ကိုယ့်ကိုကိုယ် ဝါးမျိုးနေတဲ့ ကျွန်း

ကိုယ့်ကိုကိုယ် ဝါးမျိုးနေတဲ့ ကျွန်း

ဟုတ်ပါတယ်။ ဒီကျွန်းပေါ်က သယံဇာတတွေကြောင့်ပဲ ကျွန်းဟာ ကိုယ့်ကိုကိုယ် ဖျက်ဆီးသလို ဖြစ်နေပါတယ်။ သူက ဘာတွေ ထွက်လို့လည်းဆိုတာ အခုတင်ပြပါ့မယ်။

ကျွန်းအမည်က နော်ရူး (Nauru) လို့ ခေါ်ပါတယ်။ မိုက်ခရိုနီးရှား (Micronesia) နိုင်ငံထဲက သေးငယ်တဲ့ကျွန်းလေးတစ်ခု ဖြစ်ပါတယ်။

ကမ္ဘာ့ မြေပုံပေါ်မှာ ကြည့်ရင်တော့ ဩစတေးလျတိုက်ရဲ့ အရှေ့မြောက်အရပ်မှာ ရှိပါတယ်။

ကျောက်ဆောင်တွေ၊ ဖြူလွှလွှ သဲသောင်ပြင်နဲ့ ပင်လယ်ကမ်းခြေဟာ အုန်းပင်တွေနဲ့ ပဏာရနေပါတယ်။ ကျွန်းပေါ်မှာ Buda Lagoon ရေအိုင်တစ်ခုကလည်း လှပစွာရှိနေပါတယ်။

ကျွန်းအကျယ်အဝန်းက ၂၃.၁ စတုရန်းကီလိုမီတာသာ ရှိပါတယ်။ ကျွန်းရဲ့ ရာဇဝင်ကို ပြောရရင် မိုက်ခရိုနီးရှန်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၀၀၀ လောက်ကတည်းက နေထိုင်ခဲ့ကြတာပါ။

ပိုလီနီးရှန်းတွေရဲ့ နှောင့်ယှက်မှုကနေ ရှောင်ရှားဖို့ ဒီကျွန်းကို ရောက်လာတာဖြစ်မယ်လို့ သမိုင်းပညာရှင်တွေက ယူဆကြပါတယ်။

အုန်းပင်နဲ့ Pandanus ခေါ် အပင်တစ်မျိုး ပေါက်ရောက်ပါတယ်။ အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းနဲ့ ကျွန်းသားတွေ ရှင်သန်ခဲ့ကြပါတယ်။ Buda Lagoon ရေကန်ကလည်း အစားအသောက်အတွက် အထောက်အပံ့တစ်ခု ဖြစ်စေပါတယ်။

ကျွန်းပေါ်မှာ လူမျိုးစု ၁၂ ခုရှိတာကို အစွဲပြုပြီး အလံမှာ ကြယ် ၁၂ ပွင့်နဲ့ ဖော်ကျူးထားပါတယ်။

ဒီကျွန်းကို ပထမဆုံး ရောက်ရှိလာတဲ့ လူမျိုးခြားက ဗြိတိသျှတွေပါ။ Hunter အမည်ရတဲ့ သင်္ဘောနဲ့ ၁၇၉၈ ခုနှစ်မှာ ရောက်ခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောဆိုက်တာနဲ့ ကျွန်းသားတွေဟာ ကနူးလှေတွေနဲ့ သင်္ဘောကို ဝိုင်းထားလိုက်ကြပါတယ်။ သင်္ဘောသားတွေ တစ်ယောက်မှ အောက်ကို မဆင်းရဲကြပါဘူး။

ကပ္ပတိန်ဖြစ်သူက အကောင်းမြင်ဝါဒ ရှိသူမို့ ကျွန်းသားတွေနဲ့ ပြေလည်သွားပါတယ်။ သူကပဲ ကျွန်းကို ကျွန်းသာယာ (Pleasant Island) လို့ နာမည်ပေးခဲ့ပါတယ်။ ဒီအမည်ဟာ ဂျာမဏီတွေ ကျွန်းကိုမသိမ်းပိုက်ခင်အထိ အနှစ် ၉၀ တည်တံ့ခဲ့ပါတယ်။

Buda Lagoon ရေအိုင်

၁၈၃၀ ခုနှစ်လောက်ကစပြီး နောရူးကျွန်းသားတွေဟာ ဥရောပနဲ့ အဆက်အသွယ် ရှိခဲ့ကြပါတယ်။ ဥရောပက ဝေလငါးဖမ်းသင်္ဘောတွေဟာ နောရူးကျွန်းကို ဆိုက်ကပ်တဲ့အခါ တစ်ခါတစ်လေ ကုန်သည်တွေ ပါလာတတ်ပါတယ်။

ကျွန်းပေါ်မှာ ပထမအခြေချနေထိုင်သူ ဥရောပသား (၂) ယောက်ကတော့ ပက်ထရစ်ဘရုနဲ့ ဂျွန်ဂျုံးဆိုသူတို့ ဖြစ်ပါတယ်။ သူတို့က နော့ဖော့ကျွန်း အကျဉ်းထောင်ကနေ ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။

ဂျွန်ဂျူံဟာ နောက်ပိုင်းမှာ ပထမဆုံးနဲ့ နောက်ဆုံး အာဏာရှင်အဖြစ် ကျွန်းကို အုပ်စိုးခဲ့ပါတယ်။ ဂျုံးဟာ ၁၈၄၁ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။

လက်နက်နဲ့ မူးယစ်ဆေးဝါးကြောင့် ကျွန်းပေါ်က လူမျိုးစု ၁၂ ခုဟာ မငြိမ်းချမ်းတော့ပါဘူး။ ကျွန်းပေါ်မှာ ၁၀ နှစ်ကြာ ပဋိပက္ခအတွင်း လူဦးရေ ၁၄၀၀ ကနေ ၉၀၀ အထိ ကျဆင်းသွားခဲ့ပါတယ်။ ၁၈၈၈ ခုနှစ်မှာ ဖြစ်ပါတယ်။

၁၈၈၆ ခုနှစ်မှာတော့ ဂျာမဏီက ဒီကျွန်းကို သူ့ရဲ့ အင်ပါယာ အစိတ်အပိုင်းအဖြစ် ကြေငြာခဲ့ပါတယ်။ ကျွန်းဟာ ပထမနဲ့ ဒုတိယ ကမ္ဘာစစ်မှာလည်း ဂျာမန်နဲ့ ဂျပန်တို့ တစ်လှည့်စီ စခန်းချတဲ့ဒဏ်ကို ခံခဲ့ရပါတယ်။

သမိုင်းကြောင်း ရှည်လျားတဲ့ ဒီကျွန်းရဲ့အကြောင်းက ဒါတစ်ခုတည်း မဟုတ်ပါဘူး။ သူ့မှာ အင်မတန်ထူးခြားတဲ့ သယံဇာတတစ်ခု ရှိနေတာ ဖြစ်ပါတယ်။

အဲဒါကတော့ ဖေါ့စဖိတ်(Phosphate) သတ္တုပဲ ဖြစ်ပါတယ်။ ဖေါ့စဖိတ်ဟာ နာရီဒိုင်ခွက်တွေမှာ ညဖက်မြင်အောင်သုတ်တဲ့ ဆေးတစ်မျိုးလုပ်လို့ရပါတယ်။ သူက အင်မတန် ဈေးကြီးခဲ့ပါတယ်။

ကျွန်းရဲ့ အလယ်ပိုင်းတစ်ခုလုံးဟာ ကျောက်ဆောင်တွေလို ဖေါ့စဖိတ် အစိုင်အခဲတွေနဲ့ ပြည့်နှက်နေပါတယ်။

၁၉၉၃ ခုနှစ်မှာ ဩစတေးလျဟာ တစ်နှစ်ကို ၂.၅ သန်း ဒေါ်လာတန်ဖိုးနဲ့ အနှစ် ၂၀ စာချုပ်ချုပ် တူးဖော်ခဲ့ပါတယ်။ နယူးဇီလန်နဲ့ ဗြိတိန်ကလည်း ဒေါ်လာ ၁၂ သန်းနဲ့ တူးဖော်ခွင့် ရယူခဲ့ကြပါတယ်။

ကျွန်းသားတွေဟာ ချမ်းသာ ကြွယ်ဝလာကြပါတယ်။ ဒါပေမဲ့ ကံကြမ္မာက အမြဲတမ်း မျက်နှာသာ မပေးထားပါဘူး။ ၁၉၉၀ ခုနှစ်မှာ နိုင်ငံတကာ စီးပွားရေးအကျပ်အတည်းနဲ့အတူ ဖေါ့စဖိတ် ဈေးနှုန်းကလည်း ပြုတ်ကျသွားပါတယ်။နော်ရူးလည်း စီးပွားပျက်ကပ်ထဲ ပါသွားခဲ့ပါတယ်။

ပိုဆိုးတာက နော်ရူးကျွန်းဟာ အရှေ့ဖျားကျွန်းနိုင်ငံ(၄)ခုနဲ့အတူ ငွေကြေးခဝါချမှုမှာ ပါတ်သက်နေတယ်ဆိုပြီး အမေရိကန်က ဒေါ်လာနဲ့ ကုန်သွယ်မှုကို ၁၉၉၉ ခုနှစ်မှာ ပိတ်ပင်လိုက်ပါတယ်။

ကျွန်းမှာ မူးယစ်ကုန်သည်တွေ၊ ရုရှား ရာဇဝတ်ဂိုဏ်သားတွေနဲ့ ရှုပ်ထွေးနေပါပြီ။ ကျွန်းအလယ်က ဖေါ့စဖိတ်ကျောက်တောင်တွေဟာလည်း ရုပ်ဆိုးစွာ ချိုင့်ခွက်တွေဖြစ်ပြီး မြင်မကောင်း ရှု့မကောင်း ဖြစ်နေပါပြီ။

၂၀၀၀ ခုနှစ်မှာ မိုက်ခရိုနီးရှား သမ္မတ ဘီမွတ်ဒွဲယိုဂို( Bemord Dowlyogo) က ကျွန်းရဲ့ စီးပွားရေး ဦးမော့လာအောင် ကြိုးစားပေးပါတယ်။

ဒါပေမဲ့ ၂၀၀၆ ခုနှစ်မှာတော့ ကျွန်းမှာရှိတဲ့ ဖေါ့စဖိတ်မှန်သမျှ ကုန်သွားပါပြီ။ အခုတော့ ကျွန်းဟာ ကမ္ဘာလှည့် ခရီးသည်တွေ လာချင်အောင် ကြိုးစားနေရပါတော့တယ်။

ရှားပါးအဖိုးတန် သယံဇာတ ထွက်ရှိပေမဲ့လည်း ကံမကောင်းအကြောင်းမလှတဲ့ နော်ရူးကျွန်းအကြောင်းကတော့ သင်ခန်းစာ ယူစရာပါပဲ။ဒါ့ကြောင့်လည်း ကိုယ့်ကိုကိုယ် ဝါးမျိုနေတဲ့ ကျွန်းလို့ အမည်တပ် ဖော်ပြလိုက်ရတာ ဖြစ်ပါတယ်။

(မှတ်ချက်။ ။ ဖေါ့စဖိတ်သည် လေယာဉ်ဒိုင်ခွက်များတွင်လည်း ညကြည့်ရန် အသုံးဝင်သောကြောင့် ဥရောပ လေယာဉ်ထုတ်လုပ်သူ ကုမ္ပဏီကြီးများက ဈေးကောင်းပေး ဝယ်ယူခဲ့ကြပါသည်။ ယခုအခါ TV ဖန်သားပြင်ကဲ့သို့ CRT (Cathode Ray Tube)များဖြင့် ဖော်ပြနိုင်ပြီဖြစ်ရာ ဖေါ့စဖိတ်မှာ ခေတ်မစားလှတော့ပေ။)

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *