အင်အားကြီးနှစ်နိုင်ငံကြားက ကျွန်းသားတွေရဲ့ဘဝ

အင်အားကြီးနှစ်နိုင်ငံကြားက ကျွန်းသားတွေရဲ့ဘဝ

အမေရိကန်နဲ့ ရုရှားနိုင်ငံ နှစ်ခုကြားက ကျွန်း‌ကလေးအကြောင်းပါ။

Diomede (ဒိုင်အိုမီဒီ) လို့ ခေါ်တဲ့ ကျွန်းငယ် နှစ်ခုဟာ အမေရိကနဲ့ ရုရှားနှစ်နိုင်ငံကြား မျဉ်းဖြောင့်တစ်ခုတည်းမှာ ရှိနေပါတယ်။

တစ်ကျွန်းက ကြီးပေမယ့် နောက်တစ်ကျွန်းကတော့ သေးသေးလေးပါ။ ရုရှားနဲ့ရော အမေရိကန်နဲ့ပါ ၂.၄ မိုင်လောက်သာ ကွာဝေးပါတယ်။

ကျွန်းအကြီးဟာ ရုရှားလက်အောက်ခံ ဖြစ်ပြီး ချူကိုကာ (Chukotka) ပြည်နယ်ရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပါတယ်။ တစ်ကျွန်းလုံးမှာ ရုရှားစစ်ဖက် လေ့‌ကျင့်ရေးနဲ့ သုတေသနစခန်းတွေ ရှိနေပါတယ်။

ကျွန်းအသေးမှာတော့ လူဦးရေ (၈၃) ယောက်သော တိုင်းရင်းသားတစ်စု နေထိုက်ကြပါတယ်။ သူကတော့ အလာစကာပြည်နယ်ရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ပြီး အမေရိကန်က ပိုင်ပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ စံတော်ချိန်မျဉ်းနဲ့ သီးခြားရှိနေပါတယ်။ ကျွန်းနဲ့ အမေရိကန်ဟာ အချိန် (၂၁) နာရီလောက် ကွာပါတယ်။

ကျွန်းသားတွေဟာ မြို့တော်အဖြစ် သတ်မှတ်ထားတဲ့ မြို့လေးမှာသာ အခြေချနေထိုင် ကြပါတယ်။ ဒီနေရာကလည်း တကယ့်ကို သီးခြားဖြစ်ပြီး အထီးကျန်ဆန်လှပါတယ်။ ၉၃ ရာခိုင်နှုန်းသော လူဦးရေဟာ အမေရိကတိုက်ရဲ့ ဒေသမျိုးရင်း လူမျိုးတွေ ဖြစ်ကြပါတယ်။

စစ်အေးကာလအတွင်းမှာတော့ သူတို့ဟာ ကျွန်းနှစ်ခုစလုံးမှာ နေထိုင်ခဲ့ကြပါတယ်။ တစ်ကျွန်းနဲ့ တစ်ကျွန်းကို လှေငယ်တွေနဲ့ ကူးလူးဆက်ဆံရင်း နေထိုင်ခဲ့ကြပါတယ်။

၁၉၄၈ ခုနှစ်မှာတော့ ရုရှားဟာ ရုတ်တရက်ပဲ ကျွန်းနှစ်ကျွန်းကို သွားလာခွင့် ပိတ်ပင်ခဲ့ပါတယ်။ ကျွန်းပေါ်က လူတွေအချင်းချင်း ရေခဲကန့်လန့်ကာ ကာသလို ဖြစ်သွားပါတယ်။

ကျွန်းအကြီးပေါ်က လူတွေဟာ အတင်းအကျပ် စေခိုင်းခံရပါတယ်။ သူတို့ကို ဆိုက်ဘေးရီးယားဒေသကို ပို့ဆောင်တာ ခံရပါတယ်။

‘Inupiaq’ (အင်နူပီယာ) လူမျိုးတွေဟာ သူတို့ရဲ့ ရိုးရာဓလေ့အတိုင်း လိုက်နာနေထိုင်ကြတဲ့ လူမျိုးတွေပါ။ သူတို့ရဲ့ အဓိက အစားအစကတော့ ဝေါရပ်စ် ပင်လယ်ဖျံတွေ၊ ဂဏာန်းတွေ ဖြစ်ပါတယ်။ အမဲလိုက်ခြင်းကလည်း ရိုးရာတစ်ခုပါ။

ဒီနေ့ခေတ်မှာတော့ ကျွန်းငယ်ပေါ်က Diomede တွေဟာ ဝိုင်ဖိုင်တို့၊ အင်တာနက်တို့၊ လျှပ်စစ်မီးတို့ ရရှိနေပါပြီ။ ဒါပေမဲ့ အများစုကတော့ ကျွန်းပေါ်မှာပဲ ရိုးရာဓလေ့အတိုင်း နေထိုင်ကြဆဲ ဖြစ်ပါတယ်။

တစ်ချို့ သက်ကြီးပိုင်းတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကား (Inupiaq) နဲ့ ပြောဆိုနေကြတုန်းပါပဲ။ ကျွန်းကို လာနိုင်တဲ့ နည်းလမ်းကတော့ စင်းလုံးငှားတဲ့ သင်္ဘောတို့၊ ရဟတ်ယာဉ်တို့ပဲ ရှိပါတယ်။

ရေခဲပြင်ပေါ်မှာ ဖောက်ထားတဲ့ လေယာဉ်ပြေးလမ်းနဲ့ လေယာဉ်ကွင်းတစ်ခုတော့ ရှိပါတယ်။ အရေးပေါ် သယ်ယူပို့ဆောင်ရေးအတွက် လုပ်ထားပေးတာပါ။

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲလာတာကြောင့် ရေခဲပြင်တွေလည်း ပြောင်းလဲလာပါတယ်။ ရေခဲတွေ အရည်ပျော်နှုန်းက မြန်လာပါတယ်။ ဒါကြောင့် သူတို့မြို့လေးဟာ တစ်နှစ်ကို ၂ လက်မနှုန်း‌လောက်နဲ့ ကမ်းခြေဖက်ကို ရွေ့လာနေပါတယ်။

ဟယ်လီကော်ပတာနဲ့ တစ်ပါတ်တစ်ခါ စာတွေ၊ ပါဆယ်တွေ ပို့လို့ရပါတယ်။ Ski Plane ခေါ် ရဟတ်ယာဉ်နဲ့ ခြောက်သွေ့ရာသီဆို အကူပစ္စည်းတွေ ပို့ပေးပါတယ်။ ဒါပေမဲ့ ကျွန်းသားတွေရဲ့ ဘဝကတော့ အနိမ့်ဆုံးအဆင့်မှာပဲ ရှိနေပါသေးတယ်။

အစားအသောက်နဲ့ အိမ်သုံးပစ္စည်းတွေဟာ သူတို့အတွက် ဈေးကြီးလှပါတယ်။ ဆပ်ပြာရည် တစ်ပုလင်းတောင်မှ ၄၄.၁၅ ဒေါ်လာလောက် ရှိပါတယ်။ ဆားတစ်အိတ်ကို ၃၂.၅၉ ဒေါ်လာဆိုတော့ စဉ်းစားကြည့်ဖို့ပါပဲ။

ကျွန်းပေါ်မှာ တိုလီမိုလီရောင်းတဲ့ စတိုးဆိုင်လေး တစ်ဆိုင်ပဲ ရှိပါတယ်။ အရက်၊ဘီယာက တားမြစ်ထားပေမယ့် တကယ်တော့ သောက်တဲ့လူတောင် မရှိပါဘူး။ သောက်တာတွေ့ရင် ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။

တကယ်တော့ ကျွန်းပေါ်က လူတွေရဲ့ ဘဝဟာ ကြမ်းတမ်းလှပါတယ်။ လူဦးရေကလည်း လျော့နည်းလာနေပါတယ်။ ၂၀၀၀ ခုနှစ်မှာ လူဦးရေ ၁၄၆ ယောက်ရှိခဲ့ရာ ၂၀၁၀ ခုနှစ်မှာ ၁၁၅ ယောက်သာ ကျန်ပါတော့တယ်။

ခုနောက်ဆုံး ၂၀၂၀ ခုနှစ်မှာ ၈၃ ယောက်သာ စာရင်းရှိပါတော့တယ်။ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းက အလုပ်လက်မဲ့တွေ ဖြစ်ပါတယ်။ အလုပ်ရှိသူတွေ ဆိုတာကလည်း အချိန်ပိုင်းအလုပ်တွေသာ ဖြစ်ပါတယ်။

သူတို့ရဲ့ အဓိက ငွေရလမ်းကတော့ အမဲလိုက်ခြင်းနဲ့ ငါးဖမ်းခြင်းတို့သာ ဖြစ်ပါတယ်။ တစ်ခြားအလုပ်ဆိုလို့ ဆင်စွယ်ပန်းပုထုတာနဲ့ စက်ချုပ်တာလောက်ပဲ ရှိပါတယ်။ အကြီးဆုံး အလုပ်အကိုင်ဌာနအနေနဲ့ အဆောက်အဦ ထိန်းသိမ်းရေး ဌာနတစ်ခုတော့ ရှိပါတယ်။

ကျောင်းတစ်ခုနဲ့ ဆေးခန်းတစ်ခုတော့ ရှိနေလို့ တော်ပါသေးတယ်။ ကျွန်းရဲ့ သဘာဝ အခြေအနေကလည်း ကျိုးတို့ကျဲတဲ အခြေအနေပါ။

ကျွန်းမျက်နှာပြင် တော်တော်များများက ကျောက်ဆောင်၊ကျောက်ခဲတွေ ပြည့်နေပါတယ်။ သစ်ပင်ကြီးကြီးမားမားရယ်လို့ မရှိသလောက်ပါဘဲ။ နွေဦးမှာပေါက်တဲ့ မြက်တွေလောက်ပဲ ရှိပါတယ်။

အာလူးတော့ စိုက်လို့ ရသေးလို့ တော်သေးတာပေါ့။ သစ်စေ့တွေ ထုခွဲ စားသောက်နေကြတာလည်း တစ်ခါတစ်လေ တွေ့ရပါတယ်။

ဥပဒေအရတော့ သူတို့ဟာ ရုရှားဆိုက်ဘေးရီးယားကို ရောက်သွားတဲ့ အမျိုးတွေစီ ဗီဇာမလိုဘဲ လည်ပါတ်ခွင့် ရှထပါတယ်။ ဒါပေမယ့် လေယာဉ်လမ်း၊ ရေလမ်းခရီးစဉ်ကတော့ ပုံမှန်ခရီးစဉ်ဆိုတာမျိုး မရှိလို့ သွားဖို့ မစဉ်းစားတတ်အောင်ပါဘဲ။ ခရီးစားရိတ်ကလည်း ဈေးကြီးလှပါလိမ့်မယ်။ ဗီဇာမလိုပေမဲ့ တရားဝင်ဖိတ်ခေါ်စာတော့ ပြရမယ်လို့ ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ Inuiaq လူမျိုးစုခေါင်းဆောင် “Soolook” ရဲ့ ပြောစကားလေးနဲ့ အဆုံးသတ်ချင်ပါတယ်။ သူက

“ဒါကတော့ မဖြစ်သင့်တဲ့အရာပါ။ ကျုပ်တို့ ဒီမှာ နှစ်ပေါင်းထောင်ချီပြီး နေခဲ့ကြတာပါ။ အင်္ဂလိပ်‌တွေ၊ အမေရိကန်တွေ၊ ရုရှားတွေ ဘယ်အစိုးရဖြစ်ဖြစ် သူတို့ မတိုင်ခင်ကတည်းကနေလာခဲ့တာပါ။

ခုတော့ သူတို့ရဲ့ ဥပဒေဆိုတာကြီးက ကျနော်တို့ မိသားစုဝင်တွေကို သီးခြားစီ ခွဲပစ်လိုက်ပါပြီ။ဒီ ဥပဒေဆိုတာ ကျနော်တို့ နှလုံးသားတွေကို ချေမွပစ်တဲ့အရာပဲ ဖြစ်ပါတယ်”တဲ့ ခင်ဗျာ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *