လေယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်တွေ

လေယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်တွေ

လေယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ လွယ်သလား၊ ခက်သလားဆိုတာ စဉ်းစားစရာ မေးခွန်းတစ်ခုပါ။ သာမန်တွေးကြည့်ရင်တော့ သင်တန်းတက်ပြီး ကျွမ်းကျင်သွားရင် မောင်းယုံပဲလို့ ထင်ရပါတယ်။ တကယ်တော့ မလွယ်ပါဘူး။

ပိုင်းလော့တစ်ယောက်ဟာ လစာကောင်းကောင်းရပြီး ကျော့ကျော့မော့မော့ ဝတ်စားထားတာ၊ အိတ်ကလေးကို လက်ကဆွဲပြီး လေယာဉ်ပေါ်တက်လာတာ ဒီလောက်ပဲ မြင်တယ်ဆိုရင်တော့ သင်မှားပါလိမ့်မယ်။

အခု ဒီအကြောင်းကို ရှာဖွေတင်ပြလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦးနော်။

၁။ အလုပ်ရှာရ ခက်ခဲခြင်း။

လေကြောင်းလိုင်းတွေ အများကြီးရှိပေမဲ့ ကိုယ်ရထားတဲ့ လိုင်စင်အမျိုးအစား၊ လုပ်သက် (မောင်းနှင်ပြီးသည့် နာရီ Flying Hours ) တွေကို ကြည့်ပြီးမှ လက်ခံကြတာမို့ အလုပ်ရဖို့ ခက်ခဲပါတယ်။

၂။ သင်တန်းကြေး။

လေယာဉ်မောင်းသင်တန်းတွေဟာ ဈေးကြီးလှပါတယ်။ ဒီသင်တန်းကြေးပေးနိုင်ဖို့က မိဘ ချမ်းသာတာဖြစ်ဖြစ်၊ တစ်ယောက်ယောက်စီကသော်လည်းကောင်း၊ ဘဏ်ကသော်လည်းကောင်း ချေးဌားတာမျိုး လုပ်ရပါလိမ့်မယ်။

တကယ်တော့ ငွေရှာရတာ ခက်ခဲလှပါတယ်။ သင်တန်းကို ဈေးကြီးပေးပြီးတက်ရတော့ သင်တန်းကာလမှာလည်း စိတ်ဖိစီးမှုကို ခံရပါတယ်။

ဘာသာရပ်တွေကို ဖတ်မှတ်ရတာတစ်မျိုး၊ လက်တွေ့မှာ အာရုံစိုက်ရတာတစ်မျိုးနဲ့ ပင်ပန်းပါတယ်။ ဆရာနဲ့ Check Flight လုပ်တဲ့အချိန်ဆို ပိုဆိုးပါတယ်။

မှားမှာ ကြောက်လေ မှားလေ ဖြစ်တတ်ပါတယ်။ စာမေးပွဲ မအောင်ရင်လည်း ငွေပမာဏ ဆုံးရှုံးမှုက များမှာပါ။

၃။ မနက်စောစောထခြင်း။

သင်ဟာ လေယာဉ်မှူးတစ်ယောက် ဖြစ်လာပြီဆိုရင်တော့ မနက်စောစောထတဲ့အကျင့်ရှိမှ ဖြစ်မှာပါ။ လေယာဉ်ကွင်းကို စောစောသွားရပါတယ်။ တွဲဖက်လေယာဉ်မှူးနဲ့ ဆွေးနွေးပြီး ပြင်ဆင်စရာတွေ ကြိုလုပ်ရပါတယ်။

သင့်သူငယ်ချင်းတွေ အိပ်ယာထဲ ဇိမ်ကျနေချိန်မှာ သင်ကတော့ အလုပ်တွေ၊ စာရွက်တွေနဲ့ နပမ်းလုံးနေရပါတယ်။

၄။ အားလပ်ရက် (စနေ၊ တနင်္ဂနွေ) မရှိခြင်း။

Schedule ခေါ် တဲ့ ခရီးစဉ်တွေမှာ စနေတို့၊ တနင်္ဂနွေတို့ မရှိပါဘူး။ သင် ပျံရမယ့်အလှည့်ဟာ စနေညသန်းခေါင် ဖြစ်နေနိုင်သလို၊ ခရစ်စမတ်ညနေလည်း ဖြစ်နိုင်ပါတယ်။ ဒါကို သင့် မိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ နားလည်အောင် ရှင်းပြထားဖို့ လိုပါလိမ့်မယ်။

၅။ ဆေးဝါးတွေကို ကြောက်ရွံ့ခြင်း။

ဒါကတော့ ပိုင်းလော့တစ်ယောက်ဟာ ကျန်းမာသန်စွမ်းနေမှဖြစ်မှာမို့ ဆေးကြောက်တာ၊ ဆရာဝန်နဲ့ စစ်ဆေးခံတာကို ကြောက်နေလို့ မရပါဘူး။

ကုမ္ပဏီ စည်းကမ်းတွေအရ (၆) လတစ်ခါ၊ တစ်နှစ် တစ်ခါ၊ ရုပ်ပိုင်း စိတ်ပိုင်း စစ်ဆေး ခံရတာတွေ ရှိပါတယ်။

၆။ Jetleg (အိပ်ပျော်သွားခြင်း။)

ဒါကတော့ လေယာဉ်မှူးတွေဟာ ခြားနားတဲ့ အချိန်ဇုံတွေကို ကျော်ဖြတ်ပြီး မောင်းနှင်နေကြတာ ဖြစ်တဲ့အတွက် ပိုသတိထားရပါတယ်။

သင်အိပ်ငိုက်လိုက်တာနဲ့ ခရီးသည်အားလုံးအတွက် မတွေးရဲစရာ ဖြစ်သွားမှာပါ။

၇။ Standby Duty

အရံဂျူတီကျတယ်ဆိုလို့ သက်သာပြီ မထင်ပါနဲ့။ သင်ဟာ အိမ်မှာသော်လည်းကောင်း၊ ရုံးမှာသော်လည်းကောင်း အဆင်သင့်အနေအထား ရှိနေရမှာ ဖြစ်ပါတယ်။

အိမ်မှာနေရင်းနဲ့ အလုပ်ကနေ နောက်တစ်နာရီမှာ လေယာဉ်တက်ရမယ်လို့ အကြောင်းကြားတာနဲ့ သင်အချိန်မီသွားရမှာ ဖြစ်ပါတယ်။

လေယာဉ်ဆိုတာကလည်း သင်ခေါင်းခန်းထဲရောက်တာနဲ့ တန်းထွက်လို့ရတာမျိုး မဟုတ်ပါဘူး။ စစ်ဆေးရပါသေးတယ်။ Flight Plan တွေ၊ Data တွေ သွင်းရပါသေးတယ်။

ကုန်ချိန်စာရွက်ကိုကြည့်ပြီး အင်ဂျင်ပါဝါ ဘယ်လောက်ထားရမယ်ဆိုတာ တွက်ချက်ရပါသေးတယ်။ မချောင်ပါဘူး။ တစ်ချို့နိုင်ငံတွေမှာ Standby အတွက် ရုံးခန်းသီးသန့်ထားပြီး စောင့်ခိုင်းတာပါ။

၈။ Away From Home

အိမ်နဲ့ ဝေးဝေးသွားဖို့လည်း စိတ်မကူးပါနဲ့။ သင် ခွင့်ရက်ရှည်ရရင်တော့ တစ်မျိုးပေါ့လေ။ လေကြောင်းလိုင်းအလိုက် စည်းကမ်းတွေအမျိုးမျိုး ရှိကြလို့ အိမ်မကပ်တာ ၄ ၊ ၅ ခါဆိုရင် ကုမ္ပဏီနဲ့ သင့်ကြားက ဆက်ဆံရေးမှာ အဖုအထစ်လေးတွေ ရှိလာတတ်ပါတယ်။

ခုဖော်ပြထားတဲ့ အချက်တွေကို ခံနိုင်ရည်ရှိပြီဆိုရင်တော့ သင် လေယာဉ်မှူးလုပ်လို့ရပြီလို့ တင်ပြလိုက်ရပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *