ပုန်းကွယ်နေသော ကမ်းခြေလို့ အသိများတဲ့ အချစ်ကမ်းခြေ အကြောင်း

ပုန်းကွယ်နေတဲ့ကမ်းခြေ (Hidden bench)လို့ လူသိ များတဲ့ ပလာရ ဒဲလ် အ‌မော် (Playa del Amor ) ကမ်းခြေ ဟာ မက္ကဆီကိုနိုင်ငံရှိ ဆိပ်ကမ်းမြို့လည်းဖြစ်

အပန်းဖြေစခန်းလည်းဖြစ်တဲ့ ပူရာတို ဗယ်လာတာ( Puerto Vallarta) မြို့ရဲ့ အနောက်ဘက် ၂၂ မိုင်အကွာမှာတည်ရှိနေပါတယ်။

Playa del Amor ဆိုတာ စပိန် နာမည် ဖြစ်ပြီး အဓိပ္ပါယ်ကတော့ အချစ်ကမ်းခြေလို့ခေါ်ပါတယ်။

Banderas ပင်လယ်အော်ရဲ့ ပါးစပ်ပေါက်တစ်ခုပမာရှိနေတဲ့ ပုန်းကွယ်နေတဲ့ကမ်းခြေဟာ ပစိဖိတ်သမုဒ္ဒရာရဲ့ အပြာရောင် ရေတွေစီးဝင်နေတဲ့ သဲသောင်ပြင်တစ်ခုဖြစ်ကာ ရေလှိုင်း များအစဉ်ရိုက်ခတ်လျက်ရှိနေတာ ဖြစ်ပါတယ်။ Marieta ကျွန်းရဲ့ကမ်းခြေတစ်ခုအဖြစ်လည်း တည်ရှိနေတာ ဖြစ်ပါ တယ်။

Marieta ကျွန်းစုအတွင်းပါဝင်နေတဲ့ Hidden Beach ဟာ နာမည်နဲ့လိုက်ဖက်အောင်ပဲ မူရင်းကမ်းခြေ ကနေ တောင်စွယ် ကျောက်ဂူတွေအကြား တည်ရှိနေတာဖြစ်ပြီး အတွင်းမှာတော့ သဲသောင်ပြင်နဲ့လိုက် ဖက်တဲ့ ပင်လယ်ကမ်းခြေတစ်ခုတည်ရှိနေပါတယ်။

အနီးစပ်ဆုံး Puerto Vallarta ကနေ ယင်းကမ်းခြေကို သွားမယ်ဆိုရင်တော့ ပင်လယ်ကမ်းခြေကနေ မော်တော်ဘုတ်နဲ့ တစ်နာရီကြာစီးနင်းရမှာဖြစ်ပါတယ်။

Hidden Beach ဟာ မက္ကဆီကိုရဲ့ အဓိကနိုင်ငံခြားဧည့်သည် လာရောက်လည်ပတ်သူအများဆုံး ကမ်းခြေတွေ အနက် တစ်ခုဖြစ်ပြီး ခရီးသွားအေဂျင်စီများစွာ အခြေစိုက်နေရာတစ်ခုလည်းဖြစ်ပါတယ်။

Marieta ကျွန်းတွေဟာ ကျွန်းငယ်များစွာစုစည်းထားတဲ့ ကျွန်းစုတွေသာဖြစ်ပြီး လေ့လာမှုတွေအရဆိုရင် တော့ ရေအောက်မှာရှိတဲ့ မီးတောင်တွေပေါက်ကွဲရာကနေ ထွက်ပေါ်လာကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ယင်းကွန်းအတွင်းမှာ ပါဝင်နေတဲ့ Hidden beach ကတော့ ဗုံးဖောက်ခွဲစမ်းသပ်ချက်တစ်ခုကြောင့် ဖြစ်လာခဲ့ရတာဖြစ်ပါတယ်။ ၁၉ဝဝ ပြည့်နှစ်အချိန်လောက်ကနေစတင်ပြီ၊ မက္ကဆီကိုအစိုးရဟာ လူတွေ နေထိုင်ခြင်းမရှိတဲ့ကျွန်းတွေအပေါ်မှာ စစ်လက်နက်စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

အထူးသဖြင့် ယမ်းဘီလူးတန်ချိန်မြင့်မားလွန်းတဲ့ဗုံးတွေကို စမ်းသပ်ခဲ့တာကြောင့် Marieta ကျွန်းရဲ့ ကျောက်တောင်တော်တော်များများဟာ ကွဲပြတ်ခဲ့ရပြီး တစ်ကြိမ်မှာတော့ Hidden beach လိုနေရာမျိုးတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

၁၉၆ဝ ပြည့်နှစ်မှာတော့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Jacques Cousteau က ဦးဆောင်ပြီး Marieta ကျွန်းစုတွေအတွင်းမှာရှိတဲ့ လူသားတွေအတွက် ဘေးဖြစ်စေတဲ့စစ်လက်နက်ပစ္စည်း ဖယ်ရှားရေးလုပ်ငန်းစဉ်တွေကို မက္ကဆီကိုတပ်မတော်တာဝန် ရှိသူတွေနဲ့အတူ တွဲဖက်လုပ်ဆောင်ခဲ့ပါတယ်။

၂၀၀၅ ခုနှစ်ရောက်ချိန်မှာတော့ မက္ကဆီကို အစိုးရက လူနေထိုင်ခြင်းမရှိတဲ့ Marieta ကျွန်းစု အားလုံးကို အစိုးရရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုနယ်မြေ အဖြစ်သတ်မှတ်ကာ Parque Nacional Islas Marietas ဆိုတဲ့ အမည်ကို တရားဝင်သတ်မှတ်ပေးခဲ့ပြီး

ယင်းကျွန်းစုတွေအတွင်းမှာ နောက်ထပ်စစ်လက်နက် စမ်းသပ်ချက်တွေကိုတားဆီးခဲ့ရုံသာမက ကျွန်း ပတ်ဝန်းကျင်မှာ မှီတင်းနေထိုင်ကြတဲ့ ရေသတ္တဝါတွေ အတွက် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်၊

ကျွန်းတွေအနီးမှာ ရေကူးခြင်း၊ကယက်လှေ စီးခြင်း၊ နေပူဆာလှုံခြင်း၊ ရေငုပ်ခြင်း စတဲ့ကမ်းခြေ အပန်းဖြေနည်းတော်တော်များများကို ခွင့်ပြုပေးခဲ့ပေ မယ့် ကျွန်းစုအနီး ငါးဖမ်းခြင်းကိုတော့ တားမြစ်ခဲ့ ပါတယ်။

ယင်းကျွန်းစုတွေအနက် ထင်ရှားတဲ့ Playa del Amor မှာဆိုရင် အဆင့်မြင့်အပန်း ဖြေစခန်းအဖြစ် သတ်မှတ်ထားရှိပြီး ကမ္ဘာအရပ်ရပ်က ခရီးသွားဧည့်သည် တွေကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

Hidden beach ဟာ ကုန်းမြေ ဘက်ခြမ်းက ကြည့်မယ်ဆိုရင်တော့ မြင်နိုင်မှာမဟုတ်ဘဲ ကြီးမားတဲ့ဥမင် တစ်ခုပမာ ပစိဖိတ်သမုဒ္ဒရာရေပြင်နဲ့ ဆက်စပ်လို့တည်ရှိနေပါတယ်။

ဒီကမ်းခြေ ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၆ပေသာ မြင့်မားပြီး လာရောက်သူတွေအနေနဲ့ ရေလမ်း ကနေပဲ ဒီကမ်းခြေကိုလာရောက်နိုင်မှာ ဖြစ်ပါတယ်။ Marieta ကျွန်းစုခရီးစဉ်ကို စီစဉ်တဲ့ခရီးသွား အေးဂျင့်တော်တော်များများဟာ Hidden beach ကိုပဲ အသားပေးပြီး သူတို့ရဲ့ ဝန်ဆောင်မှုကြေးကိုရယူ လေ့ရှိပါတယ်။

Hidden beach ကို မသွားရောက်ဘဲ Puerto Vallarta ကနေ Marieta ကျွန်းတွေ ကို သွားရောက်တဲ့ ခရီးစရိတ်ကတော့ တစ်ဦးကို မက္ကဆီကို ပီဆို ၅ဝဝ ကျသင့်မှာဖြစ်ပြီး Hidden beach ကိုပါ ခရီးစဉ်ထဲ ရေတွက်မယ်ဆိုရင်တော့ ပီဆို ၁၅ဝဝ လောက်ကျသင့်မှာဖြစ်ပါတယ်။

ရေးသားသူ- ပြည့်စုံထက်ကျော်အား ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published.