ကာတာနိုင်ငံသားတွေရဲ့ဘဝ
ကာတာနိုင်ငံသားဖြစ်ရတာ ကံကောင်းပါတယ်။ အနည်းဆုံး သင်ဟာ နိုင်ငံသား ယောင်္ကျားတစ်ယောက်ဆိုရင်ပေါ့။
တကယ်တော့ ကာတာရဲ့ လူဦးရေဟာ (၃) သန်းတောင် မပြည့်ပါဘူး။ ဒီ (၃) သန်းထဲက ၁၀ ပုံ ၁ ပုံသာ နိုင်ငံသားခံယူထားသူတွေ ဖြစ်ပြီး အများစုက အိန္ဒိယနဲ့ နီပေါနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ လူဦးရေရဲ့ (၈၀) ရာခိုင်နှုန်းဟာ မြို့တော်ဖြစ်တဲ့ ဒိုဟာမှာ နေကြပါတယ်။
ကာတာဟာ ကမ္ဘာ့အကြီးဆုံး သဘာဝဓါတ်ငွေ့နဲ့ ရေနံထုတ်လုပ်ဖြန့်ဖြူးရာနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကာတာနိုင်ငံဟာ ချမ်းသာကြွယ်ဝတဲ့နိုင်ငံ ဖြစ်လာပါတယ်။
လူတစ်ဦးခြင်းဝင်ငွေ (GDP) ကလည်း ကမ္ဘာမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ကာတာနိုင်ငံသားတွေရဲ့ လုပ်ခလစာဟာ ကမ္ဘာမှာ အမြင့်ဆုံး ဖြစ်ပါတယ်။
ကာတာမိသားစုတစ်ခုရဲ့ တစ်လပျှမ်းမျှဝင်ငွေဟာ ဒေါ်လာ (၂၀,၀၀၀) လောက် ရှိပါတယ်။ အမေရိကန်က မိသားစု တစ်လဝင်ငွေဟာ (၇,၀၀၀) လောက်ပဲ ရှိပါတယ်။
ကာတာမှာ တစ်ခြားဝင်ငွေ ရပေါက် ရလမ်းတွေလည်း အများကြီးရှိပါတယ်။ အခွန်အခ ပေးဆောင်ရမှုကလည်း ကမ္ဘာ့အနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်။
ကိုယ်ပိုင်ဝင်ငွေအပေါ်မှာ အခွန်မကောက်ပါဘူး။ အခွန်က လစာရဲ့ (၁၀) ရာခိုင်နှုန်း သတ်မှတ်ထားပေမဲ့ ဒါကို အလုပ်ရှင်က ပေးဆောင်ပါတယ်။ ဝန်ထမ်းက လစာအပြည့် ရပါတယ်။ အထွေထွေ လုပ်ငန်းငယ်တွေဆိုရင်လည်း အခွန်မကောက်ပါဘူး။
မြေနေရာချပေးပြီး အတိုးနဲနဲနဲ့ ငွေချေးပေးပါတယ်။ ကာတာမှာ အနိမ့်ဆုံး ပင်စင်လက ဒေါ်လာ (၄၁၂၀) ဖြစ်ပါတယ်။
ကာတာဟာ ရာဇဝတ်မှု အနည်းဆုံးနိုင်ငံစာရင်းထဲမှာ ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ်မှာဆိုရင် စိတ်အချရဆုံး နိုင်ငံစာကင်းထဲမှာ တတိယချိတ်ခဲ့ပါတယ်။
ကာတာမှာ ခိုင်မာအားကောင်းတဲ့ ပညာသင်ကြားရေးစနစ် ရှိပါတယ်။ ကာတာ တစ်နိုင်ငံလုံး စာမတတ်သူဦးရေက (၃) ရာခိုင်နှုန်းပဲ ရှိပါတယ်။ အာရပ်ကမ္ဘာမှာ အနည်းဆုံး ရာခိုင်နှုန်း ဖြစ်ပါတယ်။
ကာတာမှာ ကောလိပ် (၈)ခု ရှိပါတယ်။ နာမည်ကြီးတက္ကသိုလ် အများအပြားရှိပြီး ဂြိုဟ်တုဆက်သွယ်ရေးစနစ်နဲ့ ချိတ်ဆက်သင်ကြားမှုတွေတောင် ရှိပါတယ်။
တကယ်လို့ ကာတာနိုင်ငံသူ/ နိုင်ငံသား တစ်ယောက်က ပြည်ပမှာ ပညာသင်ကြားချင်တယ်ဆိုရင် နိုင်ငံတော်က ထောက်ပံ့ကြေးပေးပါတယ်။
ကာတာရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကလည်း အဆင့်မြင့်ပါတယ်။ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်ရဲ့ ကျန်းမာရေးအာမခံစနစ်ရဲ့ အကျိုးကျေးဇူးကို ခံစားနိုင်ပါတယ်။
ကာတာနိုင်ငံသားတိုင်းဟာ အမြတ်အစွန်းများရရှိပြီး ပျော်ရွှင်ကြပါတယ်။ ဒါပေမဲ့ တစ်ခြားနိုင်ငံသားတွေကတော့ ဒီအခွင့်အရေးတွေကို တစ်ခုမှ မရပါဘူး။
တကယ်တော့ ကာတာနိုင်ငံရဲ့ စီးပွားရေးဟာ ပြည်ပအလုပ်သမားတွေအပေါ် မှီတည်နေတာပါ။ ဒါပေမဲ့ လုပ်ခလစာကတော့ နည်းပါးစွာ ပေးပါတယ်။ လုပ်ငန်းအားလုံးရဲ့ (၉၄) ရာခိုင်နှုန်းဟာ ရွေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အထိ အနိမ့်ဆုံး လုပ်ခလစာကို တရားဝင်သတ်မှတ်ပေးခြင်း မရှိခဲ့ပါဘူး။
ရွေ့ပြောင်းလုပ်သားတွေဟာ ကာတာကို တဖွဲဖွဲ ရောက်လာပြီး အလုပ်ရှာဖွေကြပါတယ်။ တချို့ကတော့ ကာတာရဲ့ အလုပ်ရှင် အလုပ်သမား သဘောတူညီမှုဥပဒေအရ လာရောက်ကြပါတယ်။
ဒီလို လာရောက်လုပ်ကိုင်သူတွေကတော့ လစာ အတန်အသင့် ကောင်းမွန်ကြပါတယ်။ ဒါပေမဲ့ အလုပ်ရှင်က မကြိုက်ရင် အချိန်မရွေး အလုပ်က ထုတ်ပါယ်ခံရတဲ့အပြင် ပြန်ပို့ခံရပါတယ်။
တရားမဝင်လာသူတွေကတော့ အလုပ်ရှင်က ပါတ်စ်ပို့စာအုပ်ကို သိမ်းယူထားတာတွေ ရှိပါတယ်။
တချို့ အလုပ်သမားတွေဟာ ကြောက်စရာအခြေနေမျိုးအောက်မှာ ပင်ပန်းခက်ခဲစွာ လုပ်ကိုင်နေကြရတာရှိပါတယ်။ ကုလလူ့အခွင့်အရေးအဖွဲ့ကြီးကတောင် ဒါဟာ ခေတ်သစ်ကျွန်ပြုစနစ်လို့ ဝေဖန်ခဲ့ပါတယ်။
ကာတာမှာ လိင်ခွဲခြားဆက်ဆံမှုလည်း ရှိပါတယ်။ ကျားမ တန်းတူအခွင့်အရေး မရှိပါဘူး။ ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့ ကျားမ တန်းတူအခွင့်အရေးရတဲ့ နိုင်ငံစာရင်းမှာတော့ အဆင့်က (၁၄၂) ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ထားပါတယ်။
မိန်းကလေးတွေဟာ မိဘအုပ်ထိန်းသူ သဘောတူညီချက်ရမှသာ လက်ထပ်ခွင့် ရှိပါတယ်။ ပညာသင်ခွင့်၊ အလုပ်လုပ်ခွင့်၊ နိုင်ငံရပ်ခြား ပညာသင်ခွင့်အားလုံး အုပ်ထိန်းသူ ခွင့်ပြုမှသာ လုပ်နိုင်ပါတယ်။
ကာတာနိုင်ငံသူတွေဟာ ရိုးရာဝတ်စုံကိုပဲ ဝတ်ဆင်ခွင့် ရှိပါတယ်။ လိင်တူ(LGBT) ကိစ္စတွေအတွက် သိးခြားကိစ္စတစ်ခုအဖြစ် ရှု့မြင်ကြပေမဲ့ တကယ်တော့ ဆိုးဝါးပါတယ်။
လိင်တူဆက်ဆံခွင့်ကို ကာတာမှာ ခွင့်မပြုပါဘူး။ ရှိခဲ့ရင် ထောင်ဒါဏ် (၇)နှစ်အထိ ကျခံရနိုင်ပါတယ်။ သိပ်မကြာသေးခင်က လူ့အခွင့်အရေးကိစ္စတွေ အနည်းငယ်တိုးတက်လာမှု ရှိလာခဲ့ပါတယ်။ ဒါကလည်း နိုင်ငံတကာဖိအားကြောင့် ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကာတာရဲ့ အကျိုးအမြတ်တွေ၊ ကြွယ်ဝမှုတွေကတော့ ကာတာရဲ့ လက်တစ်ဆုပ်စာ လူနည်းစု လက်ထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်လို့ တင်ပြရင်း အဆုံးသတ်လိုက်ရပါတယ်။
Knight News Team
Knight News © 2022