လေယာဉ်ပေါ်က ထူးဆန်းတဲ့ အမှတ်အသား ၂ ခု

လေယာဉ်ပေါ်က ထူးဆန်းတဲ့ အမှတ်အသား ၂ ခု

လူတစ်ချို့က အမှုမဲ့ အမှတ်မဲ့ မနေတတ်ကြပါဘူး။ စူးစမ်းလေ့ ရှိကြပါတယ်။ ဒီထဲမှာမှ လေယာဉ်စီးရင်း ထူးဆန်းတဲ့ အရာ (၂) ခုကို သတိထားမိတဲ့ ခရီးသည်တစ်ယောက်က သူတွေ့ခဲ့ရတဲ့ ဒီထူးဆန်းတဲ့ အမှတ်အသား (၂)ခုအကြောင်းကို မေးလာခဲ့တာ ဖြစ်ပါတယ်

သူတွေ့ခဲ့တဲ့ လေယာဉ်အမျိုးအစားက Airbus A-320 လေယာဉ်ဖြစ်ပါတယ်။ ခရီးသည် ၁၆၀ အထိ ဆံ့ပြီး Single Axile လို့ခေါ်တဲ့ လျှောက်လမ်းတစ်ခုတည်း အလယ်မှာ ပါဝင်ပါတယ်။

သူတွေ့ခဲ့တဲ့ အရာနှစ်ခုကတော့ Cabin ထဲက ခရီးသည်ထိုင်ခုံဘေး နံရံအပေါ်ဖက်နားမှာရှိတဲ့ တြိဂံပုံ အမှတ်အသားနဲ့ အတောင်ပံပေါ်က အပေါက်နှစ်ပေါက်ပါတဲ့ ရှည်မျောမျော အပြားတစ်ခုပဲ ဖြစ်ပါတယ်။

တြိဂံပုံ အမှတ်အသားကလည်း ကိုယ်ထည်အတွင်းပိုင်းမှာ တစ်ဖက်ကို ၂ ခုစီနဲ့ ၄ ခုပဲ ပါပါတယ်။

အတောင်ပေါ်က ပစ္စည်းကတော့ တစ်ဖက် တစ်ခုစီ ပါပါတယ်။ သူက ဒီပစ္စည်းနှစ်ခုဟာ ဘာအတွက်သုံးတာလည်း၊ ဘာကြောင့် တပ်ဆင်ထားလည်းဆိုတာ လုံးဝ စဉ်းစားလို့မရပါဘူးတဲ့။

ဒါကြောင့် Knight News အနေနဲ့ ဖြေကြားပေးဖို့ တောင်းဆိုထားပါတယ်။ စာဖတ်သူများရော ဒီထူးဆန်းတဲ့အရာနှစ်ခုကို ဘယ်လိုထင်ပါသလဲ။ ကျနော်တို့ အဖြေနဲ့ တူမတူ အဆုံးထိ ဖတ်ကြည့်ပါဦးနော်။

၁။ တြိဂံပုံ အမှတ်အသား

သူကတော့ လေယာဉ်အတောင်ပံ (Wing) ရဲ့ အရှေ့ဖက်ပိုင်း (Leading Edge) နဲ့ အနောက်ဖက်ပိုင်း (Trailing Edge) ကို ကောင်းကောင်းမြင်နိုင်မယ့် ပြတင်းပေါက်တွေရဲ့ အပေါ်ဖက်မှာ အမှတ်အသား ပြုလုပ်ထားတာ ဖြစ်ပါတယ်။

အတောင်တစ်ဖက်ကို ၂ ခုဆိုတော့ နှစ်ဖက်အတွက် ၄ ခုသာ ပါပါတယ်။ အတောင်ထိပ် ရှေ့နဲ့လနောက်ကို ဘာအတွက် ကြည့်ဖို့လိုပါသလဲ။

လေယာဉ်တွေဟာ ပေ ၃၀,၀၀၀ ကျော်အမြင့်က ပျံသန်းနေကြပါတယ်။ ဒီအမြင့်မှာ အပူချိန်ဟာ အနုတ် ၅၀ ဒီဂရီ စင်တီဂရိတ်(-50°C) လောက်မှာ ရှိတယ်ဆိုတာ သင်ယုံနိုင်မှာ မဟုတ်ပါဘူး။

သိပ္ပံပညာရှင်တွေရဲ့ တိုင်းတာမှုအရ အမြင့်ပေ ၃၆,၀၉၀ အထိရောက်သွားရင် အပူချိန်ဟာ အနုတ် ၅၆ ဒီဂရီ စင်တီဂရိတ်(-56° C)အထိ ရှိသွားပြီး ကိန်းသေဖြစ်သွားပါတယ်။

ဒီလို အခြေအနေမှာ လေယာဉ်ရဲ့ ကိုယ်ထည်ပေါ်မှာ ရေခဲတတ်ပါတယ်။ အထူးသဖြင့် လေတိုးတဲ့ ဧရိယာတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ လေယာဉ်ရဲ့ လေတိုးတဲ့ ဧရိယာတိုင်းမှာ ရေမခဲတဲ့စနစ်တွေ (Anti-icing , De-icing) တပ်ဆင်ထားကြပါတယ်။

အတောင်ပံရဲ့ အရှေ့ပိုင်းမှာလည်း ဒီစနစ် ပါဝင်ပါတယ်။ သူ့‌ကို လေကြောင်းအခေါ်အရ Leading Edge လို့ခေါ်ပြီး တပ်ဆင်ထားတဲ့အရာကိုတော့ De-icer Boot လို့ ခေါ်ပါတယ်။

တောင်ပံ တည်ဆောက်ပုံ

ရေခဲတာဟာ လေယာဉ်ရဲ့ ပုံသဏ္ဍာန်ကို ပျက်ယွင်းစေပြီး ပျံသန်းရာမှာ အန္တရာယ် ဖြစ်စေပါတယ်။ ဒါကြောင့် လေယာဉ်တောင်ပံ အရှေ့ပိုင်း (Leading Edge) ကို အပူပေးစနစ် အလုပ်လုပ်ရဲ့လား မျက်မြင်စစ်ဆေးကြည့်နိုင်တဲ့ ပြတင်းပေါက်ရှိတဲ့ နေရာကို ရှာရလွယ်အောင် တြိဂံပုံ အမှတ်အသား ပြုလုပ်ပြသထားတာ ဖြစ်ပါတယ်။

လေယာဉ်မှူးသော်လည်းကောင်း၊ လေယာဉ်နဲ့အတူ လိုက်ပါလေ့ရှိတဲ့ အင်ဂျင်နီယာ (Ferry Flight Engineer) သော်လည်းကောင်း လိုအပ်လာရင် ဒီပြတင်းပေါက်ကနေ လာရောင်ကြည့်ရှု့ စစ်ဆေးလေ့ ရှိပါတယ်။

wing deicing boot

ရာသီဥတုဆိုးတာဖြစ်ဖြစ်၊ ညဖက် ပျံသန်းတာပဲ ဖြစ်ဖြစ် ဒီနေရာကို မြင်ရအောင် (Wing Scan Light) ခေါ်တဲ့ မီးသီး တပ်ဆင်ထားပါတယ်။ ဒီမီးကြောင့် လေယာဉ်တောင်ပံ အရှေ့ပိုင်းတစ်ခုလုံးကို ထင်ရှားစွာ မြင်နိုင်ပါတယ်။

၂။ ဒုတိယမေးခွန်းရဲ့အဖြေကတော့ ဒီလိုပါ။ လေယာဉ်တွေမှာ အရေးပေါ်ထွက်ပေါက်တွေ ရှိကြပါတယ်။ အရေးပေါ်အခြေအနေဆိုရင် ဒီထွက်ပေါက်တွေကနေ ခရီးသည်တွေကို ထွက်ခွာစေပါတယ်။

Airbus လေယာဉ်ရဲ့ အရေးပေါ်ထွက်ပေါက်တွေထဲမှာ လေယာဉ်အတောင်ပံပေါ်တည့်တည့်က ထွက်ပေါက်တွေ ပါဝင်ပါတယ်။

ဒီထွက်ပေါက်တိုင်းမှာ ခရီးသည်‌တွေ အလွယ်တကူ လျောဆင်းနိုင်ဖို့ (slide raft) ခေါ်တဲ့ အလိုအလျောက် လေမှုတ်သွင်းပြီး လျောဆင်းနိုင်တဲ့ လေအိတ်တွေ ပါပါတယ်။ အဲဒီပေါ်ကနေ ခရီးသည်တွေ လျောဆင်းကြတာ ဗီဒီယို၊ရုပ်ရှင်နဲ့ တစ်ချို့သတင်းတွေမှာ မြင်ဖူးကြပါလိမ့်မယ်။

ရိုးရိုးထွက်ပေါက်ကတော့ မျဉ်းဖြောင့်အတိုင်း ပွင့်ကျသွားပြီး မြေပြင်နဲ့ ထိသွားတာမို့ ကယ်ဆယ်ရေးသမားတွေက တစ်ဖက်စွန်းကနေ ခရီးသည်ကို ဆွဲထူတာ၊ ကယ်တင်တာ လုပ်လို့ရပါတယ်။

အတောင်ပံပေါ်က လျောဆင်းကရိယာကတော့ တဆစ်ချိုးပုံစံပါ။ ပထမအတောင်ပံပေါ်ကို ပွင့်ပြီး ၉၀ ဒီဂရီချိုးကာ တောင်ပံနောက်ဖက်ကို လျောဆင်းရပါတယ်။

ဒီတော့ ဒီ(Slide raft)ဟာ တဆစ်ချိုးပုံ ဖြစ်နေပြီး အတောင်ပံပေါ်က တစ်ဖက်စွန်းဟာ အထိန်းမရှိဘဲ ဖြစ်နေပါလိမ့်မယ်။ ဒါဆို ခရီးသည်တွေ ဆင်းဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။

ဒါကြောင့် လေအိတ်လျော လှေကားကို တဆစ်ချိုးနေရာမှာ ခိုင်မြဲစွာ ချည်နှောင်ဖို့ ဒီထူးဆန်းတဲ့ ကွင်း ၂ ကွင်းပါတဲ့ အရာဝတ္ထုကို အတောင်ပံပေါ်မှာ တစ်ဖက်တစ်ချက် တပ်ဆင်ထားတာဖြစ်ပါတယ်။

မေးစရာရှိတာက ဒီလို တပ်ထားလို့ လေယာဉ်ရဲ့ Aerofoil Shape ကို မထိခိုက်နိုင်ဘူးလားလို့ပါ။ ဟုတ်ကဲ့ မထိခိုက်အောင် စနစ်တကျ တွက်ချက်စမ်းသပ် ပုံစံထုတ်ပြီးမှ တပ်ဆင်ထားတာဖြစ်လို့ လုံးဝ လုံးဝ အန္တရာယ်မရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

စာရှု့သူအမြင်နဲ့ မတူတာရှိရင်လဲ မန့်ခဲ့ကြပါဦးလို့။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *