ဝေဟင်ကို မတက်နိုင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်

ဝေဟင်ကို မတက်နိုင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်

လေယာဉ်ဒီဇိုင်းပိုင်းဆိုင်ရာ နာမည်ကျော်တွေထဲမှာ ရုရှားဟာ ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်ပါတယ်။

တူပိုလက်ဗ်ကထုတ်တဲ့ TU Series တွေရှိသလို၊ တိုက်ခိုက်ရေးဖက်မှာလည်း ဆူခွိုင်းက ကျော်ကြားပါတယ်။ ဒါပေမယ့် KR-860 ဆိုတဲ့ လေယာဉ်ကိုတော့ သိသူနည်းပါတယ်။

KR-860 အယူအဆပုံ

Sukhoi KR-860 အမည်နဲ့ လေယာဉ်ထုတ်လုပ်မှု စီမံကိန်းဟာ အံ့ဩစရာဖြစ်ပါတယ်။ ရည်မှန်းချက်ကလည်း ကြီးပါတယ်။တည်ဆောက်ခဲ့သမျှ လေယာဉ်တွေထဲမှာ သူက အကြီးဆုံး ဖြစ်ပါတယ်။

လေယာဉ်ကို ခရီးသည် ပို့ဆောင်ရေးအတွက် ရည်ရွယ်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သူက တိုက်ခိုက်ရေးလေယာဉ် မဟုတ်သလို ဗုံးကြဲလေယာဉ်လည်း မဟုတ်ပါဘူး။

သူ့ကို ပြင်သစ်လုပ် Airbus A-380 လေယာဉ်ကြီးတွေကို ယှဉ်ပြိုင်ဖို့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလေယာဉ်ကြီးဟာ မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားပါတယ်။

သူမကို Krylya Rossii ,လို့ ရှရှားလို အမည်ပေးထားပါတယ်။ အဓိပ္ပါယ်ကတော့ “ရုရှားရဲ့ အတောင်ပံ” ဖြစ်ပါတယ်။ ဒါပေမဲ့ စီမံကိန်းကတော့ မအောင်မြင်ခဲ့ပါဘူး။

MR-860 လေယာဉ်ကို ကိုယ်ထည်နှစ်ထပ်နဲ့ တည်ဆောက်ထားပါတယ်။ အဲ့ဒီအချိန်က ကိုယ်ထည်နှစ်ထပ်တွေ ခေတ်စားနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ အမေရိကန်က Boeing 747 တွေ၊ ပြင်သစ်က A-380 တွေပေါ့။

၁၉၉၀ ပြည့်နှစ်တွေရဲ့ နောက်ပိုင်းမှာ ဆူခွိုင်းရဲ့ ဒီဇိုင်းဗျူရိုဟာ ဒီနှစ်ထပ်လေယာဉ် ပြိုင်ဆိုင်မှုထဲကို ဝင်ရောက်လာပါတယ်။ သူမမှာ အောက်ထပ်က ထိုင်ခုံ ၁၂ တန်း ပါဝင်ပါတယ်။ အပေါ်ထပ်မှာ ၉ တန်း ပါပါတယ်။

ဒီဇိုင်းအရ လေယာဉ်ဟာ ခရီးသည် ၈၆၀ အထိ သယ်ဆောင်နိုင်ပါတယ်။ ကုန်ချိန်ဆိုရင်လည်း တန် ၂၅၀ အထိ သယ်နိုင်ပါတယ်။ စုစုပေါင်း ပျံတက်နိုင်နိုင်တဲ့ အလေးချိန်က တန် ၆၅၀ ပါ။

အတောင်ပံထိပ် တစ်ဖက်ကနေ နောက်တစ်ဖက်အထိ Wing Span က ၂၈၈ ပေအထိ ရှိပါတယ်။ ဒါ့ကြောင့် ဒီလေယာဉ် ရပ်နားဖို့ဆိုရင် သီသန့်လုပ်ပေးရမှာပါ။

ပြေးလမ်း (Tarmac) ကလည်း တစ်ခြားလေယာဉ်တွေထက် ပိုလိုအပ်ပါတယ်။ ဒါကြောင့် ဆူခွိုင်းဟာ လေယာဉ်အတောင်ပံကို ခေါက်နိုင်တဲ့ ဒီဇိုင်းအဖြစ် ပြုလုပ်ခဲ့ကြပါတယ်။ ဒါတောင်မှ တောင်ပံအရှည်က ၂၀၉ ပေအထိ ရှိနေပါသေးတယ်။

လေယာဉ်ဟာ တစ်နာရီကို မိုင် ၆၂၀ နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ ခရီးအကွာအဝေးမိုင် ၉,၃၂၀ အထိ တစ်ဆက်တည်း ပျံသန်းနိုင်ပါတယ်။

KR-860 အယူအဆပုံ

ဒါပေမယ့် ပြဿနာတစ်ခုတော့ ရှိနေပါတယ်။ ဒီအချက်အလက်တွေ အားလုံးက စာရွက်ပေါ်မှာပဲ ရှိနေတာ ဖြစ်ပါတယ်။

သူ့ရဲ့ ‌၁‌၂ ပုံ ၁ ပုံ စကေးနဲ့ ပြုလုပ်ထားတဲ့ ပုံစံကို ၁၉၉၉ ခုနှစ်မှာ ပြင်သစ်နိုင်ငံရဲ့ ဖန်ဖဲယား (Great Fanfare) လေကြောင်းပြပွဲမှာ ပြသခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကြီးမားတဲ့ Super Jambo အမျိုးအစားဟာ လေကြောင်းလောကအတွက် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ရယ်စရာလည်း ကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလောက်ကြီးပြီး လေးလံတဲ့ လေယာဉ်ကို ဝယ်ယူဖို့ဆိုတာ အတော်စဉ်းစားရမယ့် ကိစ္စပါ။

ဒီဇိုင်းက ကောင်းပေမဲ့ ရုရှားတွေဟာ ဒီလေယာဉ်ကို အမှန်တကယ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ရုရှားတွေဟာ ခေတ်မီနည်းပညာတွေ လိုအပ်နေသေးတယ်ဆိုတာ သဘောပေါက်ကြပါတယ်။

ပြည်တွင်းမှာလည်း ဒီလောက်ထုတ်လုပ်ဖို့ မလိုပါဘူး။ စီမံကိန်းဟာ ဒေါ်လာ ဘီလီယံချီပြီး ကုန်ကျမှာ ဖြစ်ပါတယ်။

တည်ဆောက်ပြီးခဲ့ရင်လည်း စစ်ဆေးခံဖို့ရယ်၊ အသိအမှတ်ပြု လက်မှတ်ရဖို့ရယ် ဆက်လုပ်ရဦးမှာ ဖြစ်ပါတယ်။ ဒီလို ကာလရှည် စီမံကိန်းမျိုးကိုလည်း ရုရှားအာဏာပိုင်တွေက စိတ်မဝင်စားပါဘူး။

ဆူခွိုင်းအနေနဲ့ကလည်း အစိုးရရဲ့ ထောက်ပံ့ငွေရရှိမှ လုပ်ငန်းလည်ပါတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါက Boeing တို့၊ Airbus တို့နဲ့ မတူညီတဲ့အချက်ပါ။ Boeing တို့၊ Airbus တို့ဟာ ဒီဇိုင်းမှာလည်း အကုန်အကျခံနိုင်ပေမယ့် ဆူခွိုင်းကတော့ ဒီလိုမဟုတ်ပါဘူး။

ဆူခွိုင်းဟာ ‌စကေးကိုက်ပုံစံအတွက်တောင် ဒေါ်လာ သန်းချီပြီး ကုန်ကျခဲ့ပါတယ်။ ပုံစံငယ်တစ်ခုအတွက် ဒေါ်လာ သန်း ၂၀၀ လောက် ကုန်ကျတယ်လို့ ဆိုကြပါတယ်။

နောက်အခက်အခဲတစ်ခုကလည်း ဆူခွိုင်းဟာ ပြည်ပက ရင်းနှီးမြုပ်နှံသူကို မျှော်လင့်လို့ မရပါဘူး။ ရုရှားအစိုးရက ပြည်တွင်းက နည်းပညာတွေကို ပြည်ပက သိရှိသွားမှာ မလိုလားတဲ့အတွက် ဖြစ်ပါတယ်။

ဒါတောင်ရုရှားဟာ ခေတ်မီအီလက်ထရောနစ်နည်းပညာမှာ ဥရောပကို လိုက်မမီသေးပါဘူး။ ဒါ့ကြောင့်လည်း လေယာဉ်တည်ဆောက်မှုအပိုင်းဟာ မျှော်မှန်းသလို ဖြစ်မလာနိုင်ပါဘူး။ လေယာဉ်အတွက် လိုအပ်တဲ့ အီလက်ထရောနစ်ပစ္စည်းတွေဟာ ပြည်ပက တင်သွင်းမှ ရမှာပါ။

ဒီနေ့လို အချိန်နဲ့ အခြေအနေအရဆိုရင် အခြေအနေက ပိုဆိုးသွားပါပြီ။ ဒါဘကြောင့်လည်း ဆူခွိုင်းဟာ သူရဲ့ မော်ဒယ်ပုံစံကိုတောင် KR-860 T ဆိုပြီး ပြောင်းလဲခဲ့ရပါတယ်။

T ဆိုတာကတော့ Tanker ကို ရည်ညွန်းပါတယ်။ သူက LNG လို့ခေါ်တဲ့ သဘာဝဓါတ်ငွေ့ကို သယ်ယူဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ လေယာဉ်ဟာ ဓါတ်ငွေ့ထုထည် အများအပြားကို သယ်ဆောင်နိုင်လိမ့်မယ်လို့ ဆူခွိုင်းက မျှော်လင့်နေပါတယ်။

လေယာဉ်ကိုလည်း လေယာဉ်ဆီ Jet A1 နဲ့ မမောင်းနှင်ဘဲ သဘာဝဓါတ်ငွေ့နဲ့ မောင်းနှင်မယ့် အင်ဂျင်ကိုသုံးဖို့ ရည်ရွယ်ထားပါတယ်။

နိဂုံးချုပ်ရရင်တော့ တောင်ပံခေါက်လို့ရပြီး LNG နဲ့ မောင်းနှင်နိုင်မယ့် လေယာဉ်ကြီးကို စိတ်ဝင်စားသူ တစ်ယောက်တောင်မှ မရှိပါဘူးတဲ့။

ရုရှားလေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ Boeing နဲ့ Airbus တို့ရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူးတဲ့။

ပူတင်လိုသမ္မတအနေနဲ့ကလည်း ဒီဇိုင်းကောင်းကောင်း တိုက်လေယာဉ်မျိုးသာ လိုချင်မှာမို့ ဒီ ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီးဟာ ပုံစံငယ်တွေ၊ စာရွက်တွေအနေနဲ့ပဲ တည်ရှိနေဦးမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *