ပါတယ်။

ရေအောက်ထဲ အစာရှာချိန်မှာ ရေတွေကြောင့် အမွှေးတွေက မျက်လုံးတွေကို ဖုံးအုပ်သွားပါတော့တယ်။ အမြင်အာရုံမရှိလို့ အနံ့ခံကြတာဆိုတော့လည်း မဟုတ်ဘဲ ရေတွေဝင်နေချိန်မှာ သူတို့နှာခေါင်းကလည်း အလုပ်မလုပ်ကြပါဘူးတဲ့။

ရေငုပ်ရင်လည်း ပုံမှန်အားဖြင့် စက္ကန့် ၃၀ မှ ၆၀ ကြား ကြာတာကြောင့် အစာရှာတော့ ဘယ်လိုရှာလဲလို့ မေးလာရင်တော့ သူတို့ရဲ့ ဘဲနှုတ်သီးကြီးတွေကို အသုံးပြုပြီးတော့ပါ။

သူတို့ နှုတ်သီးမှာ လျှပ်စစ်စက်ကွင်းများနဲ့ ရွေ့လျားမှုတွေကို သိရှိနိုင်စေတဲ့ electroreceptors နဲ့ mechanoreceptors တို့ ပါရှိကြပါတယ်တဲ့။

ရေထဲမှာ သူတို့ရဲ့ မျက်လုံးတွေဟာလည်း သူတို့ရဲ့ နှုတ်သီးကြီးက ရှေ့မှာနေရာယူထားမှာမလို့ သူတို့အောက်က ဘယ်အရာကိုမှ တိုက်ရိုက် မမြင်ရဘဲ အခုလို နှုတ်သီးက အရာတွေကို အသုံးပြုပြီးတော့ အစာရှာကြပါသတဲ့။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *