မိန်းကလေးငယ် ရုပ်အလောင်းတွေကို တူးဖော်စုဆောင်းပြီး အထီးကျန်မှုကိုဖြေဖျောက်ခဲ့သူ

မိန်းကလေးငယ် ရုပ်အလောင်းတွေကို တူးဖော်စုဆောင်းပြီး အထီးကျန်မှုကိုဖြေဖျောက်ခဲ့သူ

စိတ်မကျန်းမာတာမျိုး၊ စိတ်မူမမှန်တာမျိုးတွေရဲ့ အခြားသော အစွန်းတစ်ဖက်မှာ သာမန်လူတွေ လုံးဝမတွေးခေါ်နိုင်တဲ့ ဖြစ်စဥ်မျိုးတွေ ရှိနေတတ်ပါတယ်။ အခုပြောပြပေးမယ့် ဖြစ်စဥ်ကလည်း အဲဒီလိုမျိုးပါပဲ။

Anatoly Moskvin (အနာတိုလီ မော့ခ်ဗင်) ဆိုတဲ့ ရုရှားနိုင်ငံ၊ Nizhny Novgorod က ဒေသန္တရ သုသာန်ကျွမ်းကျင်သူဟာ သေဆုံးသွားတဲ့ ကလေးငယ်များကို တူးဖော်ပြီး သက်ရှိအရုပ်များအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့သူ တစ်ယောက်အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

တကယ်တော့ သူဟာဒီလိုမျိုး ရူးနှမ်းလှတဲ့ မူမမှန်လွန်းတဲ့ လုပ်ရပ်မျိုးကို လုပ်မယ့်သူလို့ ဘယ်သူကမှ ထင်မိခဲ့ကြမယ် မထင်ပါဘူး။ သူဟာ ဘာသာစကား ၁၃ မျိုး နိုင်ငံတကာ ခရီးထွက်ကာ ကောလိပ်အဆင့် သင်ကြားသူ ဖြစ်ခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံးမြို့ဖြစ်တဲ့ Nizhny Novgorod မှာ သင်္ချိုင်းကုန်းတွင်း ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့ပြီး သူ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကဆို သူ့ကို “အဖိုးမဖြတ်နိုင်တဲ့ လူ” လို့တောင် ဆိုထားခဲ့တာပါ။

ဒါဆိုရင် ဘယ်လိုအရာတွေက Moskvin (မော့ခ်ဗင်)ကို အခုလို လုပ်ရပ်တွေကို ဦးတည်သွားစေခဲ့တာလဲ။

ဒီဖြစ်စဥ်တွေရဲ့ အစပြုရာကတော့ ငယ်ဘဝရဲ့ စိတ်ဒဏ်ရာတွေလို့ ဆိုရပါမယ်။ သူ အသက် ၁၁ နှစ်အရွယ်မှာ အမျိုးသားတစ်စုက ကျောင်းမှအိမ်အပြန်လမ်းမှာ သူ့ကိုအဓမ္မ ခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီလူတွေက Moskvin ကို အသက် ၁၁ နှစ်အရွယ် ကလေးမလေးတစ်ယောက်ရဲ့ ဈာပနသို့ ခေါ်ဆောင်လာကြပြီး သူမရဲ့ရုပ်အလောင်းကို နမ်းဖို့ အတင်းအကြပ် ခိုင်းစေခဲ့ပါတယ်။ ဒါကို သူ မနှစ်မြို့ခဲ့ပါဘူး။

ဒီဖြစ်စဥ်ဟာ သူ့အတွက် အတော်လေး စိတ်မကျန်းမာစရာဖြစ်ခဲ့ပြီး နှစ် ၃၀ ကျော်ကြာအပြီးမှာတော့ သူဟာ စိတ်မမှန်တဲ့ ရူးနှမ်းလူသားတစ်ယောက်အသွင် ပြောင်းလဲသွားပါတော့တယ်။

Moskvin ဟာ အသက် ၃ နှစ်မှ ၂၅ နှစ်ကြား မိန်းကလေး ၂၉ ဦးရဲ့ အလောင်းတွေကို သူ့ရဲ့ တိုက်ခန်းမှာ တွေ့ရှိခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဖမ်းဆီးမှုမှာ သူ့ကိုပြစ်ဒဏ်ချပြီးတော့ သူဟာ ဘာအတွက်ကြောင့်နဲ့မှ ကလေးမလေးတွေရဲ့ မိဘတွေကို မတောင်းပန်နိုင်ကြောင်း ဆိုခဲ့ပါတယ်။

“ခင်ဗျားတို့တွေက သူတို့ကို စွန့်ပစ်ခဲ့တာပါ။ ကျွန်တော်က ပြန်ခေါ်လာပြီး နွေးနွေးထွေးထွေး ဆက်ဆံခဲ့သူပါ” ဆိုတဲ့ သူ့ရဲ့ပြောစကားတွေဟာလည်း သာမန်လူ့အဖွဲ့အစည်းက လက်ခံလို့မရတဲ့အရာတွေ ဖြစ်ပါတယ်။

Moskvin ဟာ သူဖမ်းဆီးမခံရခင် ၂၀၀၅ မှ ၂၀၀၇ ခုနှစ်အတွင်း Nizhny Novgorod ရှိ အုတ်ဂူ ၇၀၀ ကျော်ကို သွားရောက်လည်ပတ်ခဲ့ပြီး တစ်ခုချင်းစီကို အသေးစိတ်မှတ်တမ်းယူကာ ထိုနေရာမှာ မြှုပ်နှံထားသူတို့ရဲ့ သမိုင်းကြောင်းများကို စေ့စေ့စပ်စပ်လေ့လာခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါအမျိုးသားဟာ တိုက်ခန်းငယ်လေးတစ်ခုမှာ မိဘတွေနဲ့ အတူနေထိုင်ခဲ့ပါတယ်။

သူဟာ အထီးကျန်နေသူတစ်ယောက်ပါ။ အထီးကျန်နေတာကြောင့် မိန်းကလေးတွေရဲ့ သင်္ချိုင်းကို တူးဖော်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အကြီးမားဆုံး အိပ်မက်ကတော့ ကလေးမွေးဖို့ပါပဲ။ ရုရှား ကလေးမွေးစားရေး အေဂျင်စီများက Moskvin ကို ပိုက်ဆံအလုံအလောက် မရှာနိုင်တာကြောင့် ကလေးမွေးစားခွင့် မပြုခဲ့ပါဘူး။

စိတ်ကျခြင်း၊ စိတ်ဒဏ်ရာနဲ့ လူသေများကို စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုတို့က သူ့ကို အနိုင်ယူသွားခဲ့ပြီး သူဟာ ညဘက်တွေမှာ သင်္ချီုင်းတွေကို လိုက်လံတူးဖော်၊ မိန်းကလေးငယ်တွေရဲ့ ရုပ်အလောင်းကို အိမ်ကိုသယ်လာပြီး အရုပ်အဖြစ် သူ့ကိုယ်သူ အဖော်ပြုစေခဲ့တဲ့အထိ အစွန်းတစ်ဖက်ကို ရောက်ရှိသွားစေခဲ့ပါတယ်။

လူသေတွေကို အသက်ပြန်ရှင်စေမယ့် နည်းလမ်းရှာဖို့ သိပ္ပံပညာကို စောင့်မျှော်နေတာကြောင်း သူအခုလို လုပ်ခဲ့ရခြင်းကို Moskvin က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီကြားထဲမှာ သူက မိန်းကလေးတွေကို ထိန်းသိမ်းဖို့ ဆားနဲ့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုခဲ့ပါတယ်။

သူ့အရုပ်တွေရဲ့ မွေးနေ့ပွဲကို သူ့ကလေးတွေလိုပဲ ကျင်းပခဲ့ပါတယ်။ သူဟာ အလောင်းတွေကို အိမ်သို့ခေါ်လာအပြီးမှာ ရှေးဟောင်းအရုပ်များနဲ့ ဆင်တူအောင် အလှဆင်ခဲ့ပါတယ်။ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ပေးတယ်။

အချို့ဆို ဒူးမြင့်ဖိနပ်ကို ၀တ်ထားကြပြီး အချို့ကတော့ မျက်နှာပေါ်မှာ မိတ်ကပ်လိမ်းထားကြသည်။ သူတို့လက်တွေကိုတော့ အထည်ထဲမှာ ဝှက်ထားခဲ့တယ်။

တစ်နေတော့ အလောင်းပျောက်တယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ ရဲတပ်ဖွဲ့က သူ့ဆီကို ရောက်လာခဲ့ပါတော့တယ်။

ရဲတွေက သူ့ရဲ့တိုက်ခန်းကို ဝင်ရောက်စစ်ဆေးချိန်မှာ ပျောက်ဆုံးကြောင်း တိုင်ကြားထားတဲ့ မိန်းကလေး ရုပ်အလောင်း ၂၉ ခုလုံးကို တွေ့ရှိခဲ့ပါတယ်။ သူ့မိဘတွေရော၊ အိမ်နီးနားချင်းတွေရောပါ အံ့သြသွားကြတယ်။

ဒီရုပ်အလောင်းတွေကို ၁၀ နှစ်အကြာ သူ့မိဘတွေကိုယ်တိုင်တောင် မသိခဲ့ရတဲ့အထိ သူ့အိပ်ခန်းထဲမှာ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

သူတံခါးဖွင့်လိုက်တိုင်း သူ့အခန်းကနေ အနံ့အသက်ဆိုးတွေ ထွက်ပေါ်ခဲ့ပေမယ့် ဘယ်သူကမှ ဒီလိုပညာရှင်တစ်ယောက်ကို အခုလိုတွေလုပ်မယ်လို့ သံသယဝင်ခဲ့မှာ မဟုတ်ပါဘူး။

သူ့မိဘတွေဆိုရင် အရုပ်တွေကိုမြင်ခဲ့ရပေမယ့် အထဲမှာ လူသေအလောင်းတွေ ရှိတယ်လို့ သံသယမရှိခဲ့ပါဘူး။ ဒီလို အရုပ်ကြီးတွေကို လုပ်ရတာ သူ့ရဲ့ ဝါသနာလို့ မိဘတွေက ထင်မြင်ခဲ့ကြပြီး အဲဒါကို ပုံမှန်အရာပဲလို့ ယူဆခဲ့ကြတာပါ။

Moskvin ရဲ့တိုက်ခန်းက ဖိနပ်တွေဟာ သင်္ချိုင်းအနီးတွင် တွေ့ရှိခဲ့တဲ့ ခြေရာများနဲ့ ကိုက်ညီနေပြီး သူဟာ တရားခံဖြစ်ကြောင်း ရဲများက သံသယကင်းစွာ သိရှိခဲ့ကြရာမှာ လာရောက် ဖမ်းဆီးသွားခဲ့ကြပါတယ်။၂၀၁၁ ခုနှစ်မှာပါ။

အသက် ၃ နှစ်မှ ၂၅ နှစ်ကြား အလောင်းတွေကို ပြုပြထားတဲ့ အရုပ် ၂၉ ရုပ်ကို သူ့တိုက်ခန်းမှာ ရှာဖွေတွေ့ရှိခဲ့ပြီး Moskvin ကို ရာဇ၀တ်မှုပေါင်း ဒါဇင်နဲ့ချီပြီး စွဲချက်တင်ခဲ့လိုက်ကြပါတော့တယ်။

Moskvin ဟာ စီရင်ချက်ချအပြီးမှာ စိတ်ကစဥ့်ကလျား ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီး စိတ်ရောဂါကုခန်းမှာပဲ အချိန်ကုန်ဆုံးခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ နေအိမ်မှာ စိတ်ရောဂါကုသမှု ဆက်လက်ခံယူခွင့်ကို ခံယူခဲ့ရပါတယ်။

သူ့ရဲ့လုပ်ရပ်တွေကြောင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး သူ့ရဲ့ပြစ်မှုမျိုးဟာလည်း အားလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး ကမ္ဘာကြီးကို လှုပ်ခတ်သွားစေခဲ့ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *