ကမ္ဘာပေါ်မှာတည်ရှိတဲ့ တစ်ခုတည်းသော လျှို့ဝှက်ဆန်းကြယ် ဒဏ္ဍာရီလာ ဧဒင်ဥယျာဥ်

ကမ္ဘာပေါ်မှာတည်ရှိတဲ့ တစ်ခုတည်းသော လျှို့ဝှက်ဆန်းကြယ် ဒဏ္ဍာရီလာ ဧဒင်ဥယျာဥ်

ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေပေါ်မှာ သိပ္ပံပညာရှင်တွေတောင်မှ မရှင်းပြနိုင်တဲ့ ထူးဆန်းသော အရာများစွာနဲ့ ပြည့်နှက်လျက် ရှိပါတယ်။

ဒီလိုမျိုး မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတစ်ပုဒ်မှာ ဆိုကိုထရာ (Socotra) ကျွန်းလည်း ပါဝင်နေပါလိမ့်မယ်။

ဆိုကိုထရာ (Socotra) လို့ခေါ်တဲ့ ယီမင်သမ္မတနိုင်ငံက ကျွန်းတစ်ကျွန်းဟာ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ သင်မမြင်တွေ့ဖူးလောက်မယ့် နေရာဖြစ်တယ်လို့ အခိုင်အမာ ဆိုလို့ရနိုင်ပါတယ်။

ဒီကျွန်းရဲ့ ထူးခြားမှုတွေအကြောင်း ပြောရမယ်ဆိုရင်တော့ တစ်ကျွန်းလုံး အစအဆုံးဖြစ်တယ်လို့တောင် ဆိုရပါမယ်။

ဒီကျွန်းဟာ သူ့ရဲ့အသွင်အပြင်ကိုက တခြားကမ္ဘာကလား၊ ဂြိုဟ်သားတွေ နေထိုင်တဲ့အရပ်လားလို့ ထင်မှတ်ရလောက်အောင် ယခင်က သင်တစ်ခါမှ မမြင်ဘူးခဲ့တဲ့ ထူးဆန်းသော တိရစ္ဆာန်များနဲ့ အပင်များ ပြည့်နှက်နေတာပါ။

ကျွန်းစုရှိ ကျွန်းလေးကျွန်းမှာ အကြီးဆုံးဖြစ်သော ဆိုကိုထရာဟာ Guardafui Channel နဲ့ Arabian ပင်လယ်ကြားမှာ တည်ရှိပါတယ်။

နိုင်ငံရေးအရ အာရှနိုင်ငံဖြစ်တဲ့ ယီမင်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပေမဲ့ ပထဝီ အနေအထားအရဆိုရင်တော့ ဆိုကိုထရာဟာ အာဖရိကမှာ တည်ရှိပါတယ်။ ဒါပေမဲ့ ကျွန်းဟာ ယီမင်နိုင်ငံရဲ့ အပိုင်ဖြစ်ပါတယ်။

ကျွန်းရဲ့ ထူးခြားဆန်းကြယ်မှုတွေကြောင့် ဆိုကိုထရာက “နဂါးသွေးကျွန်း” ဆိုပြီးတော့တောင် နာမည်ပြောင် ရထားပါသေးတယ်။ ဒီနာမည်ပြောင် မြစ်ဖျားခံရာကတော့ ကျွန်းက သစ်ပင်တွေကြောင့်ပါပဲ။

ဒီထူးခြားဆန်းကြယ်တဲ့ သစ်ပင်တွေဟာ ကမ္ဘာပေါ်မှာ ဘယ်နေရာမှမှ ရှာမတွေ့နိုင်ပါဘူး။ ယီမင်နိုင်ငံ၊ အာဖရိကဦးချိုရဲ့ အရှေ့ဘက် ကီလိုမီတာ ၂၄၀ အကွာ အိန္ဒိယသမုဒ္ဒရာရှိ ဆိုကိုထရာကျွန်းမှာပဲ တည်ရှိတာပါ။

ဒီသစ်ပင်များကို ရှေးခေတ်က ဆိုးဆေးနဲ့ ဆေးဝါးအဖြစ် အသုံးတော်ခံခဲ့တဲ့ အနီရောင်အစေးကြောင့် နဂါးသွေးသစ်ပင်များလို့ ခေါ်ဆိုနေကြတာပါ။

သစ်ပင်ရဲ့ ပုံစံကိုကြည့်မယ်ဆိုရင်တော့ ပွင့်နေသော ထီးများလိုပဲ အသွင်အပြင်မျိုးရှိပြီး သူတို့ဟာ Diksam Platou ဆိုတဲ့ ကျွန်းပေါ်က ဧရိယာလေးကို ကမ္ဘာပေါ်မှာ အကြည့်အများဆုံး ဂြိုလ်ဒေသ တစ်ခုအဖြစ် ဖန်တီးပေးပါတယ်။

ဆိုကိုထရာဟာ ကမ္ဘာမြေပေါ်က အထီးကျန်ဆုံး မြေပုံစံများထဲမှ တစ်ခုဖြစ်ပါတယ်။ ကျွန်းဟာ အလွန်အထီးကျန်တဲ့ ပထဝီဝင် ဖြစ်တည်မှုတွေကြောင့် ကျွန်းပေါ်က အပင်မျိုးစိတ်ရဲ့ သုံးပုံတစ်ပုံဟာ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ မရှိနိုင်တာပါ။

နှာမောင်းပေါ်မှာ ပန်းကန်ပြားများ တည်ရှိနေသလိုမျိုး ထင်ရှားပြီး ထူးဆန်းတဲ့ အသွင်အပြင်မျိုးကြောင့် ဒီကျွန်းဟာ ဒဏ္ဍာရီလာ အသွင်ပုံစံမျိုး ဖြစ်တည်နေတဲ့အချက်ဟာလည်း အထင်ရှားဆုံးပါပဲ။

ကျွန်းရဲ့ ဒဏ္ဍာရီအရတော့ ညီအကိုနှစ်ယောက်ဖြစ်တဲ့ ဒါဆာ (Darsa) နဲ့ ဆမ်ဟ (Samha) တို့ဟာ ဒီကျွန်းပေါ်မှာ အသေသတ် တိုက်ခိုက်ခဲ့ကြပြီး နှစ်ယောက်လုံး သေဆုံးခဲ့ရာမှာ သူတို့ရဲ့သွေးမြေဖြစ်တဲ့ ဒီဒေသမှာ ပြင်ပကမ္ဘာသစ်ပင်တွေအဖြစ် ပြန်လည်ပေါက်ဖွားလာကြပါတယ်လို့ ဆိုပါတယ်။

အာရေးဘီးယံ ဘာသာစကားမှာတော့ ဒီနဂါးသွေးသစ်ပင်တွေကို ဘာသာပြန်ဆိုလိုက်ရင် “ညီအစ်ကိုနှစ်ဦးရဲ့သွေး” လို့ အဓိပ္ပာယ်ရပါတယ်။

အာရေဗျပင်လယ်ရှိ ဇီဝမျိုးစုံ မျိုးကွဲများရဲ့ ရတနာသိုက်အဖြစ် သတ်မှတ်ခံထားရပြန်တဲ့ ဆိုကိုထရာဟာ ဇီဝမျိုးကွဲများ ထိန်းသိမ်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အရေးပါမှု မြင့်မားနေပါတယ်။

ယီမင်နိုင်ငံရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆိုကိုထရာ “ဧဒင်ဥယျာဉ်” ဟာ သူ့ရဲ့ ဇီဝမျိုးစုံ မျိုးကွဲများကို ကြွယ်ဝစေပြီး ထူးခြားကွဲပြားသော သစ်ပင်ပန်းမန်များ၊ တိရစ္ဆာန်များကို ရှင်သန်ရာဖြစ်ပြီး သက်ရှိ မျိုးစိတ်ပေါင်း ၇၀၀ နီးပါးရဲ့ နေအိမ်လည်း ဖြစ်ပါတယ်။

ယူနက်စကို ကမ္ဘာ့အမွေအနှစ် စင်တာရဲ့ အဆိုအရ ဆိုကိုထရာရဲ့ အပင် မျိုးစိတ် ၈၂၅ ရဲ့ ၃၇ ရာခိုင်နှုန်း၊ တွားသွားသတ္တဝါ မျိုးစိတ် ၉၀ ရာခိုင်နှုန်းနဲ့ မြေခရုမျိုးစိတ် ၉၅ ရာခိုင်နှုန်းဟာ ဒီကျွန်းအတွက် ထူးခြားချက်ကို ဖန်တီးပေးထားပါတယ်။

ဆိုလိုတာကတော့ အထက်ဖော်ပြပါ ကိန်းဂဏန်းတွေဟာ ကမ္ဘာပေါ်မှာ မည်သည့်နေရာမှာမှ ပေါ်ပေါက်ခဲ့ခြင်း မရှိသေးပါဘူး။

ဒီအချက်တွေကြောင့်လည်း ဆိုကိုထရာကို ယူနက်စကို ကမ္ဘာ့အမွေအနစ် စာရင်းဝင်အဖြစ် ၂၀၀၈ ခုနှစ်မှာ သတ်မှတ််ခဲ့ပါတယ်။

ဒါကြောင့် ဆိုကိုထရာ ကျွန်းစုများဟာ ဆင့်ကဲထူးခြားမှု၊ ဇီဝမျိုးကွဲများနဲ့ လူမှုယဉ်ကျေးမှု အမွေအနှစ်များကြောင့် ကမ္ဘာလုံးဆိုင်ရာ အရေးပါမှုရှိပါတယ်။

ယီမင်သမ္မတနိုင်ငံဟာ ကုလသမဂ္ဂနဲ့ အစိုးရ မဟာမိတ်အဖွဲ့ရဲ့ ပံ့ပိုးမှုတွေဖြင့် ထိန်းသိမ်းရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များစွာကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါတယ်။

ရှည်လျားလှတဲ့ ဘူမိဗေဒ အထီးကျန်မှု၊ ပြင်းထန်လှတဲ့ အပူရှိန်နဲ့ မိုးခေါင်မှုဟာ ကျွန်းပေါ်က ထူးခြားပြီး ကြီးကျယ်ခမ်းနားသော သက်ရှိ မျိုးစိတ်ပေါင်းများစွာရဲ့ ဂေဟစနစ်ကို ပြီးပြည့်စုံအောင် ဖန်တီးပေးနေပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *