စက္ကူရှမိတဲ့အခါ ဖြစ်ပေါ်လာတဲ့နာကျင်နှုန်း

စက္ကူရှမိတဲ့အခါ ဖြစ်ပေါ်လာတဲ့နာကျင်နှုန်း

ကျွန်တော်တို့ရဲ့ ခန္ဓာဗေဒနဲ့ စက္ကူရဲ့ သဘောသဘာဝတို့အရ စက္ကူရှတဲ့အခါ အလွန်နာကျင်စွာ ခံစားရစေပါတယ်။

စာဖတ်သူအနေနဲ့ လျှို့ဝှက်ဆန်းကြယ် ဝတ္ထုတစ်ပုဒ်ကို စိတ်အားထက်သန်စွာ ဖတ်ရှုနေတုန်း စာမျက်နှာကို အမြန်လှန်လိုက်တဲ့အခါ သင့်လက်ချောင်းရဲ့ အရေပြားဟာ ရုတ်တရက် လှီးဖြတ်လိုက်သလို ရှမိသွားတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။

စာရွက်တစ်ရွက်ကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်ခံစားမှုတစ်ခုပေမဲ့ အတော်လေးကို နာကျင်ခံစားရပါတယ်။

ဘာကြောင့် ဒီလောက်ထိ နာကျင်သွားရလဲဆိုတာကိုတော့ အောက်မှာ အကျယ်တဝင့်ဆက်လက် ရှင်းပြပေးသွားပါမယ်။

လက်တွေ့ကျကျ ပြောရမယ်ဆိုရင်တော့ လူ့ခန္ဓာကိုယ်ရဲ့ နာကျင်မှုကို အခံစားမိဆုံး အစိတ်အပိုင်းတွေထဲမှာ လက်ချောင်းတွေ ပါဝင်ပါတယ်။

ဒါ့အပြင် စာရွက်၊ အထူးသဖြင့် စာအုပ်အသစ်ရဲ့ စာရွက်တွေရဲ့ထိပ်ပိုင်းဟာ ဘလိတ်ဓားတစ်ချောင်းလို ချွန်ထက်နေတတ်ပါတယ်။

ဒီနှစ်ခုပေါင်းဆုံသွားချိန်မှာတော့ အသည်းခိုက်တဲ့ နာကျင်မှုကို ကျွန်တော်တို့ ခံစားကြရတာပါပဲ။

သိပ္ပံနည်းအရ ရှင်းပြရမယ်ဆိုရင်တော့ လူ့လက်နဲ့ လက်ချောင်းတွေဟာ ပျက်စီးနေတဲ့ဆဲလ်များမှ ထုတ်လွှတ်သော အချက်ပြမှုများကို တုံ့ပြန်ပါတယ်။

ဒီလိုတုန့်ပြန်တဲ့အရာကို nociceptors လို့ခေါ်တဲ့ အာရုံကြော ဆဲလ်တွေက လုပ်ဆောင်တာဖြစ်ပြီး သူဟာ ပျက်စီးနေတဲ့ ဆဲလ်တွေကို မြင့်မားစွာ သယ်ဆောင်ပေးပါတယ်။

ဥပမာအားဖြင့် ပြင်းထန်သောအပူချိန်ကြောင့် ပျက်စီးသွားတဲ့ ဖိအားများ၊ ဖြတ်တောက်မှုများနဲ့ ထိုးဖောက်မှုများကြောင့် ဖြစ်ပေါ်လာသော ဆဲလ်များရဲ့ ပျက်စီးမှုကို ခံစားသိရှိနိုင်သော “mechanical nociceptors” များဟာ စက္ကူရှခြင်းမျိုးကို တုန့်ပြန်ကြပါတယ်။

ဒါကြောင့် သေးငယ်လှတဲ့ ပမာဏဆိုပေမဲ့ စက္ကူရှခြင်းမှာ စက္ကူကိုပျော့ပျောင်းဖို့ အသုံးပြုထားတဲ့ အရောင်ချွတ်ဆေးများကဲ့သို့သော ဓာတုဗေဒပစ္စည်းများက ထိလွယ်ရှလွယ်ဖြစ်သော nociceptors များကို အစွမ်းကုန် နိုးကြွာစေနိုင်ပါတယ်။

အဲဲဒီအခါ ကျွန်တော်တို့လက်ချောင်းတွေရဲ့ အာရုံကြောဆဲလ်များက ပြင်းထန်တဲ့ တုန့်ပြန်မှုတွေကြောင့် အသည်းခိုက်အောင် နာကျင်ရတာဖြသ်ပြီး စက္ကူရှတဲ့နေရာတစ်ဝိုက်မှာ ယားယံတဲ့ ခံစားချက်ကိုပါ ဆက်လက်ထုတ်ပေးနိုင်ပါတယ်။

အခုလို နာကျင်မှုကို ခံစားရတဲ့အခါ nociceptors တွေဟာ အာရုံကြောမျှင်အစုအဝေးများမှတဆင့် ကျောရိုးအတွင်းသို့ ဖြတ်သန်းသွားစေပြီး လျှပ်စစ်အချက်ပြမှုများကို ဖြစ်ပေါ်စေပါတယ်။

ကျောရိုးရှိ အာရုံကြောဆဲလ်များက ထိုအချက်ပြမှုများကို ဦးနှောက်ကိုတစ်ဆင့် ပြန်ပို့ပေးပါတော့တယ်။

ဒါကြောင့် အဆုံးစွန်သော နာကျင်မှုကို ပြန်လည်တုန့်ပြန်ချက်တွေကို somatosensory cortex လို့ခေါ်တဲ့ ဦးနှောက်အစိတ်အပိုင်းကို ပို့ဆောင်ပေးပြီး အသည်းခိုက်အောင် နာကျင်ပါတယ်ဆိုတဲ့ အသိကို ကျွန်တော်တို့တွေ ထပ်မံခံစားရပါတယ်။

Somatosensory cortex ဟာ ဦးနှောက်မျက်နှာပြင်ပေါ်မှာ ကွေးညွှတ်လျက်တည်ရှိတာကြောင့် ကွဲပြားခြားနားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများမှ နာကျင်မှုတွေကို ကိုယ်စားပြုပေးတဲ့ ကွဲပြားသော နေရာများစွာလည်း ရှိနေပြန်ပါတယ်။

လက်တွေနဲ့ လက်ချောင်းများဟာ အထိအတွေ့နဲ့ နာကျင်မှုကိုဖြစ်ပေါ်စေတဲ့ ဆဲလ်များဖြင့် ပြည့်ကျပ်နေတာကြောင့် သူတို့အတွက် ရည်ညွှန်းထားသော ဦးနှောက်က ခံစားမှု အသိဧရိယာတွေကို တခြားအစိတ်အပိုင်းတွေထက် ပိုမိုလှုံ့ဆော်ပေးနိုင်ပါတယ်။

ဒါကြောင့် လူရဲ့ခန္ဓာဗေဒကိုက စက္ကူရှတာကို ထူးထူးခြားခြား နာကျင်စေတဲ့ပုံဖြစ်နေတာပါ။ ဒါတင်မကသေးဘဲ စာရွက်ကိုယ်တိုင်ကလည်း ဝေဒနာကို တိုးပေးနေပါသေးတယ်။

သာမန်မျက်စိနဲ့ ကြည့်လိုက်ရင်တော့ စာရွက်ရဲ့မျက်နှာပြင်က ချောမွေ့နေပေမဲ့ အဏုကြည့်အဆင့်မှာတော့ စက္ကူအတွင်းမှ အခြောက်လှန်းထားသော သစ်သားမျှင်တွေဟာ စာရွက်ရဲ့အစွန်းကို ကြမ်းတမ်းစေပါတယ်။

ဒါကြောင့် ဒီကြမ်းတမ်းတဲ့ အသွင်အပြင်မျိုးရှိတဲ့ စာရွက်အမျိုးအစားဟာ ချောမွေ့ဖြောင့်ဖြူးနေတဲ့ စာရွက်အစွန်းများထက် ပိုမိုကျယ်ပြန့်စွာပဲ လူ့လက်ချောင်းက ဆဲလ်များကို ပျက်စီးစေပါတယ်။

စက္ကူရဲ့ အမွှားအစွန်းများဟာ ပုံမှန်အားဖြင့် အရေပြားရဲ့ အပေါ်ဆုံးအလွှာနှစ်ခုဖြစ်တဲ့ epidermis နဲ့ dermis တို့ကိုသာ ဖြတ်သွားနိုင်တာကြောင့် သွေးထွက်ခြင်း အနည်းငယ်သာ ဖြစ်ပေါ်ပါတယ်။

ဒါကြောင့် ဖြတ်တောက်ထားတဲ့ သွေးခဲများဖြင့် အလုံပိတ်ဖြစ်လာနိုင်ခြေကို လျော့နည်းစေပြီး ရလဒ်အနေဖြင့် အာရုံကြောအမျှင်များဟာ ဒြပ်စင်များနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့နေရတာဖြစ်ပြီး ထိတွေ့တဲ့အခါတိုင်းမှာလည်း နာကျင်မှုတုန့်ပြန်ချက်တွေကို ပစ်လွှတ်ပေးပါတယ်။

စက္ကူရှတာဟာ တခြားသော ထိခိုက်နာကျင်မှုတွေနဲ့ နှိုင်းယှဥ်ပါက သာမန်ဖြစ်ရပ်၊ သေးငယ်တဲ့ဖြစ်ရပ်လို့ ခေါင်းစဥ်တပ်နိုင်ပေမဲ့ မပေါ့ဆသင့်ပါဘူး။

စက္ကူရှခြင်းကို ကုသရန်အတွက် ဒဏ်ရာကို ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောသင့်ပါတယ်။

ရောဂါပိုးမွှားများ ဝင်ရောက်နိုင်တာကြောင့် ပိုးသတ်ဆေးပါဝင်တဲ့ ပဋိဇီဝဆေးတွေ လိမ်းပေးရပါမယ်။

တကယ့်ဆရာဝန်ကြီးတွေရဲ့ အဆိုအရပြောရရင် ဒဏ်ရာကို ပတ်တီးနဲ့ ပိတ်ဆို့ထားဖို့တောင် လိုအပ်တယ်လို့ သိရပါတယ်။

စက္ကူရှတဲ့ ဒဏ်ရာဟာ အများအားဖြင့် နှစ်ရက်မှ သုံးရက်အတွင်း သက်သာသွားနိုင်ပေမဲ့ ထိုအချိန်အတွင်း ပြန်လည်မကောင်းမွန်ပါက ဆရာဝန်နဲ့ ပြသသင့်ပြီး ရောဂါပိုးဝင်ခြင်း လက္ခဏာများ ရှိမရှိ စစ်ဆေးရန် အကောင်းဆုံးဖြစ်ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *