လေယာဉ်ကိုယ်ထည်အတွင်းက အမှတ်အသားတွေ
သင်လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် Cabin လို့ခေါ်တဲ့ လေယာဉ်ခရီးသည်တင်အခန်းထဲကို ဝင်ရပါမယ်။ သင့်လက်မှတ်ပေါ်မှာပါတဲ့ ထိုင်ခုံနံပါတ်အတိုင်း ရှာဖွေပြီး ထိုင်ရပါမယ်။
မရှာတတ်ရင်လည်း မပူပါနဲ့။ လေယာဉ် မောင်/မယ်တွေက ကူညီရှာဖွေပေးပါတယ်။
အခုပြောချင်တာက အဲဒီလိုရောက်သွားတဲ့အချိန်မှာ သင်မြင်တွေ့ရမယ့် စာတန်းတွေ၊ အမှတ်အသား ဆိုင်းဘုတ်တွေအကြောင်း ဖြစ်ပါတယ်။ အပျင်းပြေ ဒီ ” Signs and Placards” အကြောင်းလေး အဆုံးထိ ဖတ်ကြည့်ပေးကြပါအုံးနော်။
၁။ Fasten Seat Belt
ဒါကတော့ သင့်ကို ထိုင်ခုံမှာ ထိုင်နေစဉ် ခါးပါတ်ပါတ်ထားဖို့ သတိပေးတဲ့ အချက်ပြမီးပါ။ စာတန်းလည်းပါတတ်သလို၊ ခါးပါတ်ပုံလေးနဲ့ ပြတာမျိုးလည်း ရှိပါတယ်။
မီးမပျောက်မချင်း သင့်ခါးပါတ်ကို ပါတ်ထားရမှာပါ။ တစ်ခါတစ်လေ မီးငြိမ်းသွားပေမဲ့ လေယာဉ်မောင်/မယ်တွေက ခါးပါတ်ကို ဆက်ပါတ်ထားဖို့ အကြံပြုတာကို ကြားရပါလိမ့်မယ်။ အကာင်းဆုံးကတော့ ကိစ္စမရှိရင် ခါးပါတ်ကို ပါတ်ထားတာက သင့်အတွက် စိတ်ချရပါတယ်။
၂။ No Smoking/ No Device
အရင်ကတော့ ဆေးလိပ်သောက်တာကို လေယာဉ်ပေါ်မှာ ခွင့်ပြုခဲ့ကြဖူးပါတယ်။ နောက်ပိုင်းမှာတော့ လုံးဝ ခွင့်မပြုတော့ပါဘူး။
ဒါ့ကြောင့် No Smoking ဆိုင်းဘုတ်အစား၊ No Device ကို ပြောင်းတပ်လာပါတယ်။ ဒါကတော့ ဖုန်းတို့၊ ကွန်ပျူတာတို့ မသုံးရဆိုတဲ့ အဓိပ္ပါယ်ပါ။
၃။ Exit
လေယာဉ်ရဲ့ ထွက်ပေါက်တွေကို ညွန်ပြတာ ဖြစ်ပါတယ်။ လေယာဉ်အမျိုးအစားအလိုက် ထွက်ပေါက်တွေ အနည်းအများ ကွာပါတယ်။
ဒီဆိုင်းဘုတ်ပေါ်မှာ မြှားပုံ အမှတ်အသားပါလို့ မြှားရဲ့ ညွှန်ပြတဲ့ အတိုင်းသွားရင် ထွက်ပေါက်ကို ရောက်မှာ ဖြစ်ပါတယ်။
၄။ Seat No.
ခုံနံပါတ်တွေကိုတော့ သင့်ထိုင်ခုံအပေါ်ဖက်က “Overhead Luggage Bin” ရဲ့ အနားစပ်မှာ ရေးထားပါတယ်။ “1A,B” “2A,B” စသဖြင့်ပေါ့။
၅။Life Vest is Under Your Seat
သင့်ရှေ့ခုံရဲ့ ကျောမှီပေါ်က စာတန်းပါ။ ဒါက သင့်ခုံရဲ့ အောက်ပိုင်းမှာ တွဲချုပ်ထားတဲ့ အိတ်တစ်လုံး ရှိပါတယ်။ အဲဒီ အိတ်ထဲမှာ အသက်ကယ် အင်္ကျီရှိတာကို ပြောတာပါ။
၆။ Safety Instruction Card
သင့်ရှေ့ခုံရဲ့ ကျောဖက်အိတ်ထဲမှာ ပလတ်စတစ်နဲ့ ဖုံးအုပ်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့ရပါလိမ့်မယ်။
ဒီထဲမှာတော့ အရေးပေါ် အခြေအနေမှာ သင်လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေကို ပုံနဲ့ စာနဲ့ပါ ဖော်ပြပေးထားပါတယ်။ ဒါက ခုံတိုင်းမှာ ထည့်ပေးထားပါတယ်။
၇။ Reading Light / Crew Call
သင်ထိုင်ခုံမှာ ထိုင်လိုက်ပြီး အပေါ်ကို မော့ကြည့်ရင် လေပိုက်ခေါင်း အပေါက်နဲ့အတူ ခလုပ်လေးတွေ တွေ့ရပါလိမ့်မယ်။
ညအချိန် ပျံသန်းလို့ တစ်စီးလုံး အမှောင်ချထားချိန်မှာ သင်ဟာ Reading Light ခလုပ်ကိုနှိပ်ပြီး တစ်ကိုယ်ရေစာ မီးနဲ့ စာကြည့်နိုင်ပါတယ်။
သင့်မှာ အခက်အခဲရှိလို့ လေယာဉ်မောင်/မယ်ကို အကြောင်းကြားချင်ရင် Crew Call ခလုပ်ကို နှိပ်လိုက်ပါ။ သူတို့ရောက်လာပါလိမ့်မယ်။
၈။ Emergency Exit (အရေးပေါ်ထွက်ပေါက်)
အရေးပေါ်ထွက်ပေါက် ဘယ်နေရာမှာ ရှိတယ်ဆိုတာ မီးအနီရောင်နဲ့ ညွှန်ပြထားပါတယ်။
၉။ Floor Path Marking
သင့်ထိုင်ခုံကို သွားနေစဉ်မှာ သတိထားပြီး ကြမ်းပြင်ကို ကြည့်လိုက်ပါ။ လျှောက်လမ်းမှာ ခင်းထားတဲ့ ကော်ဇောအနားစွန်တွေမှာ ရောင်ပြန်တိပ်နဲ့ မျဉ်းဖြောင့်အတိုင်း တစ်ဖက်တစ်ချက် ကပ်ထားတာ တွေ့ရပါလိမ့်မယ်။ ဒါတွေက သင့်ကို ထွက်ပေါက်ဆီကို ညွှန်ပြနေပါတယ်။
၁၀။ Lavatory (သန့်စင်ခန်း)
သန့်စင်ခန်းမှာလည်း တံခါးမှာကတည်းက ဆိုင်းဘုတ်အမှတ်အသားတွေ တွေ့ရပါလိမ့်မယ်။ လူရှိမရှိကို “Occupied” အမှတ်အသားနဲ့ ဖော်ပြထားပါတယ်။
အတွင်းမှာ ဆိုရင်လည်း အိမ်သာတက်ပြီး ရေဆွဲပါဆိုတဲ့ အဓိပ္ပါယ်ရှိတဲ့ “Flush” ဆိုတဲ့ ခလုပ်ကို တွေ့ရပါလိမ့်မယ်။ အမှိုက်ထည့်ရမယ့် နေရာကိုလည်း ပုံနဲ့ ပြထားပါတယ်။
အခြားသော ” Signs and Placards” တွေ အများကြီးရှိပါသေးတယ်။ အဲ့ဒါတွေကတော့ လေယာဉ်အမှုထမ်းတွေနဲ့ ဆိုင်တာမျိုးတွေ များပါတယ်။
သင်နဲ့ ပါတ်သက်တဲ့ အမှတ်အသားများကို တင်ပြခဲ့တာဖြစ်လို့ နှစ်သက်ကြမယ်ထင်ပါတယ်။ လိုတာရှိရင်လည်း မန့်ခဲ့ကြပါအုံးလို့။
Knight News Team
Knight News © 2022