အီရန် နဲ့ ဆော်ဒီ (သို့မဟုတ်) စေ့စပ်ညှိုနှိုင်းလို့မရတဲ့ နှစ်နိုင်ငံ

အီရန် နဲ့ ဆော်ဒီ (သို့မဟုတ်) စေ့စပ်ညှိုနှိုင်းလို့မရတဲ့ နှစ်နိုင်ငံ

ကမ္ဘာပေါ်က နိုင်ငံအများအပြားဟာ တစ်ဖက်နဲ့ တစ်ဖက် အယူဝါဒ၊ လက်ခံကျင့်သုံးတဲ့စနစ် စသဖြင့် ကွဲပြားခြားနားကြပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လိုတိုးပိုလျော့လုပ်ပြီး ဆက်ဆံကြရပါတယ်။

ဆက်ဆံရေး ကောင်းတာရှိသလို၊ မကောင်းတာလည်း ရှိတတ်ကြပါတယ်။ ဒီအထဲကမှ ဘယ်တော့မှ ညှိုနှိုင်းလို့ မရတဲ့ နိုင်ငံနှစ်ခုအကြောင်း ရွေးချယ်တင်ပြပါရ‌စေ။

အီရန်နဲ့ ဆော်ဒီဟာ Proxy War ဖြစ်နေခဲ့တာ ဆယ်စုနှစ်နဲ့ ချီနေပါပြီ။ သူတို့ နှစ်နိုင်ငံရဲ့ ယှဉ်ပြိုင်မှုကြောင့် ဒေသတွင်း ပရမ်းပတာဖြစ်မှုတွေ များလာပါတယ်။

ဆွန်နီနဲ့ ရှီးယိုက် မွတ်ဆလင်ပဋိပက္ခကို ပိုဆိုးလာအောင် မီးထိုးသလို ဖြစ်နေပါတယ်။ ဒီပြဿနာဟာ အရှေ့အလယ်ပိုင်းတစ်ခုလုံး ပျံ့နှံ့နေပါပြီ။

ဒါတွေအားလုံးဟာ ဆီးရီးယားတော်လှန်ရေးလို့ခေါ်တဲ့ မရေမတွက်နိုင်တဲ့ ဆီးရီးယားစစ်ပွဲတွေကြောင့်လည်း ဖြစ်ပါတယ်။ ယီမင်မှာလည်း စစ်ပွဲတွေ ဖြစ်နေပါတယ်။

ဒါတွေအားလုံးဟာ အကြောင်းအရာတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ သမိုင်းကြောင်းနဲ့ယှဉ်ပြီး လေ့လာကြည့်ရမှာ။

၁၉၇၉ ခုနှစ်ရဲ့ အစောပိုင်းလောက်တုန်းက ဆော်ဒီနဲ့ အီရန်ဟာ မိတ်ဆွေရင်းချာ ဆက်ဆံမှုမျိုး ရှိခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးကလည်း အနောက်တိုင်းဆန်တဲ့ တော်ဝင်မိသားစုတွေ အုပ်စိုးနေတဲ့အချိန် ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံ

၁၉၇၉ ခုနှစ်မှာတော့ အီရန်မှာ အစ္စလာမ်းမစ် တော်လှန်ရေးဖြစ်ပွားခဲ့ပြီးနောက် အရာရာပြောင်းလဲ သွားပါ‌တော့တယ်။ ရှားဘုရင် မိုဟာမက်ရီဇာပါလာဗီဟာ နန်းစွန့်ခဲ့ရပါတယ်။ သူ့နေရာကို ဂူဟိုလာ ခိုမေနီကို လွှဲပြောင်းပေးလိုက်ရပါတယ်။ ခိုမေနီဟာ ပြည်နှင်ဒဏ် (၁၅) နှစ်ခံထားရသူပါ။

သူ အာဏာရတာနဲ့ တစ်ပြိုင်နက် တော်ဝင်မိသားစုရဲ့ ဥပဒေဟောင်းတွေအားလုံးကို ဆန့်ကျင်ဖက် လုပ်ပစ်လိုက်ပါတယ်။ သူဟာ အစ္စလာမ်ဝါဒ ဆန့်ကျင်သူတွေကို အာရုံစိုက်ထားပါတယ်။

အနောက်နိုင်ငံ ကျောထောက်နောက်ခံပြုသူမှန်သမျှကို ရန်သူလို့ သတ်မှတ်လိုက်ပါတယ်။ သူ့ကိုယ်သူ အီရန်ရဲ့ အရှင်သခင်ဖြစ်ကြောင်း ကြေငြာပြီး ဆော်ဒီတော်ဝင်မိသားစုကိုလည်း သတိပေးလိုက်ပါတယ်။

၁၉၈၀ ခုနှစ်မှာ အမေရိကန်ထောက်လှမ်းရေး (CIA) ရဲ့ သတင်းအချက်အလက်တစ်ချို့ဟာ ပေါက်ကြားခဲ့ပါတယ်။ အဲဒါကတော့ အီရန်ဟာ အိမ်နီးချင်းနိုင်ငံတွေမှာ အစ္စလာမ်မစ်တော်လှန်ရေး ပုံစံမျိုးဖြစ်အောင် လှုံ့ဆော်သွေးထိုးပေးနေတဲ့အကြောင်း ပါဝင်ပါတယ်။

အီရန်ခေါင်းဆောင်

ဆန့်ကျင်သူအများစာဟာ ရှီးယိုက်အများစုရှိနေတဲ့ ကာတာနိုင်ငံမှာ စုဝေးခဲ့ကြပါတယ်။ လူတွေဟာ ခိုမေနီရဲ့ ဓါတ်ပုံတွေကို ကိုင်ဆောင်ပြီး လမ်းမတွေပေါ် လှည့်လည် ဆန္ဒပြကြပါတယ်။

သူတို့ဟာ လုံခြုံရေးတပ်ဖွဲ့တွေကို ဂရုမစိုက်ကြပါဘူး။ ဒီလိုနဲ့ လူပေါင်း ၂၀ လောက်သေပြီး ဒါဏ်ရာရသူ ရာနဲ့ချီ ရှိသွားပါတယ်။ တစ်ချို့လည်း အဖမ်းခံရပါတယ်။

အာရပ်တွေရဲ့ ပင်လယ်ကွေ့ကောင်စီဟာ အီရန်ရဲ့ ခြိမ်းခြောက်မှုတွေအတွက် စိတ်ပူလာရပါတယ်။ ဒါကြောင့် အာရပ်ဘုရင့်နိုင်ငံ (၆) ခုဟာ မဟာမိတ် ဖွဲ့လိုက်ကြပါတယ်။ ဒီနောက်မှာတော့ အားလုံးသိတဲ့အတိုင်း အီရန်-အီရတ်စစ်ပွဲ ဖြစ်ပွားပါတော့တယ်။

တကယ်တော့ အီရတ်က ဆက်ဒမ်ဟူစိန်ဟာ ၁၉၈၀ ခုနှစ်မှာ အီရန်ကို ကျူးကျော်ခဲ့တာပါ။ သူစိတ်ပူတာက အီရန်ရဲ့ ရှီးယိုက်မွတ်ဆလင်တွေ အားကောင်းလာပြီး သူ့အာဏာကို ထိပါးလာမှာ စိုးရိမ်လို့ပါ။ဒီ (၂)နှစ်တာ စစ်ပွဲအတွင်းမှာ ဆော်ဒီဟာ အီရတ်နဲ့ ဆက်ဒမ်ဟူစိန်ကို အကူအညီပေးခဲ့ပါတယ်။

၁၉၈၇ ခုနှစ်မှာတော့ ဝတ်ပြုရာနေရာဖြစ်တဲ့ မက္ကာဟာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူအများအပြား သေဆုံးခဲ့ပါတယ်။ အီရန်လူမျိုးတွေက အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြလှုံ့ဆော်ခဲ့လို့ ဖြစ်ခဲ့တာပါ။

ဒီဖြစ်ရပ်ကြောင့် ဆော်ဒီနဲ့ အီရန်အကြား အကွဲအပြဲ ဇာတ်လမ်းအသစ် ဖြစ်လာခဲ့ပြန်ပါတယ်။

ဆော်ဒီမင်းသား

ပဋိပက္ခကြောင့် မက္ကာမှာ လူ ၄၀၀ လောက်ထိ သေဆုံးခဲ့ပါတယ်။ ဆော်ဒီဟာ အီရန်နဲ့ သံတမန် ဆက်ဆံရေး ဖြတ်တောက်ခဲ့တာ (၃) နှစ်ကြာခဲ့ပါတယ်။

နောက်ထပ် ဆယ်စုနှစ်တွေမှာလည်း နှစ်နိုင်ငံဆက်ဆံရေးဟာ နိမ့်လိုက် မြင့်လိုက် ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၁ ခုနှစ် အာရပ်နွေဦးတော်လှန်ရေး ဖြစ်ပွားပြီးမှာတော့ ဒေသတွင်းမှာ ပထဝီနိုင်ငံရေး (Geopolitical) တွေ အပြောင်းအလဲ ဖြစ်လာပါတယ်။ အီရန်နဲ့ ဆော်ဒီတို့ဟာ ဆန့်ကျင်ဖက်အုပ်စုတွေကို အသီးသီး ထောက်ပံ့ပေးနေခဲ့ကြပါတယ်။

အီရန်က တူနီးရှားတော်လှန်ရေးသမားတွေကို ထောက်ခံကြောင်း ပြောင်ပြောင်တင်းတင်း ကြေငြာပါတယ်။ အီဂျစ်နဲ့ ဘာရိန်းကိုလည်း ဒီအတိုင်းပါပဲ။

အဲဒီနိုင်ငံတွေမှာ အာဏာရှင်တစ်ပိုင်းသူတွေ အုပ်စိုးနေကြပါတယ်။အာဏာရှင်တွေက ဆော်ဒီနဲ့ ခိုင်ခိုင်မြဲမြဲ လက်တွဲထားကြသူတွေပါ။ ဆီးရီးယားသူပုန်တွေကို ကြည့်ရင်လည်း အီရန်နဲ့ ဆော်ဒီဟာ ဆန့်ကျင်ဖက်အဖွဲ့တွေကိုပဲ ထောက်ပံ့နေကြပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက အီရန်ဟာ ဆီးရီးယားစစ်တပ်ကို လက်နက်တွေ တပ်ဆင်ခြင်း၊ သင်တန်းပေးခြင်းတွေ လုပ်ပေးနေခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားသူပုန်တွေကိုတော့ ဆော်ဒီက ထောက်ပံ့ပေးနေပါတယ်။

ဆီးရီးယားတစ်နိုင်ငံလုံးလည်း စစ်ကြောင့် အပျက်အစီးပုံကြီး ဖြစ်နေပါပြီ။ ဆီးရီးယား ဒုက္ခသည် ၆ သန်းလောက် နိုင်ငံက ထွက်ပြေးခဲ့ရပါတယ်။ လူ ၅ သိန်းကျော် သေခဲ့ပြီးပါပြီ။ စစ်ပွဲက အခုထိ မရပ်သေးပါဘူး။

ယီမင်မှာလည်း ပြည်တွင်းစစ် မပြီးသေးပါဘူး။ ၂၀၁၄ ခုနှစ်ကတည်းက ဖြစ်နေခဲ့တာပါ။

ဆော်ဒီဟာ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟူတီသူပုန်တွေကို နှိမ်နင်းဖို့ ယီမင်အစိုးရကို ထောက်ပံ့ပေးထားပြန်ပါတယ်။ ယီမင်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်နေပါပြီ။ ကလေးငယ် ၁၂ သန်းဟာ အာဟာရချို့တဲ့မှု၊ သောက်သုံးရေ မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နေစရာကလည်း မရှိပါဘူး။ နိုင်ငံတစ်ခုလုံး ကပ်ဆိုက်နေပါပြီ။

ဆော်ဒီက ယီမင်ကိစ္စမှာ ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်တာ ဖြစ်ပါတယ်။ ဥပမာ- လေကြောင်းက ဗုံးကြဲတာမျိုးအထိ ပါပါတယ်။ ဒီလိုလုပ်တာသာ နိုင်ငံမြောက်ပိုင်းက သူပုန်တွေဆီ အထောက်အပံ့မရအောင်လုပ်တာလို့ ပြောပါတယ်။

ဒါပေမဲ့ ထူဆန်းတာက အီရန်နဲ့ ဆော်ဒီဟာ သူတို့အချင်းချင်းတော့ တိုက်ခိုက်တာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် Proxy War ဟာ ကာလကြာလေလေ အာရပ်တို့ရဲ့ အရှေ့အလယ်ပိုင်းဟာ ကွဲပြားလေလေ ဖြစ်လာမှာပါလို့ တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *