အရောင်းမှားခဲ့တဲ့ ကျွန်း
ရောင်းမှား ဝယ်မှားဆိုတာ ဖြစ်တတ်ကြပါတယ်။ ဈေးကောင်းရလှပြီထင်ပြီး ရောင်းပြီးကာမှ မိမိရောင်းလိုက်တဲ့ ပစ္စည်းဟာ အလွန်တန်ဖိုးကြီးတာကို သိလိုက်ရတာမျိုးကတော့ ရောင်းမှားလို့ ပြောရမှာပါ။
ဒီတစ်ခါတော့ ဘယ်သူတွေကများ အရောင်းမှားခဲ့ကြသလဲဆိုတာ ရှာဖွေတင်ပြလိုက်ပါတယ်။
သက္ကရာဇ် ၁၈၆၇ ခုနှစ်မှာ ဖြစ်ပါတယ်။ ရုရှားတို့ဟာ အလာစကာ (Alaska) ဒေသကို အမေရိကန်ထံ ရောင်းချခဲ့ပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ (၇.၂)သန်းနဲ့ ဖြစ်ပါတယ်။ ခုခေတ်တန်ဖိုးနဲ့တွက်ရင်တော့ (၁၃၁)သန်းလောက် ရှိပါတယ်။
တကယ်တော့ အလာစကာဒေသဟာ ရုရှားတွေ နောက်ဆုံးအခြေချခဲ့တဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ သူက မြောက်အမေရိကတိုက် ဧရိယာထဲမှာ တည်ရှိပါတယ်။
ဒီနေ့မှာတော့ အလာစကာရဲ့ GDP ဟာ တစ်နှစ်ကို ဒေါ်လာ (၅၁) ဘီလီယံအထိ ရှိနေပါပြီ။ ဒါကို ရုရှားတို့က ဘာဖြစ်လို့များ ဈေးသက်သက်သာသာနဲ့ ရောင်းချခဲ့ကြတာပါလိမ့်။ စဉ်းစားစရာ ဖြစ်ပါတယ်။
အမေရိကန်တွေကရော ဒီ မယုံနိုင်စရာတန်ဖိုးနဲ့ ဘာကြောင့်များ ဝယ်ယူခဲ့သလဲ။ တကယ်တော့ ရုရှားတွေ မြောက်အမေရိကကို ဝင်ရောက်အခြေချခဲ့တာ ၁၇၀၀ ခုနှစ်တွေလောက်ကတည်းက ဖြစ်ပါတယ်။
ဒါပေမဲ့ သိပ်များများစားစားတော့ နေထိုင်ကြတာမျိုး မဟုတ်ပါဘူး။ အတိအကျ ပြောရရင် မိသားစု တစ်ရာကျော်လောက်သာ နေကြတာဖြစ်ပြီး အမဲလိုက်လို့ရတဲ့ သားကောင်တွေရဲ့ သားရေကို ရောင်းချဖို့ စုဆောင်းကြသူတွေ များပါတယ်။
၁၈၅၆ ခုနှစ်မှာတော့ စစ်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ခရိုင်းမီးယားဒေသမှာ စတင်ဖြစ်ပွားတာပါ။ ရုရှားတွေဟာ ဗြိတိသျှတို့ကို ရှုံးပြီး အောက်ကျို့ခဲ့ရပါတယ်။
ဒါကြောင့် ရှရှားဘုရင် အလက်ဇန္ဒား (၂) ဟာ အလာစကာဒေသကို ရှင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို ကျယ်ပြန့်တဲ့ ဒေသတစ်ခုဟာ ကာကွယ်ထားဖို့ ခက်ခဲတယ်လို့ သူက ယူဆလို့ပါ။
ဘုရင်အလက်ဇန္ဒားက ဗြိတိသျှကိုရော ၊ အမေရိကန်ကိုပါ အလာစကာကို ရောင်းချမယ့်အကြောင့် ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမဲ့ အင်္ဂလိပ်တွေက စိတ်မဝင်စားခဲ့ပါဘူး။ ၁၈၅၀ ခုနှစ်နောက်ပိုင်းလောက်မှာ သားမွှေးထည် ကုန်ကူးခြင်းလုပ်ငန်းကလည်း အီလည်လည် ဖြစ်နေခဲ့ပါပြီ။သားမွှေးထုတ်ယူတဲ့ ပင်လယ်ဖျံကြီးတွေကလည်း အကောင်ရေ လျော့နည်းသွားပါပြီ။
အလာစကာမှာ အခြေချနေတဲ့ ရုရှားမိသားစုတွေဟာလည်း ပြည်မက ထောက်ပံ့တဲ့ ရိက္ခာကိုသာ မှီခိုရတဲ့ အခြေအနေဖြစ်လာပါတယ်။
သဘာဝအရင်းအမြစ် မရှိတဲ့ ဒေသဖြစ်လို့ ရုရှားလူမျိုးတွေဟာ နေထိုင်ရ ခက်ခဲလာပါတယ်။ သယံဇာတကို ရှာဖွေဖို့ ရုရှားတွေ နားမလည်တာလည်း ပါပါတယ်။ ဒါကြောင့် အလာစကာကို ရောင်းချပစ်ဖို့ဆိုတာ ကျိုးကြောင်းဆီလျှော်ပါတယ်။
ဒါဖြင့် အမေရိကန်တွေကရော ဘာလိုချင်လို့ ဝယ်တာလည်း ကြည့်ရအောင်။ အမေရိကန်ရဲ့ ပြည်နယ်အတွင်းရေးမှူး ဝီလျှံဆီးဝဒ်ဆိုသူဟာ နယ်မြေချဲ့ထွင်ဖို့ပဲ အမြဲစဉ်းစားနေတာ ဖြစ်ပါတယ်။
၁၈၄၈ ခုနှစ် အစောပိုင်းကတည်းက ဆီးဝဒ်က “ကျနော်တို့ရဲ့ လူဦးရေက တိုးပွားလာမှာ ဖြစ်လို့ ဒီ လူဦးရေအတွက် လုံလောက်တဲ့ နေရာရဖို့ဆိုရင်ရေခဲပြင်တံတိုင်းကိုလည်း ဖြိုချပစ်ရမှာပဲ” လို့ ရေသားခဲ့ပါတယ်။
သူက ပစိဖိတ်ကမ်းခြေဒေသတွေအထိ ချဲ့ထွင်ဖို့ လိုလားပါတယ်။ တကယ်တော့ အလာစကာမှာ ရွှေသတ္တု၊ သားမွှေးနဲ့ ငါးဖမ်းဖို့ နေရာကောင်းတွေ ရှိပါတယ်။
ဒီထက် ပိုအရေးကြီးတာက အမေရိကန်ရဲ့ ပစိဖိတ်ဒေသကို လွှမ်းမိုးထားနိုင်ဖို့ ဖြစ်ပါတယ်။ အလာစကာဒေသဟာ ဂျပန်နဲ့ တရုပ်ကို ကုန်သွယ်နိုင်တဲ့ ရေကြောင်းအခြေစိုက်စခန်း ဖြစ်လာပါတယ်။
ဒီလိုနဲ့ အကြိမ်ကြိမ် ညှိုနှိုင်းဆွေးနွေးမှုတွေအပြီးမှာတော့ ရုရှားတွေနဲ့ ဆီးဝဒ်ရဲ့ အမေရိကန်အဖွဲ့တွေ သဘောတူညီမှု ရခဲ့ကြပါတယ်။
တရားဝင် အရောင်းအဝယ်စာချုပ်ကို ၁၈၆၇ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့မှာ တရားဝင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါတော့တယ်။ စာချုပ်အရ အမေရိကန်တို့ဟာ ဧရိယာမိုင်ပေါင်း (၅၈၆,၄၁၂) စတုရန်းမိုင်ကို ရရှိလိုက်ပါတယ်။
အမေရိကန်တချို့ကတော့ ဒါကို ရှက်စရာကောင်းတဲ့ဝယ်ယူမှုလို့ ထင်ခဲ့ကြပါတယ်။ တချို့ဆိုရင် ‘ဆီးဝဒ် အရူးထခြင်း’လို့တောင် တင်စားခဲ့ကြပါတယ်။ ဆီးဝဒ်ရဲ့ “ရေခဲသေတ္တာကြီး”လို့လည်း ခနဲ့တဲ့တဲ့ ပြောကြပါတယ်။
သတင်းစာတွေမှာလည်း ဒီ ရေခဲဖုံးနေတဲ့ဒေသကို ပိုလာဝက်ဝံဖမ်းဖို့လောက်သာ အသုံးဝင်ကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။ အမေရိကန်အများစုကတော့ ဆီးဝဒ်ရဲ့ ဝယ်ယူမှုကို ထောက်ခံကြပါတယ်။
ဝယ်ယူပြီး အနှစ်(၃၀)လောက်အထိတော့ လူဦးရေ နည်းပါးနေဆဲ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ အလာစကာဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။ ငါးဖမ်းလုပ်ငန်းတွေ အောင်မြင်လာသလို၊ ရွှေနဲ့ ကလိုဒိုက်သတ္တုတွေ တူးဖော်နိုင်ခဲ့ပါတယ်။
ရွှေရှာသူတွေဟာ ဒီဒေသကို အလုအယက် ရောက်ရှိလာကြပါတယ်။ ‘Nome’ ဒေသမှာ ရွှေအမြောက်အများ တူးဖော်ရရှိခဲ့ကြပါတယ်။
၁၉၂၀ ခုနှစ်မှာ အလာစကာမှာ မီးရထားလမ်း ဖောက်လုပ်နိုင်ခဲ့ပါတယ်။ ဒီဒေသကို ရလိုက်တာဟာ ဒုတိယကမ္ဘာစစ်အတွက်လည်း အကျိုးရှိခဲ့ပါတယ်။
၁၉၅၉ ခုနှစ်မှာတော့ အလာစကာဟာ ပြည်နယ်အဆင့် တိုးမြှင့်သတ်မှတ်ခံရပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဒီဒေသကနေ ရေနံကို ရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။
အခုတော့ အလာစကာဟာ လူဦးရေထူထပ်ပြီး တိုးတက်တဲ့ ပြည်နယ်တစ်ခုဖြစ်နေပြီ ဖြစ်ပါကြောင်း တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။
Knight News Team
Knight News © 2022