သနားစရာ ကြက်ဆင်သတ္တဝါ (သို့မဟုတ်) ကျေးဇူးတော်နေ့ရဲ့ ညနေစာ
Turkey လို့ ခေါ်တဲ့ ကြက်ဆင်တွေကို သိကြမှာပါ။ ကျေးဇူးတော်နေ့ (Thanks giving day) နီးကပ်လာတာနဲ့အမျှ အဲဒီနေ့ရဲ့ ညစာစားပွဲမှာ မပါမဖြစ် ဟင်းလျာဖြစ်တဲ့ ကြက်ဆင်သားကို တွေးမိကြပါလိမ့်မယ်။
ဒါပေမဲ့ ဒီသနားစရာ သတ္တဝါအကြောင်း ကျနော်တို့ သိပ်မသိသေးတာတွေလဲ ရှိနေပါသေးတယ်။
ကြက်ဆင်မျိုးစိတ် (၆)ခုလောက် ရှိပါတယ်။ ဒါက စင်ထရယ် အမေရိကမှာ စစ်တမ်းကောက်ထားတာ ဖြစ်ပါတယ်။
Ocellated Turkey ဆိုတဲ့ မြရောင် အမွှေးအတောင်နဲ့ ကြေးနီရောင် အသားအရေပြီးတော့ အပြာရောင်မျက်နှာ ကြက်ဆင်တွေဟာ မက္ကဆီကို၊ ဂွါတီမာလာ နဲ့ ဘီလိုက်(Belize) တန်းတလျားမှာ ပေါက်ဖွားရှင်သန်ကြပါတယ်။
Ocellated Turkey
ပစ်ဘတ်တက္ကသိုလ်က Bob Mulvihil ဆိုသူ ပညာရှင်ကတော့ ဒီ ကြက်ဆင်တွေဟာ ခမ်းနားထည်ဝါတဲ့ နေထိုင်မှုစတိုင်ရှိတယ်လို့ ဆိုပါတယ်။
Ocella ဆိုတာက အမြီးမှာရှိတဲ့ မျက်စိပုံအကွင်းတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အထီးတွေဟာ အမတွေကို ဆွဲဆောင်ဖို့ အမြီးကိုဖြန့်ပြီး အသံပေးကြပါတယ်။ ဒါကလည်း အမတွေကို အထင်ကြီးစရာ ဖြစ်စေပါတယ်တဲ့။
အရှေ့ပိုင်း ကြက်ဆင်ရိုင်းတွေကတော့ အတွေ့ရအများဆုံး မျိုးစိတ်တစ်ခု ဖြစ်ပါတယ်။ သူတို့ကိုတော့ အမေရိက အနောက်အလယ်ပိုင်း အရှေ့ဖက်ကမ်းရိုးတန်းနဲ့ တောင်ဖက် ကွီးဘက်(Quebec) ဒေသ မျိုးရင်းတွေ ဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ Meleagris gallopavo လို့ ခေါ်ပါတယ်။ သူလည်း အရိုင်းမျိုးစိတ်ပါ။ သူ့ကို ညစာစားပွဲမှာ အများဆုံး အသုံးပြုကြပါတယ်။ မျိုးရင်းကတော့ မက္ကဆီကို ဖြစ်ပါတယ်။
တစ်ချိန်က မက္ကဆီကိုကို ကိုလိုနီပြုခဲ့ဖူးတဲ့ စပိန်တို့ဟာ ဒီကြက်ဆင်တွေကို ဉရောပကို တင်ပို့ခဲ့ကြပါတယ်။ သက္ကရာဇ် ၁၅၀၀ လောက် ကတည်းက ဖြစ်ပါတယ်တဲ့။
Meleagris gallopavo
သူ့ထက် အနည်းငယ်သေးပြီး ပိုနက်မှောင်တဲ့အရောင်နဲ့ ကြက်ဆင်တစ်မျိုးကတော့ Osceola ကြက်ဆင်ပါတဲ့။ သူတို့ကိုတော့ ဖလော်ရီဒါမှာပဲ တွေ့ရလေ့ ရှိပါတယ်။
Osceola ကြက်ဆင်ရဲ့ အတောင်ထိပ်ဖျားမှာ အဖြူရောင် အစက်ကလေးတွေပါလို့ Merriam’s wild Turkey လို့လည်း လူသိများကြပါတယ်။
Rio Grande Turkey ကတော့ ကြေးနီရောင်၊ အနီရောင်၊ အစိမ်းရောင်အမွှေးတွေနဲ့ လှပနေတတ်ပါတယ်။ သူတို့ဟာ စံပြုလောက်အောင် အုပ်စုဖွဲ့ နေတတ်ကြပါတယ်။ မျိုးပွားချိန်ဆိုရင် အထီးတွေဟာ အုပ်စုဖွဲ့ နေတတ်ကြပါတယ်။
ဒါ့ကြောင့် အမတွေဟာ အထီးတွေထံကို အလွယ်တကူ ရှာဖွေရောက်ရှိလာနိုင်ပြီး စိတ်ကြိုက် လက်တွဲဖော် ရွေးချယ်နိုင်ကြပါတယ်။
တစ်ခြား လျှို့ဝှက်ချက်တွေလည်း ရှိပါသေးတယ်။ Mc Gowan ဆိုသူရဲ့ လေ့လာတွေ့ရှိချက်တွေအရ သူတို့ဟာ မျက်နှာအရောင်ကို ပန်းရောင်ကနေ အပြာရောင်ကို ပြောင်းနိုင်ကြပါတယ်။
Rio Grande Turkey
သူတို့ရဲ့ အတောင်ထိပ်ကို မြေပြင်နဲ့ တဖျတ်ဖျတ်ရိုက်ခတ်ပြီး အသံစူးစူးနဲ့ အော်တတ်ကြပါတယ်။ အဲဒီအသံဟာ စူးရှလွန်းလို့ အလွယ်တကူ ကြားနိုင်ပါတယ်။
ဒီအသံဟာ လှိုင်းနိမ့်တုန်နှုန်းနဲ့ အကွာအဝေး တော်တော်များများကို ပြန့်လွှင့်သွားနိုင်ပါတယ်။ အထီးတွေရဲ့ ဒီအသံကို အမတွေက အဝေးက ကြားနိုင်ပါတယ်တဲ့။
သင်က ကြက်ဆင်တွေ မပျံနိုင်ဘူလို့ ထင်နေပါသလား။ တစ်စိတ်တစ်ပိုင်းတော့ မှန်ပါတယ်။ အိမ်မွေး ကြက်ဆင်တွေက မပျံနိုင်ကြပါဘူး။ သူတို့ရဲ့ အရွယ်အစားကို ကြည့်ပြီးတော့ သင်ထင်တာမှန်ပါလိမ့်မယ်။
ဒါပေမဲ့ ကြက်ဆင်ရိုင်းတွေကတော့ အံ့ဩစရာ ပေါက်ကွဲမှုအရှိန်နဲ့ ပျံသန်းနိုင်ကြပါတယ်။
မြေပြင်မှာ ခဏလောက် အရှိန်နဲ့ ပြေးလွှားပြီး ကောင်းကင်ကို ရုတ်တရက် ပျံသွားတတ်တဲ့ ပေါင် ၂၀ လေးတဲ့ငှက်ကို မြင်ရတာ အံ့ဩစရာကောင်းသလို၊ ကြည့်လို့လည်း လှပပါတယ်။ Mc Gowan ကဆိုရင် ဒါဟာ နဂါးတစ်ကောင် ပျံသန်းနေသလိုပါပဲဗျလို့ ဆိုပါတယ်။
ကြက်ဆင်နဲ့ တစ်ခြား ငှက်တွေဟာ မတူကြပါဘူး။ ဒါပေမဲ့ အမြီးပုံစံတူလို့ ကြက်ဆင်နဲ့ နာမည်တူပေးတာမျိုး ရှိပါတယ်။ ဖလော်ရီဒါက Anhinga ဆိုတဲ့ ငှက်တစ်မျိုးပါ။ သူ့ကို ရေကြက်ဆင် (Water Turkey) လို့ နာမည်ပေးထားပါတယ်။
ဩစတေးလျက Brush Turkey ဆိုတာလည်း ကြက်ဆင်မဟုတ်တဲ့ ငှက်တစ်မျိုးပါ။ သူက အနီရောင် ဦးခေါင်းနဲ့ အနက်ရောင် အမြီးရှိပါတယ်။
အမေရိကမှာ ကြက်ဆင်တွေကို အမဲလိုက်ကြတာကြောင့် အကောင်အရေအတွက် ကျဆင်းလာပါတယ်။ ဒါကြောင့် ကြက်ဆင်မျိုးစိတ်တွေကို ကာကွယ်ဖို့ အစီအစဉ် လုပ်နေကြပါပြီ။
ကြက်ဆင်တွေဟာ ဒေါသကြီးတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း သူတို့ကိုအမဲလိုက်ဖို့ လွယ်ကူတာပါ။ ကြက်ဆင်ရုပ်တစ်ခုကို ကွင်းပြင်မှာချထားပြီး အသံတုနဲ့ ဆွဲဆောင်တဲ့အခါ အထီးတွေက ဒေါသတကြီး လာရောက်တိုက်ခိုက်တတ်ကြပါတယ်။ အဲဒီအချိန်မှာ အလွယ်တကူ ပစ်ခတ်တာမျိုး၊ ဖမ်းဆီးတာမျိုး လုပ်ကြပါတယ်။
သင်ရော ဒီလို ခမ်းနားထည်ဝါတဲ့ ကြက်ဆင်သားကို ကျေးဇူးတော်နေ့ ညစာမှာ သုံးဆောင်ဖို့ အသင့်ဖြစ်ပြီလား။
Knight News Team
Knight News © 2022