R.A.T (သို့) အရေးပေါ် လျှပ်စစ်ဓါတ်အားပေးစက်ကလေး

R.A.T (သို့) အရေးပေါ် လျှပ်စစ်ဓါတ်အားပေးစက်ကလေး

RAT ဆိုတာ Ram Air Turbine ကို အတိုကောက်ခေါ်တာ ဖြစ်ပါတယ်။ သူ့ကို ခေတ်မီ လေယာဉ်ကြီးတွေဖြစ်တဲ့ Airbus တို့၊ Embraer တို့မှာ တွေ့ရပါတယ်။ ဒီနေ့တော့ သူ့အကြောင်းလေး တင်ပြလိုက်ပါတယ်။

RAT ဆိုတာ Wind Turbine တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ သူက လျှပ်စစ်ဓါတ်အား ထုတ်ပေးတဲ့ ဂျင်နရေတာ၊ ဟိုက်ဒ‌ရောလစ်ဖိအား ထုတ်ပေးတဲ့ ဟိုက်‌ဒရောလစ်ပန့်တွေနဲ့ ချိတ်ဆက်ထားပါတယ်။

သူ့အကြောင်း မပြောခင် လေယာဉ်ရဲ့ လျှပ်စစ်ဓါတ်အားကို ဘယ်လိုသုံးစွဲ ရယူသလဲဆိုတာ အရင်ကြည့်ရအောင်။

လေယာဉ်တစ်စီးမှာ DC နဲ့ AC ဆိုပြီး (၂) မျိုးလုံး သုံးကြပါတယ်။ DC ကတော့ 28 V (၂၈ ဗို့) ဖြစ်ပြီး ဘက်ထရီအိုးတွေက ရရှိပါတယ်။

AC ကတော့ 115 V (၁၁၅ ဗို့) နဲ့ 400 Hz ရှိပါတယ်။ ဘက်ထရီအိုးက DC ကို အင်ဗာတာ( Inverter)ခံပြီး AC ထုတ်ယူလို့ ရသလို၊ အင်ဂျင်မှာတပ်ထားတဲ့ ဂျင်နရေတာများမှလည်း AC ကို ထုတ်ယူပါတယ်။

သက်ဆိုင်ရာ အစိတ်အပိုင်းတွေဆီကို Bus Bar တွေက တစ်ဆင့် Fuse (ဗျူ့စ်)ဒဏ်ခံကြိုးတွေ CB ခေါ် Circuit Breaker ‌တွေခံပြီး ဖြန့်ဝေပေးပါတယ်။

photo from Aviationhunt

လေယာဉ်ရဲ့ လေကာမှန်တို့၊ Leading Edge တို့မှာ ရေမခဲအောင် အပူပေးဖို့ လျှပ်စစ်ကိုတော့ Alternator တွေ ထုတ်ပေးပါတယ်။ သူကလည်း အင်ဂျင်နဲ့ ဂီယာဘောက်ခံပြီး တွဲထားတာမို့ AC ထုတ်ပေးပါတယ်။ သူကတော့ ဖရီကွမ်စီ (Frequency) မငြိမ်လည်း ရပါတယ်။ AC ဗို့ကတော့ ၂၀၈ ဗို့အထိ ထုတ်ပေးတာတွေ ရှိပါတယ်။

အထက်မှာ တင်ပြခဲ့တဲ့ ပါဝါ အရင်းအမြစ်တွေဟာ တကယ်လို့ လေထဲမှာ ဆုံးရှုံးခဲ့ရင် ( ဘက်ထရီတွေ မကောင်းတာ-Battery Fail ၊ အင်ဂျင်နှစ်လုံးစလုံး ရပ်သွားတာမျိုးကို ဆိုလိုတာပါ။) RAT က ဒီတာဝန်ကို ထမ်းဆောင်ပါတယ်။

RAT ကို လေယာဉ်ကိုယ်ထည်အောက်ပိုင်း အရှေ့ဖက်နားလောက်မှာ ကိုယ်ထည်ထဲမြှုပ်ပြီး တပ်ဆင်ထားပါတယ်။ အရေးပေါ် အခြေအနေကျမှ သူ့ကို ဖွင့်ထုတ်(Deploy) လိုက်တာပါ။

အဲဒီအခါကျရင် သူ့ရဲ့ ရှေ့ပိုင်း ပန်ကာဟာ လေတိုးအားကြောင့် လည်ပတ်လာပါတယ်။ သူနဲ့ တစ်ဆက်တည်း လျှပ်စစ်ဂျင်နရေတာက လျှပ်စစ်ထုတ်ပေးပါတယ်။ AC ပါဝါကို ထုတ်ပေးတာပါ။

သူ့ရဲ့ ပန်ကာလည်ပတ်နှုန်းကို ထိန်းညှိဖို့ ဂါဗနာ (Governor) တစ်ခု ပါပါတယ်။ လေတိုးအားနဲ့လည်တဲ့ ပန်ကာရဲ့အရှိန်ကို တသမက်တည်းဖြစ်အောင် Governor က လုပ်ပါတယ်။ ဒါက ပန်ကာတွေ ပျက်စီးမှုကိုလည်း ကာကွယ်ပေးပါတယ်။

ပန်ကာ အမြန်နှုန်းကို တသမတ်တည်း ရှိနေစေတဲ့အတွက် ထုတ်ပေးတဲ့ လျှပ်စစ်အားကလည်း တည်ငြိမ်နေပါလိမ့်မယ်။ ဟိုက်ဒရောလစ်ပန့် (Hydraulic Pump) ကလည်း ဟိုက်ဒရောလစ်ဖိအားကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

အခု ဥပမာအနေနဲ့ Airbus A-320 လေယာဉ်ကြီးမှာ တပ်ဆင်ထားတဲ့ RAT တစ်ခုကို ကြည့်ရအောင်။

Airbus A-320 လေယာဉ်ရဲ့ ဟိုက်ဒရောလစ်စနစ်မှာ အပြာ၊ အစိမ်းနဲ့ အဝါဆိုပြီး ပန့် (၃)ခုနဲ့ ဖိအားကို ထုတ်ပေးပါတယ်။ ဒီ ဖိအားတွေကိုသုံးပြီး လေယာဉ်ရဲ့ Flight Control တွေကို ရွေ့လျားစေပါတယ်။ ( Ailerons, Rudder, Stabilizer, Flaps, Slats စသဖြင့်ပေါ့)။

အစိမ်းနဲ့ အဝါ ဟိုက်ဒရောလစ်ပန့်တွေဟာ အင်ဂျင်နဲ့ ဂီယာဘောက်ခံပြီး ဆက်သွယ်ထားလို့ အင်ဂျင်လည်တာနဲ့ သူတို့ အလုပ်လုပ်ပါတယ်။

တတိယ အပြာကတော့ အရေးပေါ်အခြေအနေ (Emergency) အတွက် Back up ဖြစ်ပါတယ်။ သူက လျှပ်စစ်နဲ့အလုပ်လုပ်တဲ့ ပန့် ဖြစ်ပါတယ်။

A-320 ဟိုက်ဒရောလစ် စစ်စတမ်ပုံ

အင်ဂျင်မှာ ဟိုက်ဒရောလစ်ပန့် ရှိသလို၊ ဂျင်နရေတာတွေလည်းရှိတာ အစမှာ ပြောခဲ့ပြီးပါပြီ။ သူတို့က AC ပါဝါထုတ်ပြီး လေယာဉ်ရဲ့ လိုအပ်တဲ့ ကဏ္ဍတွေမှာ သုံးပါတယ်။ ဒါ့အပြင် APU(Auxiliary Power Unit)ကလည်းကျောထောက်နောက်ခံ ရှိပါတယ်။

‌လေယာဉ်ဟာ လေထဲမှာပဲဖြစ်စေ၊ မြေပြင်မှာ ဖြစ်စေ လျှပ်စစ်အတွက်က ဘက်ထရီအိုးတွေလည်းရှိပါတယ်။ သူတို့က DC ပါဝါ ထုတ်ပေးပါတယ်။ ဒါကို အင်ဗာတာနဲ့ AC ပါဝါဖြစ်အောင် ပြောင်းလို့ရပါတယ်။ ဒါပေမယ့် ဘက်ထရီတစ်ခုတည်း သုံးနေမယ်ဆိုရင်တော့ မိနစ် ၂၀ လောက်ပဲ ခံမှာပါ။ ဒီအခြေအနေကို စဉ်းစားကြည့်ရအောင်။

သင့်လေယာဉ်ဟာ လေထဲမှာပဲ ပျံသန်းနေစဉ် အင်ဂျင်ရဲ့ လျှပ်စစ် ဂျင်နရေတာ ၂ လုံးစလုံး ပျက်သွားမယ် ဆိုပါစို့။(ဒါကို Both Generator Fail လို့ ခေါ်ပါတယ်။) ဒါဆို လျှပ်စစ်အား ပျောက်ဆုံးသွားပါလိမ့်မယ်။

APU ကလည်း မကောင်းဘူးဆိုရင်တော့ သင့်လေယာဉ်ဟာ ဘက်ထရီအိုးကိုပဲ အားပြုရပါတော့မယ်။ ဒီအခြေအနေကို လေကြောင်းလောကမှာ ” Electrical Emergency Configurations” လို့ သုံးနှုန်းကြပါတယ်။

ဒီအခြေအနေအတွက် ကယ်တင်ပေးမယ့်သူကတော့ RAT ခေါ် Ram Air Turbine ပဲ ဖြစ်ပါတယ်။ RAT ဟာ ချက်ချင်းပဲ ဝမ်းဗိုက်အောက် အဖုံးကတစ်ဆင့် ပွင့်ကျလာပါလိမ့်မယ်။ သူ့ကို ကြည့်ရင် နယ်သာလန်က လေရဟတ်ကို သတိရစေပါတယ်။

နယ်သာလန်က လေရဟတ်များ

ပန်ကာရွက်တွေဟာ လေတိုးအားနဲ့ လည်ပါတ်ပါလိမ့်မယ်။ သူလည်ပါတ်တာနဲ့ ဟိုက်ဒရောလစ်ပန့်ပါ လည်ပါတ်ပြီး စောစောက ပြောခဲ့တဲ့ အပြာရောင် ဟိုက်ဒရောလစ်ပန့်စနစ်ကို အားဖြည့်ပေးပါတော့တယ်။အပြာရောင် ဟိုက်ဒရောလစ်စနစ်က လျှပ်စစ်အားနဲ့ လည်ပါတ်တဲ့ ပန့်တစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ ” Emergency Electrical Configurations” အခြေအနေမှာတော့ ဒီ ပန့်ဟာ လျှပ်စစ်ဓါတ်အားမရလို့ အလုပ်မလုပ်တော့ပါဘူး။ သူ့အစား RAT ရဲ့ ဟိုက်ဒရောလစ်စနစ်က အစားထိုး အားဖြည့်ပေးပါတယ်။

လိုအပ်တဲ့ ဟိုက်ဒရောလစ်ဖိအား (Hydraulic Pressure) ရဖို့ကို CSMG (Constant Slees Motor Generator)က ထိန်းညှိပေးထားပါတယ်။ ဒီယူနစ်က လျှပ်စစ်ဗို့အားကိုလည်း ထိန်းညှိပေးပါတယ်။

ဒါပေမဲ့ သူထုတ်လုပ်နိုင်တဲ့ ပမာဏက အင်ဂျင် (၂)လုံးက ထုတ်တဲ့ လျှပ်စစ်ပမာဏရဲ့ ၁၈ ပုံ ၁ ပုံသာ ရှိပါတယ်။ ဒါကြောင့်မို့ ဒီအချိန်မှာ အရေးမကြီးတဲ့ လျှပ်စစ်သုံးစွဲမှုတွေ (Passenger Entertainment တို့၊ Galley outlet တို့) ရရှိမှာ မဟုတ်ပါဘူး။

(မှတ်ချက်။။ Passenger Entertainment သည် ခရီးသည် ကြည့်ရှု့သည့် ဗွီဒီယို စနစ်ဖြစ်ပြီး Galley မှ ကော်ဖီဖျော်စက်များ၊ အစားအသောက် အပူပေးစက်များ စသည်တို့ကို မသုံးစွဲနိုင်အောင် ပိတ်ဆို့ထားပါသည်။)

လေယာဉ်ခေါင်းခန်းထဲမှာလည်း မလိုတဲ့ Indicator Systems တွေ ပိတ်သွားမှာ ဖြစ်ပြီး အရေးကြီးတဲ့ ဒိုင်ခွက်တွေပဲ လင်းနေမှာ ဖြစ်ပါတယ်။

တစ်ခုပြောဖို့ ကျန်ပါတယ်။ RAT က အလိုအလျောက် မပွင့်ပါဘူး။ ပိုင်းလော့က ခလုပ်နှိပ်မှ ပွင့်လာမှာ ဖြစ်ပါတယ်။ ခလုပ်ဟာ Electrical Panel လို့ခေါ်တဲ့ အပေါ်ဖက်မှာ အဖုံးနဲ့လုပ်ထားလို့ Guarded Switch လို့ ခေါ်ပါတယ်။ ခလုပ်မှာ Deploy လို့ ရေးထားပါတယ်။

RAT ပွင့်တဲ့အချိန်ဟာ ၃ စက္ကန့်ကနေ ၅ စက္ကန့်ကြားမှာ ရှိပါတယ်။ ပန်ကာရဲ့ထောင့် (Angle of Attack) ကို ထိန်းညှိပေးတဲ့ CSMG ကြောင့် လျှပ်စစ်နဲ့ ဟိုက်ဒရောလစ်ဖိအားကို တသက်မတ်တည်း တည်ငြိမ်စေပါတယ်။

ဒါပေမဲ့ RAT ကို လေယာဉ်အမြန်နှုန်း အနည်းဆုံး ၁၄၀ နော်တီကယ်မိုင်ထိရှိမှ ဖွင့်ရတာမျိုး ဖြစ်ပါတယ်။ ဒါမှလည်း RAT ကောင်းကောင်း အလုပ်လုပ်ပါတယ်။ ၁၄၀ အောက် ရောက်သွားရင် RAT ကောင်းကောင်း အလုပ်မလုပ်ပါဘူး။

လေယာဉ် ဆင်းသက်ပြီးတာနဲ့ RAT က အလုပ်မလုပ်တော့ဘဲ ဘက်ထရီက သူ့အစား ပြန်အလုပ်လုပ်သွားပါလိမ့်မယ်။

RAT ဟာ လေယာဉ်နဲ့ ခရီးသည်တွေကို ဘယ်လိုအကျိုးပြုတယ်ဆိုတာ ဟတ်ဆန်မြစ်ထဲ အရေးပေါ် ဆင်းလိုက်ရတဲ့ ကပ္ပတိန် ဆူလီတို့အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကားမှာ တွေ့နိုင်ပါတယ်။

ငှက်အုပ်နဲ့တိုက်မိတဲ့ အဲဒီ လေယာဉ်ဟာ အင်ဂျင် ၂ လုံးစလုံး ရပ်သွားခဲ့ပါတယ်။ ဆောင်းပါးအစမှာ ပြောခဲ့တဲ့ အခြေအနေအတိုင်း ဖြစ်သွားပါပြီ။

သူတို့မှာ အင်ဂျင်ကပေးတဲ့ လျှပ်စစ်ဓါတ်အားကရော၊ ဟိုက်ဒရောလစ် စနစ်ကရော မရတော့ပါဘူး။ ဒါပေမဲ့ Airbus(အဲယားဘတ်စ်)လေယာဉ်တွေဟာ Fly By Wire စနစ်ဆိုတာ ပါရှိပါတယ်။ လျှပ်စစ်အားနဲ့ ‌မောင်းတဲ့ အပြာရောင် ဟိုက်ဒရောလစ်စနစ်က လေယာဉ်ရဲ့ အတက်အလက်တွေ (Flight Controls) ကို လှုပ်ရှားစေပါတယ်။

ဒီစနစ်ကြောင့် ဟတ်ဆန်မြစ်ထဲကို ဆင်းသက်နိုင်ခဲ့ပါတယ်။ RAT က အပြာရောင် ဟိုက်ဒရေားစနစ်ကို ဆက်လက် လည်ပတ်စေခဲ့ပါတယ်။

အဲယားဘတ်စ် A-380 RAT တပ်ဆင်ထားတဲ့နေရာ

Airbus A-380 မှာတော့ RAT ကို Wing Shroud လို့ခေါ်တဲ့ အတောင်ပံအောက်မှာ တွေ့ရပါလိမ့်မယ်။

အခုတင်ပြခဲ့တဲ့ အကြောင်းအရာကိုနှစ်သက်ကြမယ်ထင်ပါတယ်။အမှားတွေ့ခဲ့ရင်လည်း မန့်မှာရေးခဲ့ကြပါလို့။ Knight News အနေနဲ့ ဗဟုသုတများရှာဖွေတင်ဆက်ပေးနေအုံးမှာပါလို့။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *